စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ပြည်ပသို့အကြောင်းအမျိုးမျိုးနှင့် ထွက်ခွာသည့်လူငယ်လူရွယ်များ ပြားလာရာ အထည်ချုပ်လုပ်ငန်းများမှာ လုပ်သားအင်အားမရှိတော့သဖြင့် အော်ဒါအမှာများ လက်မခံနိုင်သည့် အခြေအနေ ကြုံတွေ့နေရကြောင်း သိရသည်။
လုပ်သားသစ်ထပ်မံခေါ်ယူ၍မရခြင်း၊ ကျွမ်းကျင်ဝန်ထမ်းရှားပါးခြင်းစသည့် အခက်အခဲများကြောင့် စက်ရုံများ ထုတ် လုပ် မှုပမာဏမှာ ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ဆိုသည်။
ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “လုပ်သားအင်အားက တောက်လျှောက်ခက်ခဲနေတာ။ အဓိကက ဘာလဲဆို တော့ လူငယ်လူရွယ်တွေမရှိတော့တဲ့ ပြဿနာပေါ အလုပ်လုပ်မယ့်သူ မရှိဘူး။ အခုက စစချင်း အထည်ချုပ် လုပ်တဲ့ အချိန်တုန်းက အခြေအနေဖြစ်သွားတယ်။ အဲဒီအချိန်ကဆိုရင် အထည်ချုပ်ထဲဝင်တဲ့သူက ရှားပြီး လယ်လုပ်တဲ့သူပဲ များတယ်။ စပါးပေါ်ချိန်ဆို တပြုံလိုက်ကြီး ထွက်၊ စပါးစိုက်ချိန်ဆို ထွက်၊ ပြီးမှ အထည်ချုပ်ကို ပြန်လာတယ်။ အဲဒီလို အခြေအနေတောင် ဖြစ်သွားတယ်။ ၁၀ နှစ် ၁၅ နှစ်လောက် အနောက်ပြန်ဆုတ်သွားတဲ့သဘောပေါ့” ဟု လက်ရှိ အခြေ အနေကို ဧရာဝတီသို့ ပြောသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာသော ကုန်ဈေးနှုန်းနှင့်အလုပ်သမားများ၏ လစာငွေမှာ မလုံ လောက်ခြင်းအပြင် စစ်မှုထမ်းရန် လူသစ်စုဆောင်းမှုများကြောင့် အထည်ချုပ်အလုပ်သမားများမှာ ပြည်ပသို့ သွားရောက် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းရှင်တဦးက “အခုက စိုက်ပျိုးရေးလုပ်တော့လည်း ဒီလူတွေပဲ စိုက်ပျိုးရေးမလုပ်ဘဲနဲ့ အထည်ချုပ်ထဲ ဝင်တယ်ဆိုလည်း ဒီလူတွေပဲ လုပ်သားသပ်သပ်ရယ်လို့ မရှိတော့ဘူး။ ကျွမ်းကျင်လုပ်သားဆို ပိုဆိုးတာပေါ့။ အခုဆိုရင် တခြားနိုင်ငံတွေမှာလဲ လုပ်သားလိုအပ်ချက်တွေ ရှိတော့ ကျွမ်းကျင် လုပ်သားတွေက လမ်းကြောင်းတွေ အမျိုးမျိုးနဲ့ သွားကြတာပေါ့။ ကိုယ်က သင်တန်းလုပ်ပေးလိုက်ရင် သူများအတွက် လုပ်ပေးလိုက်သလို ဖြစ်နေတာ။ ကုန်ထုတ်လုပ်မှု ပိုင်း မှာ ထိခိုက်တာမျိုးတွေ ရှိလာတယ်။ အခုဆိုရင် အော်ဒါက တောက်လျှောက်လာနေတယ် ကိုယ်က လက်မခံနိုင်ဘူး။ ဘာလို့ လက်မခံနိုင်လဲဆိုရင် လူမှ မရှိတာ” ဟု ရှင်းပြသည်။
လုပ်သားရှားသဖြင့် ရှိသည့်လုပ်သား အချိန်ပိုဆင်းခိုင်းပါက လူသားရင်းမြစ်ဖြင့် လုပ်ရသော အလုပ်ဖြစ်၍ လုပ်နိုင်စွမ်းများ ကျဆင်းပြီး ကုန်ကျစရိတ် ပိုတက်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းများနှင့် ရင်နေရပြီး နောက်ဆက်တွဲ ပြည်ပအမှာစာများကို ပြည်တွင်းစက်ရုံများမှလက်ခံနိုင်စွမ်း ကျဆင်းလာကြောင်း ၎င်းကဆိုသည်။
ဆက်လက်၍ ၎င်းက “အလုပ်ရှင်ဘက်ကလည်း Customer ဆီက အော်ဒါရှိတဲ့အချိန် မယူထားရင် နောက်ပိုင်း ဒီ Buyer က ဘယ်ပေးတော့မလဲ။ အော်ဒါရပေမယ့် လူခေါ်လို့ မရတာတို့ဘာတို့ဖြစ်သွားရင် Buyer က အော်ဒါ မချတော့ဘူး။ သူက ယူလာတာအထည်က ၅ သိန်း တပုံစံထဲကို စက်ရုံ ၁၀ ရုံလောက်ပေးရတယ်ဆိုရင် သူလည်း (Buyer) ခေါင်းခဲတယ်။ အထည် ၅ သိန်းလာရင် အထည် ၅ သိန်းလုံး ချုပ်နိုင်တဲ့ ရုံကိုပဲ ပေးချင်တာပေါ့။ ဒီအခြေအနေကြောင့် ရုံ အသေးတွေက ဘယ်လိုမှ အော်ဒါမရတော့ဘူး လူခေါ်လို့မရတော့ဘူးဆိုတော့ ပြဿနာ စတက်သွားတာ” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများတွင် လုပ်သား ၅၀၀ အောက်ရှိ စက်ရုံငယ်များမှာ လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်း၊ လုပ်သားခက်ခဲခြင်းများအပြင် Buyer အများစုက အမှာစာများ ခွဲ၍ပေးချင်သဖြင့် အော်ဒါရရှိမှုနည်းပါးပြီး ယခင် က စက်ရုံ ၁၀၀ ခန့်ရှိလျှင် ယခုအချိန်တွင် စက်ရုံ ၄၀ ပင် မရှိသည့် အခြေအနေဖြစ်လာကြောင်း ၎င်းက ပြောသည်။
ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံအလုပ်သမားတဦးက “ကျနော်တို့ စက်ရုံမှာဆို ကျွမ်းကျင်ဝန်ထမ်း နည်းပါးလာတယ်။ နောက်ထပ်ဖြည့်တဲ့ ဝန်ထမ်းတွေ ရှိပေမယ့် အလုပ်ကတော့ ထင်သလောက်တော့ မတွင်ကျယ်ဘူး။ ့ ဝန်ထမ်း ဟောင်းတွေ က ပိုပြီးတော့ အချိန်ပို ဆင်းပေး ကြရတယ်။ စက်ရုံနဲ့နီးတဲ့ဝန်ထမ်းကတော့ ကိစ္စမရှိပေမယ့် ဝေးတဲ့ဝန်ထမ်းကျတော့ အိုတီ မဆင်းဘဲ ပြန်ချင်တယ်။ ပြီးခဲ့တဲ့ တပတ်ထဲမှာ ရွှေပြည်သာ ၅ /၂ ရပ်ကွက်က အသက် ၂၆ နှစ်အရွယ် အစ်ကို တယောက် ညနေ ၅ ခွဲလောက် ရွှေယုန်ဘက်ကို မုန့်သွားဝယ်ရင်း ပြန်မလာတော့ဘူးပြောတယ်။ နဝရတ်ဈေးကတယောက် အဆွဲခံရ တယ်။ အဲဒီလိုမျိုးတွေ ကြားနေရတယ်။ အခုက ပိုဆိုးလာတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုအချိန်တွင် ပေါ်တာဆွဲခြင်းများကြောင့်လည်း အလုပ်သမားများမှာ အချိန်ပိုဆင်းများကို မဆင်းချင်သော်လည်း အလုပ် ရှင်ဘက်မှ အော်ဒါလိုအပ်ချက်ကြောင့် အတင်းအကျပ်ဆင်းခိုင်းခြင်း၊ ဝန်ထမ်းဟောင်းကျွမ်းကျင်လုပ်သားများကို ဖိအား ပေးလုပ်ခိုင်းခြင်း၊ သတ်မှတ်ထားသည့်အလုပ်စံနှုန်းထက်ပို၍ အထည်အရေအတွက် ပိုတောင်းခြင်းအစရှိသည့် လုပ်ငန်းခွင် ဖိနှိပ်မှုများ ရင်ဆိုင်နေရသလို တဖက်တွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝင်ငွေနှင့်ထွက်ငွေ မမျှတဘဲ အခက်အခဲ များနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာခြင်းအပြင် နိုင်ငံခြားငွေရှားပါးလာ၍ စစ်ကောင်စီသည် အကြောင်းမျိုးမျိုးဖြင့် လုပ်ငန်းရှင်များထံမှ ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) များ ဖြတ်တောက်လျက်ရှိရာ လက်ရှိတွင် အထည်ချုပ်လုပ်ငန်းမှရသည့် နိုင်ငံခြားငွေကိုပါ အမေရိကန် တဒေါ်လာလျှင် ၃၆၀၀ ကျပ်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ လအတွင်းမှ စတင်၍လုပ်ဆောင်သောကြောင့် ပြင်ပငွေပေါက်ဈေးနှင့်ကွာဟပြီး ဝန်ထမ်းများအား လစာတိုးပေးရန် အတွက်လည်း အခက်အခဲဖြစ်လာကြောင်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ဆိုသည်။
စစ်မှုထမ်းဥပဒေ ထွက်ပြီးနောက် အထည်ချုပ်ကျွမ်းကျင်လုပ်သားများပါမကျန် ပြည်ပသို့သွားရောက်ရာတွင် ပထမပိုင်း၌ အမျိုးသားများ ထွက်ခွာမှုများသော်လည်း ယခုအချိန်တွင် စစ်ကောင်စီခေါ်ယူမည့် စစ်မှုထမ်းအပတ်စဉ်များတွင် အမျိုးသမီး များပါ ပါလာနိုင်သည့် အခြေအနေများကြောင့် အမျိုးသမီးများပါ ပြည်ပထွက်ခွာမှု များလာခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWN) မှ ပြောရေးဆိုခွင့် ရှိသူ မအိက ဧရာဝတီသို့ ပြောသည်။
“လုပ်သားအင်အားရှားပါးနေတဲ့အချိန်မှာ ရှိတဲ့အလုပ်သမားတွေကိုအခွင့်အရေး အပြည့်အဝပေးတာ၊ လုပ်ခလစာအပြည့် အဝပေးပြီး လုပ်ငန်းရှင်တွေဘက်က ခိုင်းနေတဲ့ အခြေအနေတော့ မဟုတ်ဘူး။ လုပ်သားအင်အားရှားပါးသွားတာနဲ့ အမျှ အပြင်က ကလေးလုပ်သားတွေ လုပ်ငန်းခွင်ထဲဝင်လာတယ်။ ကျွမ်းကျင်လုပ်သားတချို့က ထွက်သွားသူတွေအစား ပိုပြီး တော့ အလုပ်လုပ်ပေးရတဲ့ အခြေအနေဖြစ်တယ်။ ဒီတော့ အိုတီတွေ အတင်းအကျပ် ခေါ်တာ၊ မဆင်းရင် အလုပ်ဖြုတ်မယ် ဆိုတာတွေ အထည်စံချိန် မပြည့်လို့ အိုတီအလကား ဆင်းပေးရတာတွေက အရင်ကထက်ပိုပြီး ချိုးဖောက်လာတယ်လို့ ပြောရမယ်” ဟု လက်ရှိ လုပ်ငန်းခွင်အတွင်း ဖြစ်နေသည့် အခြေအနေများကို ပြောပြသည်။
ထိုသို့ လုပ်ငန်းခွင်အတွင်းဖိနှိပ်မှုများ ခံနေရသဖြင့် စက်မှုဇုန်များရှိ စက်ရုံများထဲမှ တလလျှင် အနည်းဆုံး စက်ရုံ ၆ ရုံ ထက် မနည်း သပိတ်မှောက် ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး ယင်းအနက် အထည်ချုပ်စက်ရုံများမှာ အများဆုံးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယခုလို အလုပ်ရုံများအတွင်း အလုပ်သမားများ ဖိနှိပ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနသို့ တိုင်ကြားလျှင်လည်း အလုပ်ရှင်၏ပြောကြားမှုနှင့်သာ အပြီးသတ်သွားကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်သမားများထံက သိရသည်။
You may also like these stories:
စပါးဝယ်သူမရှိသဖြင့် ရခိုင်လယ်သမားများ အခက်ကြုံ
စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့
လျှပ်စစ်မီး၊ စက်သုံးဆီ အခက်အခဲကြောင့် မန္တလေးရှိ အိမ်တွင်းလုပ်ငန်းများ ရပ်နား