စစ်ကောင်စီက အောက်တိုဘာလမှာ ကောက်ခံတဲ့ လူဦးရေ သန်းခေါင်စာရင်း ကနဦး အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံ မြို့နယ် ၃၃၀ ထဲက ၁၄၅ မြို့နယ်မှာသာ ကောက်ခံတယ်လို့ ကြေညာတဲ့အတွက် နိုင်ငံပိုင်နက် ထက်ဝက် အောက်သာ ထိန်းချုပ်နိုင်ကြောင်း ဝန်ခံရာရောက်ပါတယ်။
စစ်ကောင်စီဟာ မြို့နယ် ၁၄၅ မြို့နယ်မှာ သန်းခေါင်စာရင်း အပြည့်အစုံကောက်တယ်၊ ၁၂၇ မြို့နယ်မှာ တစိတ်တပိုင်းကောက်ပြီး ၅၈ မြို့နယ်မှာ ဘာသန်းခေါင်စာရင်းမှ မကောက်နိုင်ဘူးလို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သန်းခေါင်စာရင်း ပဏာမ အစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက်နေ့က နေပြည်တော်မှ ထုတ်ပြန်ချိန်မှာ ဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာရဲ့ လက်ရှိ ခန့်မှန်းခြေလူဦးရေက ၅၁ သန်းကျော်ရှိပြီး အဲဒီထဲက ၃၂ သန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူတယ်လို့ ပြောပါတယ်။ လူ ၁၉ သန်းလောက်က သန်းခေါင်စာရင်း မကောက်နိုင်တဲ့ နေရာတွေမှာ နေထိုင်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းကို မြန်မာရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက ကူညီကြပါတယ်။
တနိုင်ငံလုံး လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းလို့ စစ်ကောင်စီက အကြိမ်ကြိမ်ပြောခဲ့ပေမယ့် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ထိန်းချုပ်မှု ဆုံးရှုံးသွားတဲ့နေရာတွေနဲ့၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက တိုက်ပွဲဖြစ်နေတဲ့ မြို့နဲ့ မြို့နယ် ဒါဇင်ပေါင်းများစွာအနက် ဘယ်နေရာကိုမှ သန်းခေါင်စာရင်း ကောက်သူတွေကို မစေလွှတ်နိုင်ခဲ့ပါဘူး။
အခု ကောက်ယူတဲ့ သန်းခေါင်စာရင်းဟာ ၁၉၄၈ ခုနှစ်မှာ နိုင်ငံလွတ်လပ်ရေးရပြီးနောက် စတုတ္ထအကြိမ် တနိုင်ငံလုံးမှာ ကောက်ယူတဲ့ သန်းခေါင်စာရင်း ဖြစ်ပါတယ်။ ပထမ နှစ်ကြိမ်ကို ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်က စစ်အာဏာရှင် နေဝင်းအောက် မှာ ကောက်ယူပြီး တတိယအကြိမ်ကိုတော့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရတုအောက်မှာ ၂၀၁၄ ခုနှစ်က ကောက်ယူတာ ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ရှိပေမယ့် အဲဒီသန်းခေါင်စာရင်း သုံးကြိမ်ကို တနိုင်ငံလုံးနီးပါးမှာ ကောက်ယူပါတယ်။
မကြုံဖူးတဲ့ ရှုံးနိမ့်မှုတွေ မြန်မာစစ်တပ် ရင်ဆိုင်ရစေတဲ့ ပြည်သူ့လက်နက်ကိုင် တော်လှန်ရေး ထိန်းချုပ်ဖို့ ကြိုးစားနေစဉ် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ အခုနောက်ဆုံးအကြိမ် သန်းခေါင်စာရင်းကို ကောက်ခံတာ ဖြစ်ပါတယ်။
အခုနှစ်မှာ ကျင်းပမယ်လို့ စစ်ကောင်စီကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် ပထမဆင့်ဖြစ်တဲ့ အခု သန်းခေါင်စာရင်း ပထမဆင့်ကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကနဦးက စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျယ်ပြန့်တဲ့ ပဋိပက္ခတွေကြောင့် စစ်ကောင်စီဟာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဒီဇင်ဘာလ ဒုတိယပတ်အထိ တိုးချဲ့ ကောက်ယူရပါတယ်။
ရန်ကုန်မြို့လယ်မှာတောင်မှ လက်နက်ကိုင်တွေ စောင့်ကြပ်ရတဲ့ သန်းခေါင်စာရင်း ကောက်ယူသူတွေဟာ သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်လို့ အချက်အလက်တွေ အမြန်ကောက်ယူရပါတယ်။
အဲဒီ သန်းခေါင်စာရင်း ကောက်ယူဖို့ ကြိုးစားမှုဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံးဖောက်ခွဲမှုနဲ့ ကျေးလက်က သန်းခေါင်စာရင်း ကောက်ယူသူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အတားအဆီး ဖြစ်နေပါတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေလက်ကို မြို့တချို့ကျဆုံးနေစဉ် အဲဒီ သန်းခေါင်စာရင်းကို ကောက်ယူတာ ဖြစ်ပါတယ်။
ပြည်သူတွေက ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိတာကြောင့် သန်းခေါင်စာရင်း ကောက်ခံသူတွေဟာ သူတို့ လုံခြုံရေးကို စိုးရိမ်ပြီး တအိမ်တက်ဆင်း မသွားနိုင်ခဲ့ပါဘူး။ တချိန်တည်းမှာပဲ ပြည်သူတွေက စစ်ကောင်စီကို အယုံအကြည် မရှိလို့ တိကျတဲ့အဖြေ မပေးတာကြောင့် သန်းခေါင်စာရင်း အချက်အလက်တွေ မတိကျပါဘူး။
စစ်ကောင်စီက ထုတ်ပြန်တဲ့ ပဏာမ အစီရင်ခံစာအရ ကောက်ယူခဲ့တဲ့ လူ ၁၅ သန်းက အမျိုးသားတွေ ဖြစ်ပြီး ၁၇ သန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။
ဒေသအရ ရန်ကုန်မှာ လူဦးရေ အများဆုံးဖြစ်ပြီး ကရင်နီ (ကယား) ပြည်နယ်မှာ လူဦးရေအနည်းဆုံး ဖြစ်ပါတယ်။
ဦးသိန်းစိန် အရပ်သားအစိုးရတုအောက် ၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်းမှာ လူဦးရေ ၅၁ ဒသမ ၅ သန်းရှိပြီး အခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာတော့ လူဦးရေ ၅၁ ဒသမ ၃ သန်းကို အနည်းငယ် ကျဆင်းသွားပါတယ်။
သူ့ရဲ့ဝန်ကြီးဌာနဟာ လူဦးရေ ကျဆင်းရခြင်းအကြောင်းအရင်းကို လေ့လာပြီး ၂၀၂၅ ခုနှစ်ကုန်မှာ အစီရင်ခံစာ အပြည့်အစုံ ထုတ်ပြန်မယ်လို့ ဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
အခုနှစ်မှာ ကျင်းပဖို့ စစ်ကောင်စီ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုဖို့ အခြေခံအဖြစ် မမှန်ကန်တဲ့ သန်းခေါင်စာရင်းကို အသုံးပြုတာ ဝေဖန်မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ ကတိပြုထားပြီး လုံခြုံတဲ့နေရာတွေမှာ အဆင့်လိုက် ကျင်းပမယ်လို့ ပြောပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta’s Preliminary Census Report Covers Less Than Half the Country ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်
သန်းခေါင်စာရင်းကောက်သူတွေကို PDF က ဖမ်းဆီးစစ်ဆေး (ရုပ်/သံ)
အာဏာရှင် ကောက်တဲ့ သန်းခေါင်စာရင်း (ရုပ်/သံ)
သန်းခေါင်စာရင်းပါ အိမ်ရှင်တို့
ဟားခါး၌ လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ CDF တိုက်ခိုက်
သန်းခေါင်စာရင်းကောက်ဖို့ ဆရာ၊ ဆရာမတွေ ခြိမ်းခြောက်ခံထားရ (ရုပ်/သံ)