ရခိုင်ပြည်နယ်အတွင်း အရေးပါသည့် တပ်မဌာနချုပ်ကြီးများဖြစ်သော မောင်တောအခြေစိုက် အမှတ်-၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) နှင့် တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တို့အား အာရက္ခတပ်တော် (AA) က ယခုတပတ်အတွင်း ဆက်တိုက်သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီက တပ်မဌာနချုပ်နှစ်ခုကို ကြည်း၊ ရေ၊ လေ ပေါင်း၍ အပြင်းအထန်ခုခံနေရာ AA တို့က လနှင့်ချီ ထိုးစစ် ဆင် ခဲ့ပြီးနောက် နခခ ၅ ဌာနချုပ်စခန်းအား ဒီဇင်ဘာ ၈ ရက်တွင်လည်းကောင်း၊ စကခ-၅ ဌာနချုပ်စခန်းအား ဒီဇင်ဘာ ၁၄ ရက်တွင်လည်းကောင်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ AA အနေဖြင့် မောင်တောမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့အား အပြီးသတ်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့်အတွက် လိုက်လံရှင်းလင်း တိုက်ခိုက်နေရဆဲ ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
၎င်းက “တောင်ကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ-၅ တပ်မဌာနချုပ်ကို ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီ ၁၀ မိနစ် လောက်မှာ အပြီးသတ်ရှင်းလင်း တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်ပါတယ်။ လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လည်းပဲ လိုက်လံဖမ်းဆီး ရှင်းလင်းလျက်ရှိပါတယ်” ဟု ဆိုသည်။
ထို့ပြင် မောင်တောမြို့နယ်အတွင်း စစ်တပ်မှ လက်နက်တပ်ဆင်ပေးထားသည့် မွတ်စလင် (ရိုဟင်ဂျာ) လက်နက်ကိုင်အဖွဲ့ များ၏ ခုခံတိုက်ခိုက်မှုများ ရှိနေသေးသည့်အပြင် ပြည်သူများကြား အရပ်သားအသွင်ယူပြီး နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှား မှုများ ရှိနေသေးသောကြောင့် သတိကြီးကြီးထားကာ ရှင်းထုတ်နေရကြောင်းလည်း သူက ဆက်ပြောသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တပ်မနှင့် တိုင်းစစ်ဌာနချုပ်ကို တပြိုင်နက်စစ်ဆင်နေရာ မောင်တောဒေသရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်း၊ တောင်ကုတ်ဒေသရှိ အမှတ် ၅ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်ကို ရရှိခဲ့ပြီး အမ်းမြို့နယ်ရှိ အနောက်ပိုင်း စစ်ဌာနချုပ်ကိုမူ ဆက်လက်စစ်ဆင်နေသည်။
စစ်တပ်အနေဖြင့် လက်လွှတ်ခဲ့ရသည့် မောင်တောမြို့နယ်တွင် ၎င်းတို့ လေ့ကျင့်သင်တန်းပေးထားသော ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များအပေါ် အားပြုပြီး ယင်းမြို့နယ်အတွင်း တည်ငြိမ်မှုမရှိစေရန် နှောင့်ယှက်နေမည့် အခြေအနေ ရှိကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “မောင်တောသိမ်းပြီးသွားရင် ပြဿနာတခုက ဘာကျန်လဲဆိုတော့ ARSA၊ ARA၊ RSO တို့အပြင် အသစ်တခု ထပ်ပေါ်လာတာ တွေ့ရတယ်။ ဒီအဖွဲ့တွေရဲ့ လှုပ်ရှားမှုရှိတဲ့အခါကျတော့ ဒီအဖွဲ့တွေကို အားပြုပြီး စစ်တပ်ကလည်း မောင်တောကို နှောင့်ယှက်မှာဆိုတော့ အဲဒါကို နှိမ်နင်းဖို့အတွက် AA က သူ့တပ်တွေကို ချန်ထားလိမ့်မယ်ထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် AA အနေဖြင့် မောင်တောနှင့် တောင်ကုတ်မှ ထွက်ပြေးနေသည့် စစ်သားများကို လိုက်လံရှင်းလင်းနေသည်နှင့် တပြိုင်နက် အမ်းနှင့်ဂွမြို့တို့အား အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသည်။
ဂွမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၂၊ ခမရ ၅၆၃ တို့ အပါအဝင် မြို့ပတ်ဝန်းကျင်ရှိ စစ်တပ်စခန်းများ၊ ကာကင်းစခန်း များကို AA က ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှလည်း ရေကြောင်း၊ လေကြောင်း ပစ်ကူအပြင် ဧရာဝတီတိုင်းအခြေစိုက် တပ်ရင်းများအား ဂွသို့စစ်ကူပို့ကာ ခုခံနေကြောင်း သိရသည်။
AA အနေဖြင့် အမ်းနှင့်ဂွမြို့တို့အား သိမ်းပိုက်နိုင်ခဲ့ပါက ပြည်နယ်မြို့တော် စစ်တွေနှင့် တရုတ်ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့တို့သာ ကျန်ရှိတော့မည့် အနေအထားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ် ၅၀ပြည့် ရခိုင်ပြည်နယ်နေ့ တွင် အာရက္ခတပ်တော် (AA)ကို လက်နက်စွန့်ခိုင်းနေသည့် အပြင် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်နယ်မြို့တော် စစ်တွေသို့ စေလွှတ်ကာ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစေပြီး ဆန်၊ဆီ စားသောက်ကုန်များ ပေးကာ စိတ်ဓာတ်ရေးရာမြှင့်တင်မှုများ လုပ်နေသည်ကို တွေ့ရသည်။
You may also like these stories:
AA ၏ မောင်တော အောင်ပွဲက တော်လှန်ရေးအင်အားစုများ စိတ်အားတက်စေ
ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်
တောင်ကုတ်မြို့ကို AA ထိန်းချုပ်