ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်တို့သည် အထူးဒေသ (၁) ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တီ စသည့် ဒေသများကို သိမ်းပိုက်ပြီးသည့်အခါ ပူတာအိုခရိုင်တွင်း ခေါင်လန်ဖူးမြို့နယ်မှ ဌာနေပြည်သူ့စစ်စခန်းတခုကို ဒီဇင်ဘာ ၁၅ရက်က သိမ်းလိုက်ပြန်သည်။
ခေါင်လန်ဖူးမြို့နယ်သည် မေခမြစ်ဝှမ်းကို အဓိကထား ဖွဲ့စည်းထားပြီး၊ ပေတသောင်းကျော်မြင့်သည့် မေခနှင့် သံလွင်မြစ်တို့ ၏ ရေဝေတောင်တန်းကြီးများက သဘာဝအရံအတားအဖြစ် တရုတ်နိုင်ငံနှင့် ပိုင်းခြားပေးထားသည်၊ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် မချမ်းဘော့နှင့် နောင်မွန်မြို့နယ်၊ မြောက်ဘက်တွင်လည်း တရုတ်နိုင်ငံနှင့် နောင်မွန်မြို့ နယ်၊ တောင်ဘက်တွင် ဆော့လော်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့ ထိစပ်နေပြီး ၂၀၁၈- ၁၉ စာရင်းအရ လူဦးရေ ၁၄၃၀၄ ယောက်ရှိကာ ကချင်၊ ရဝမ်၊ လီဆူးတို့ အများဆုံးနေထိုင်ပြီး မြန်မာနှင့် ရှမ်းလူမျိုးတို့လည်း နေထိုင်သည်။
ယခု KIAနှင့် ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)တို့ သိမ်းလိုက်သည့် လာဟီဆင် မဆုတ်တမ်းစခန်းသည် ဆော့လော်နှင့် ခေါင်လန်ဖူးကြားတွင် ရှိပြီး စစ်ကောင်စီမှ အင်အား ၇၀ခန့်ဖြင့် တပ်စွဲထားကာ ခေါင်လန်ဖူးမြို့မှဆိုလျှင် မိုင် ၆၀ခန့် အကွာရှိ ဒထိန်ဇင်ရွာ အထက်မှ စခန်းဖြစ်သည်။
အဆိုပါ လာဟီဆင်တိုက်ပွဲတွင် လက်နက်နှင့် စစ်သုံ့ပန်းဖမ်းဆီးရမိကြောင်း လတ်တလောမှာ စခန်းမှ ထွက်ပြေးသွားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း KPF ပြောရေးဆိုခွင့်ရှိသူ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့က လန်ဆယ်သိမ်းပြီးကတည်းက KPF တပ်ဖွဲ့က သူတို့စခန်းနဲ့ ရှေ့မျက်နှာစာမှာ နေရာယူပြီး စောင့်ခဲ့တာ။ လက်နက်ချပြီးတော့ ကျနော်တို့နဲ့ပူးပေါင်းဖို့ ပြီးတော့မှ ဒေသအတွက် အတူပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ကအစ ကျနော်တို့အကြိမ်ကြိမ် ညှိနှိုင်းခဲ့တယ်၊ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် ဒီစခန်းမသိမ်းခင်လေး တနေ့ကပေါ့။ သူတို့ဘက် ကနေစပြီး ညမှာ ကျနော်တို့ကို လက်နက်ကြီးတွေ စပစ်တယ်၊ ညှိနှိုင်းနေတဲ့ကြားက အဲဒီလိုလုပ်ခဲ့လို့ ကျနော်တို့က မလွဲမရှောင်သာပေါ့နော်။ အားလုံးဝင်ပြီး သိမ်းလိုက်ရတာ” လို့ ပြောသည်။
ခေါင်လန်ဖူး ပြည်သူ့စစ်(ဌာနေ)နယ်မြေဖြစ်သော လန်ဆယ်ရွာမှာ ကချင်အထူးဒေသ-၁ နဲ့ နယ်မြေထိစပ်နေပြီး KIA နဲ့ KPF ပူးပေါင်းတပ်များ နိုဝင်ဘာလဆန်းမှာ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် ထွက်ပြေးသွားသည့် ပြည်သူ့စစ်များ သည် လာဟီဆင်စခန်းသို့ သွား၍ ပူးပေါင်းခဲ့ကြောင်း သိရသည်။
လန်ဆယ်ရွာသည် ယခင် ခေါင်လန်ဖူးမြို့နယ်အပိုင်ဖြစ်သော်လည်း စစ်အစိုးရလက်ထက် လမ်းပန်းဆက်သွယ်ရေး နယ်မြေအနေအထားအရ ပိုမိုနီးကပ်သည့် ဆော့လော်မြို့နယ်တွင်း ထည့်သွင်းခဲ့သည်။
ပူတာအိုခရိုင်အတွင်း ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးနဲ့ ဆွမ်ပရာဘွမ်မြို့နယ်တို့ပါဝင်ပြီး စစ်တပ်မှ ခလရ-၁၃၇၊ ခလရ-၁၂၈၊ ခလရ-၄၆ တို့အပါအဝင် တပ်ရင်း ၇ ရင်းခန့်နှင့် ဦးတန်ဂူးတန် ဦးဆောင်သော ရဝမ်ပြည်သူ့စစ်တို့ အဓိက လှုပ်ရှားကြသည်။
ရဝမ်ပြည်သူ့စစ်ခေါင်းဆောင် ဦးတန်ဂူးတန်မှာ ဦးစခုန်တိန့်ယိန်းကဲ့သို့ KIA မှ ခွဲထွက်လာသူတဦးဖြစ်သလို ကချင် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဖွဲ့စည်းတည်ထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တဦးလည်း ဖြစ်သည်။
နောက်ပိုင်းတွင် NDA-K မှ ထပ်မံခွဲထွက်ပြီး စစ်တပ်လက်အောက်ခံ အဖြစ် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ (Rebellion Resistance Force -RRF)ကို နောက်လိုက် ရဝမ်စစ်သားများဖြင့် တည်ထောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဦးတန်ဂူးတန်၏ အဖွဲ့သည် ခေါင်လန်ဖူး ပြည်သူ့စစ်တပ်ဖွဲ့(ရဝမ်ပြည်သူ့စစ်) ဖြစ်လာသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဦးတန်ဂူးတန်၏ ပြည်သူ့စစ်တို့သည် ပူတာအိုနှင့် ခေါင်လန်ဖူးဒေသတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ ရန်ကို အကြောင်းပြကာ ဒေသခံအရပ်သားများအား စစ်သင်တန်းတက်ရန် ဖိအားပေးကာ စစ်သားစုဆောင်းမှုများ ပြုလုပ်ခဲ့သဖြင့် ပူတာအိုခရိုင်အတွင်း ဌာနေပြည်သူ့စစ်အင်အား ရာဂဏန်းရှိကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ခန့်မှန်းသည်။
ဦးတန်ဂူးတန်၏ ပြည်သူ့စစ်တို့အား ဘက်ပြောင်းခိုလှုံပြီး ဒေသဖွံ့ဖြိုးရေး လက်တွဲလုပ်ရန် KIAနှင့် KPF တာဝန်ရှိသူ များ က ဘက်က ခေါ်သော်လည်း တုံ့ပြန်မှုမရှိခဲ့ဘူးလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကျနော်တို့ကတော့ အားလုံးဘက်ပြောင်းဖို့ပေါ့နော်၊ ရန်သူရဲ့ လက်အောက်မှာမနေဖို့၊ ကျနော်တို့ တိုင်းရင်းသား ညီအကို တွေ အချင်းချင်း ရန်သူဘက်မှာရပ်တည်တာတော့ ကျနော်တို့ မလိုလားဘူး၊ ဒါကြောင့် ပြည်သူ့စစ်တွေ၊ BGF တွေအားလုံး ကျနော်တို့နဲ့ ပူးပေါင်းဖို့ ပြောတာ ရှိပါတယ်။ သူတို့ပြောင်းလဲမှုမရှိရင်တော့ အခုလိုမျိုးလက်နက်ကိုင်ပြီးမှ တာဝန်ယူရတဲ့ အပိုင်းတွေ ရောက်သွားတာဖြစ်ပါတယ်” လို့ သူက ပြောသည်။
ခေါင်လန်ဖူးဒေသကို ယခင် စစ်အစိုးရများ လက်ထက်ကတည်းက ဒေသဖွံဖြိုးရေး လုပ်ဆောင်မှု အကြောင်းပြချက်ဖြင့် ခြေကုတ်ယူထားသဖြင့် ပူတာအိုခရိုင်တွင်း KIA၏ စိုးမိုးမှု အားနည်းနေရာ ယခုမှသာ စစ်ရေးစတင်သည့် အခြေအနေဖြစ် ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
သို့သော် ပြည်နယ်အစွန်အဖျားရှိ ပူတာအိုနှင့် မြစ်ကြီးနားလမ်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့အား KIA ပူးပေါင်းတပ်များက သိမ်းထားပြီးဖြစ်သလို နယ်မြေဆက်စပ်နေသည့် ကချင်အထူးဒေသ-၁ ကိုလည်း သိမ်းနိုင်ပြီဖြစ်၍ မြေပြင်လမ်းကြောင်း တစုံတရာ ဖြတ်တောက်ထိန်းချုပ်ထားနိုင်သော အခြေအနေဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
ပူတာအို အခြေစိုက် ခလရ-၄၆ တပ်ရင်း လက်အောက်ခံဗျူဟာအခြေစိုက်သည့် ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ KPF ပူးပေါင်းတပ်များက ယခုနှစ် မေလကတည်းက သိမ်းပိုက်ထားပြီး ဖြစ်သည်။
ထို့အတွက် ပူတာအိုခရိုင်အတွင်း ဌာနေပြည်သူ့စစ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ခါကာဘို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့က စစ်တပ်လက်အောက်ခံအဖြစ်က ရုန်းထွက်ပြီး လက်နက်ချပူးပေါင်းကြဖို့ ထပ်မံ တိုက်တွန်းပြောကြားထားသည်။
ဦးစောနွဲ့ခွန်ဆိုင်ခမ်းက “ပူတာအိုမှာလည်း ကျနော်တို ကိုယ့်ညီအကိုအချင်းချင်း မလုပ်ချင်ဘူး၊ ဒါပေမယ့် စစ်ကောင်စီကို အမြစ်ပြုတ်တိုက်မယ့် တော်လှန်ရေးအင်အားစုရဲ့ ရည်မှန်းချက်ကို တော့ မလွဲမရှောင်သာ လုပ်ရမယ်၊ သူတို့က စစ်ကောင်စီနဲ့ပဲ ရောပြီးနေတာ့ နေမယ် ပူးပေါင်းတယ်ဆိုရင် သူတို့လည်း စစ်ကောင်စီနဲ့ တစိတ်တဝမ်းထဲ ဆိုပြီးမှ သတ်မှတ်ရပါလိမ့်မယ်” လို့ သတိပေးသည်။
ပူတာအိုခရိုင်သည် အရှေ့ဘက် တရုတ်နိုင်ငံ၊ အနောက်ဘက် အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတခုဖြစ် သည်။
“ကချင် အထူးဒေသ-၁ ကိုတောင်သိမ်းပြီးပြီဆိုတော့ ဒါကလည်း တော်လှန်ရေးအင်အားစုရဲ့ ဘုံရည်မှန်းချက်ဖြစ်တယ်၊ ဒါကြောင့်မလို့ ပူတာအို ဘယ်အချိန်ဝင်မလဲဆိုတာတော့ စစ်ရေးအပိုင်း လုံခြုံရေးကိစ္စဖြစ်လို့ ပြောလို့မရဘူး၊ ဒါပေမယ့် ရှေ့မှာပြောသလို တော်လှန်ရေးအင်အားစုရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်ကောင်စီပြုတ်ကျရေးကတော့ နေရာဒေသအားလုံး ဝင်ရောက်ပြီးတော့ လုပ်သွားဖို့ ရည်မှန်းချက်ကတော့ ခိုင်မာနေဆဲပါ၊ ဒါကဘယ်လိုမှ ရပ်တန့်သွားမယ့်ကိစ္စ မဟုတ်ဘူး” လို့ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ဧရာဝတီကို ပြောသည်။
You may also like these stories:
ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း
မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ခလရ ၅၈ စခန်းကို KIA သိမ်းပိုက်
မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ခလရ ၅၈ စခန်းကို KIA သိမ်းပိုက်
ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်
လေးလအတွင်း စစ်ကောင်စီစခန်း ၂၀၀ သိမ်းပိုက်ဟု KIA ပြော