စစ်ကောင်စီက လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ဆိုကာ ဒု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများဖြင့် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
ယင်းကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ ဒုဥက္ကဋ္ဌ ၁ အဖြစ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၊ ဒုဥက္ကဋ္ဌ ၂ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတို့ ပါသည့် အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်မရှင်၏ လုပ်ပိုင်ခွင့်များကို သီးခြား ထုတ်ပြန်မည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် လျှပ်စစ်မီးမမှန်သလို ရန်ကုန်မြို့ကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေသည့် စက်မှုဇုန်များကိုပင် တရက်လျှင် လျှပ်စစ်မီး ၄ နာရီ ပြည့်အောင် မပေးနိုင်သည့် အခြေအနေတွင် ယခုလို ကော်မရှင်ဖွဲ့စည်းလိုက်ခြင်းမှာ အရာရောက်မည့် လုပ်ရပ် မဟုတ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုဝေဖန်သည်။
ပြည်တွင်းရှိ စက်မှုဇုန်လုပ်ငန်းရှင်တဦးက “ အခု မီးက အရှင်းမလာတာ များတယ်။ အခုဖွဲ့လိုက်တာ အကျိုးပြုလား မပြု လားတော့ ပြောရစောသေးပေမယ့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးဖို့ဆို တချို့ဥပဒေတွေက ပြင်မှ ရမှာ၊ ကော်မရှင်တခုဖွဲ့ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါ်လို့မရဘူး။ နောက်တခုက နိုင်ငံခြားငွေ လဲလှယ်တဲ့ဈေးကွက် ဒီမှာ ဈေးနှစ်မျိုး သုံးမျိုး ဖြစ်နေတာ၊ ဘယ်သူက လာရဲမှာလဲဆိုတော့ ဒါတွေပြင်ပြီးမှသာ ရမယ်။ ကော်မရှင်ဖွဲ့တာ မဖွဲ့တာ သိပ်မထူးဘူးလို့ ထင်တာပဲ”ဟု သုံးသပ်ပြောသည်။
ယင်းကဲ့သို့ စက်မှုဇုန်များကို တရက်လျှင် လျှပ်စစ်မီး ၄ နာရီပေးမည်ဟု ကြေညာထားသော်လည်း ယခုအခါ ၄ နာရီ အပြည့်မပေးနိုင်၍ လုပ်ငန်းရှင် အများစုမှာ ဆိုလာတပ်ဆင်ခြင်း၊ မီးစက်ဖြင့် လုပ်ငန်းလည်ပတ်ရခြင်း များကြောင့် စက်ရုံ တရုံ၏ ကုန်ကျစရိတ်မှာ ယခင်ကထက် ထက်ဝက်ကျော် မြင့်တက်လာပြီး လုပ်ငန်းအကြီး အသေးပေါ်မူတည်၍ ကုန်ကျစရိတ် ကွာခြားမှုရှိကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “စက်သုံးဆီက အခုက ဝယ်ရ ခက်ခဲတဲ့အခြေနေမဟုတ်တော့ ဝယ်လို့ရတယ်။ အဓိကတော့ မီး ပဲ မလာတာပေါ့။ ဒါကြောင့် ဆိုလာတွေ စက်ရုံတိုင်းလိုလို တပ်နေကြတယ်။ ခုဆို စက်ရုံ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက် ပြောင်းပြီး တပ်ပြီးကြပြီ။ အခု ဒီကော်မရှင်ကို ဖွဲ့တာတော့ အသံတော့ မကြားလိုက် ရဘူး။ ဖွဲ့တော့ရော ဘာထူးမှာလဲ၊ ဘာမှမှ မထူးတာ။ မီးကမလာဘူးလေ။ လုပ်ငန်းတွေအားလုံး စစ်ကောင်စီရဲ့ ထိန်းချုပ်မှ အောက်ပဲ ဆက်လုပ်ရမယ်ဆိုရင် ဘာမှတော့ မထူးမယ်လို့ ကျနော်တို့မမြင်ပါဘူး။ တခုပဲရှိတယ်၊ လုပ်ရကိုင်ရ ပိုကျပ်လာ မယ်”ဟု ပြောသည်။
လျှပ်စစ်မီးမရရှိသောကြောင့် မီးစက်ဖြင့် မောင်းနှင်ရာတွင် လူတထောင်ရှိသည့် စက်ရုံတရုံသည် တရက်လျှင် ပျမ်းမျှ ၁၀ နာရီ အလုပ်လုပ်ကိုင်ပါ စက်သုံးဆီ ၁ ပေပါခွဲမှ ၂ ပေပါကြားအထိ ကုန်ကျသဖြင့် တရက် ဆီဖိုးမှာ ၃၅၀,၀၀၀ ကျပ် ကုန်ကျစရိတ်ရှိကြောင်း ၎င်းက ပြောသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ တရက်လျှင် ၅,၅၀၀ မဂ္ဂါဝပ် ရှိသော်လည်း ၂,၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် တနိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ကြောင်း ပြီးခဲ့သည့် မေလအတွင်း ထုတ်ပြန်ထားသည်။
တနိုင်ငံလုံးအနေဖြင့် နေပြည်တော်နယ်မြေတခုသာ ၂၄ နာရီ လျှပ်စစ်မီးရရှိပြီး ရန်ကုန်အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ် များမှာ လျှပ်စစ်မီး လုံလောက်စွာ မရရှိသည့်အခြေအနေဖြစ်သလို စစ်ပွဲဖြစ်ပွားရာဒေသများတွင် လျှပ်စစ်မီး လုံးဝမရရှိသလောက်ဖြစ်ကာ စစ်ကောင်စီက မီတာခများကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ နှစ်ဆတိုး ကောက်ခံသောကြောင့် ပြည်သူများ အခက်အခဲ ကြုံနေရသည်။
ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း ဂက်စ်တာဘိုင်များ စွမ်းအားပြည့်လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့ရည် (LNG)ကို ဝန်ကြီးဌာနအစီအမံနှင့် ပြည်ပမှ တင်သွင်းပြီး လည်ပတ်မည်ဆိုပါက လျှပ်စစ်ဓာတ်အား တယူနစ်လျှင် ၄၀၀မှ ၅၀၀ ကျပ် ခန့်မှန်း ကုန်ကျနိုင်သောကြောင့် လုပ်ငန်းများအတွက်သင့်တင့်မျှတသော နှုန်းထားသစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် လုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားကို ကောက်ခံခဲ့ရာ လုပ်ငန်းရှင်များဘက်က ပေးနိုင်ကြောင်း၊ မီးမပြတ်ရန်အာမခံချက်သာ လိုကြောင်း ပြောကြားခဲ့သော်လည်း ယင်းအစီစဉ်ကို ယနေ့အထိ စစ်ကောင်စီက အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် လျှပ်စစ်မီး လုံလောက်စွာမရရှိခြင်း၊ လုပ်သားခက်ခဲခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းစသည့် အခက်အခဲများစွာ ကြောင့် စက်မှုဇုန် တချို့ရှိ နိုင်ငံသားပိုင် လုပ်ငန်းအသေး ၂၀ ရာခိုင်နှုန်း နီးပါး ရပ်နားထားရသည့် အခြေအနေများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံဓာတ်အားလိုင်း၏ ၅၀ ရာခိုင်နှုန်းအထိကို ပြည်တွင်းထုတ် ဓာတ်ငွေ့ဖြင့် ထုတ်လုပ်နေကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ဓာတ်ငွေ့ကုန်ခန်းသွားမည်ဟု မျှော်လင့်ရကြောင်း မြန်မာ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာန အကြံပေးဟောင်း ဂီးယိုမာ ဒေ လန်ဂျရေ (Guillaume de Langre) က Insight Myanmar အမည်ရှိ Podcast အစီအစဉ်တခုတွင် ပြောသည်။
၎င်းက “မြန်မာမှာ လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းထုတ်ဖို့သုံးတဲ့ လောင်စာက ကုန်ခန်းတော့မယ်။ ဒါကို အစားမထိုးဘူး။ ဒါကြောင့် ဒီနေ့ ကျနော်တို့ မေးရမယ့် မေးခွန်းက ဓာတ်အားထုတ်လုပ်မှု ထက်ဝက်ပျောက်ကွယ်သွားရင် မြန်မာမှာ စီးပွားရေးကို ဘယ်လို လည်ပတ်မလဲ ဆိုတာပဲဖြစ်တယ်” ဟု ပြောသည်။
ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများသည် ကုန်ကြမ်းပစ္စည်း၊ သွင်းအားစု တင်သွင်းမှုနှင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ပြည်တွင်း ဝယ်လိုအားနည်းခြင်းနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် စီးပွားရေး မရေရာမှုကြောင့် အနည်းငယ် ကျုံ့သွားဖွယ်ရာရှိသည်” ဟု ယခုနှစ် ဒီဇင်ဘာထုတ် ကမာ္ဘ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ ၂၀၂၁-၂၂ခုနှစ် အောက်တိုဘာမှ မတ်လအတွင်း ကန်ဒေါ်လာ ၆၄၂ဒသမ ၀၈၄ သန်းရှိရာမှ ယခု ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၅ ဧပြီမှ အောက်တိုဘာအထိ ၇ လအတွင်း ကန်ဒေါ်လာ ၂၂၆ သန်းကျော်သာရှိရာ နှစ်အလိုက်စာရင်းများအရ ၂၀၂၁ အာဏာသိမ်းပြီးနောက် အနိမ့်ဆုံးအခြေအနေ ဖြစ်သည်။
You may also like these stories:
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော
လျှပ်စစ်မီး၊ စက်သုံးဆီ အခက်အခဲကြောင့် မန္တလေးရှိ အိမ်တွင်းလုပ်ငန်းများ ရပ်နား
မြန်မာ့စီးပွားရေး ပိုမိုဆိုးရွားမည်ဟု ကမ္ဘာ့ဘဏ်ပြော
စက်မှုဇုန်လုပ်ငန်းများကို မီတာခ ၂ ဆကျော်တိုးကောက်၍ မီးပေးရန် စီစဉ်
ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ