အစားအစာနှင့် ရေမရှိသောကြောင့် အားအင်ကုန်ခန်းနေပြီး စာရွက်စာတမ်း အထောက်အထား မရှိသည့် မြန်မာရွှေ့ပြောင်းအခြေချ ၃၀၀ ခန့်ကို တင်ဆောင်လာသော စက်လှေ နှစ်စီးကို မလေးရှား ကမ်းခြေစောင့်တပ်က ၎င်းတို့ရေပိုင်နက်မှ မောင်းထုတ်လိုက်ကြောင်း ကမ်းခြေစောင့်တပ် ထိပ်တန်းအရာရှိတဦးက ပြောသည်။
မလေးရှားနိုင်ငံ အပန်းဖြေကျွန်း လန်ကာဝီမှ အနောက်တောင်ဘက် ရေမိုင် နှစ်မိုင်အကွာတွင် ထိုစက်လှေများကို ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရှိပြီးနောက် အစားအစာနှင့် ရေသန့်များ ပေးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
“ဒီစက်လှေတွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး နောက်ထပ် သတင်းရဖို့ ထိုင်းတရားဥပဒေစိုးမိုးရေး ဌာနတွေနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်” ဟု မလေးရှား ကမ်းခြေစောင့်တပ် ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ရော့စလီ အဗ္ဗဒူလာက ဇန်နဝါရီလ ၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြသည်။
ထိုရွှေ့ပြောင်းအခြေချများသည် မြန်မာမှ ထွက်ပြေးလာသည့် မွတ်ဆလင် လူနည်းစု ရိုဟင်ဂျာများ ဟုတ်၊ မဟုတ် ကမ်းခြေစောင့်တပ်က မဖော်ပြပေ။ ရိုဟင်ဂျာများကို မြန်မာက တောင်အာရှမှ ကျူးကျော်လာသူများဟု သတ်မှတ်ပြီး နိုင်ငံသားဖြစ်ခွင့်မပေးဘဲ အခွင့်အရေး ချိုးဖောက်မှုများ ရင်ဆိုင်ရသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် မလေးရှားရဲတပ်ဖွဲ့သည် လန်ကာဝီကျွန်း ဆိပ်ကမ်းတခုတွင် ဆိုက်ကပ်လာသည့် စက်လှေမှ စာရွက်စာတမ်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအခြေချ ၁၉၆ ယောက်ကို ဖမ်းဆီးခဲ့သည်။
ကလေး ၇၁ ဦးနှင့် အမျိုးသမီး ၅၇ ဦးပါဝင်သည့် ထိုရွှေ့ပြောင်းအခြေချများသည် ရိုဟင်ဂျာများဖြစ်သည်ဟု ယူဆရသည်။
ဖမ်းဆီးထားသည့် ရွှေ့ပြောင်းအခြေချများကို မှတ်တမ်းပြုစုပြီး ကျန်းမာရေး စစ်ဆေးကြောင့် ရဲတပ်ဖွဲ့က သီးခြား ကြေညာချက်တစောင်တွင် ဖော်ပြသည်။
ရိုဟင်ဂျာများသည် အောက်တိုဘာမှ ဧပြီလအထိ ပင်လယ်ပြင် ရာသီဥတုကောင်းပြီး တည်ငြိမ်သော ကာလများတွင် မွတ်ဆလင်အများစုရှိသည့် မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်တို့အပြင် ထိုင်း စသည့် အိမ်းနီးချင်းနိုင်ငံများသို့ ပျက်စီးယိုယွင်းနေသည့် သစ်သားစက်လှေများဖြင့် ထွက်ခွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ဒုက္ခသည် အဆင့်အတန်းကို အသိအမှတ် မပြုသည့် မလေးရှားနိုင်ငံသည် စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချများကို နှိမ်နင်းနေပြီး မကြာသေးမီ နှစ်များအတွင်း ရိုဟင်ဂျာများကို တင်ဆောင်လာသည့် စက်လှေများကို မောင်းထုတ်နေကာ ထောင်ပေါင်းများစွာကို ပြည့်ကျပ်နေသည့် ဖမ်းဆီးရေးစခန်းများတွင် ထိန်းသိမ်းထားသည်။
ကိုးကား ။ ။ Reuters သတင်း Malaysia turns back boats carrying 300 Myanmar migrants
You may also like these stories:
မလေးရှားတွင် ခရစ္စမတ်ပွဲကျင်းပစဉ် အထောက်အထားမရှိ မြန်မာများ ဖမ်းဆီးခံရ
မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး
ဆူညံ၍ တိုင်ကြားသဖြင့် မလေးရှား၌ မြန်မာအများအပြား ဖမ်းခံရ
အကြမ်းဖက် သံသယဖြင့် မလေးရှားက ဖမ်းဆီးသူ ၄ ဦးတွင် “ရိုဟင်ဂျာ” ၂ ဦးပါ