မြို့ရွာများကို ဗုံးကြဲနေသည့် စစ်ကောင်စီက ဝယ်ထားသော ရုရှားလုပ် Su-30SME တိုက်လေယာဉ် ၆ စီးအနက် နောက်ဆုံး ၂ စီးကို ၂၀၂၄ ဒီဇင်ဘာ ၁၅ရက်က အပြီးသတ်ပေးပို့လိုက်ကြောင်း ရုရှားအခြေစိုက် လွတ်လပ်သည့် သုတေသနအဖွဲ့တခုဖြစ်သော TSAMTO က ထုတ်ပြန်သည်။
အမေရိကန်ဒေါ်လာ သန်း ၄၀၀တန်ဖိုးရှိ ဆူခွိုင်းအမျိုးအစား Su-30 SME တိုက်လေယာဉ်များကို ၂၀၁၈ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ရက်နေ့က ကျရောက်သည့် ၇၇ နှစ်မြောက် တပ်မတော်(လေ)နေ့တွင် မိတ္ထီလာ လေတပ်စခန်း၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားဖြင့် လက်ခံရယူခဲ့သည်။
အဆိုပါ Su-30SME လေယာဉ်များ ဝယ်ယူရေး သဘောတူညီချက်ကို ၂၀၁၈ ဇန်နဝါရီတွင် ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာသို့ လာရောက်စဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ပထမအသုတ် Su-30SME နှစ်စီးကို ၂၀၂၂ ဒီဇင်ဘာလ၌ တရားဝင်လက်ခံခဲ့ပြီး ဒုတိယအသုတ် နှစ်စီးကို ၂၀၂၃ ဒီဇင်ဘာလတွင် ရရှိခဲ့သည်။
တပ်မတော် (လေ)မှ CDM ပြုလုပ်လာသူ တပ်ကြပ်ကြီးဇေယျ က “မောင်းယူလာတာမဟုတ်ဘူး၊ ဖိုက်တာတွေ မောင်းလာ ရင် လမ်းမှာ ပြဿနာတက်မှာ၊ တောင်ပံတွေဖြုတ်ပြီး ကုန်တင်လေယာဉ်တွေပေါ်ကို ကိုယ်ထည်တွေ တင်ယူလာတာ၊ ပညာရှင်တွေပါလာတယ် ဒီဘက်ရောက်မှ ပြန်ဆင်တာ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ မြန်မာ့လေတပ်ဝယ်ယူထားသည့် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် JF-17 Thunder တိုက်လေယာဉ်များမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသဖြင့် Su-30SME လေယာဉ်များ ဝယ်ယူရန် ဦးစားပေးခဲ့သည်။
CDM လေတပ် ဗိုလ်ကြီး ဇေသူအောင်က “SU-30 က ထူးခြားတယ်။ သူက နေပြည်တော်မှာ Base ထိုင်ထားတယ်။ နေပြည်တော်မှာ သူရဲ့ အုပ်ရှိတယ်။ သူ့ရဲ့ အုပ်ကနေ ပြီးတော့မှ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုမဆို သွားရောက်ပြီး ဗုံးကြဲလို့ရ တယ်။ အသွားအပြန်ရတယ်။ အဲဒါကတော့ ဒီလေယာဉ်ရဲ့ အားသာချက်ပေါ့။ သူကတော့ Multi Role Fighter ပေါ့။ All weather Fighter ပဲပြောပြော Multi Role Fighter ပဲ ပြောပြော မှန်ပါတယ်။ ဘယ်အချိန်မဆို ဗုံးကြဲလို့ ရတယ်” ဟု ပြောသည်။
Su-30SME သည် အမြန်နှုန်း၊ ပျံသန်းနိုင်သည့်အမြင့်နှင့် သယ်ဆောင်နိုင်စွမ်းတို့တွင် JF-17 ထက် သာလွန်သော်လည်း JF-17 ၏ အားသာချက်မှာ လည်ပတ်မှုကုန်ကျစရိတ် နည်းပါးခြင်းနှင့် ထိန်းသိမ်းရေး ပိုမိုလွယ်ကူခြင်းတို့ကြောင့် အချို့သော လေတပ်များက ပိုမိုနှစ်သက်သည်။
အဆိုပါဝယ်ယူမှုသည် မြန်မာ့ကာကွယ်ရေး မဟာဗျူဟာ၏ အရေးပါသော အစိတ်အပိုင်းတခုဖြစ်ကြောင်း စစ်ရေးလေ့လာ သုံးသပ်သူများက ဆိုသည်။
မြန်မာ့လေတပ်တွင် ရုရှားနိုင်ငံမှ MiG-29 တိုက်လေယာဉ် ၂၆ စီး၊ Yak-130 လေ့ကျင့်ရေးလေယာဉ် ၁၈ စီး၊ Mi-24 နှင့် Mi-17 ရဟတ်ယာဉ်များ၊ တရုတ်လုပ် အပေါ့စား တိုက်လေယာဉ် FTC-2000G (JL-9)၊ K-8W လေ့ကျင့်ရေး လေယာဉ် များနှင့် Y-8 သယ်ယူ ပို့ဆောင်ရေးလေယာဉ်များ ပိုင်ဆိုင်ထားသည်။
ထို့ပြင် Grob G120TP နှင့် ATR-42 ကဲ့သို့သော ဥရောပထုတ် လေ့ကျင့်ရေးနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များလည်း ရှိပြီး ရေဒါနှင့် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များကိုလည်း အချိန်နှင့်အမျှ အဆင့်မြှင့်တင်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့လေတပ်သည် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများတွင် မြေပြင်တပ်များအတွက် ထောက်ပို့ ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်းပံ့ပိုးမှုများ ပေးလျက်ရှိပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာကာ အရပ်သားထိခိုက်သေဆုံးမှုများနှင့် နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်စေခဲ့သည်။
တရုတ်နှင့် ပါကစ္စတန်ထုတ် JF-17 တိုက်လေယာဉ်များ၌ နည်းပညာဆိုင်ရာ အားနည်းချက်များကြောင့် လေယာဉ်အချို့ ပျံသန်းမှု ရပ်ဆိုင်းထားရပြီး တော်လှန်ရေးအဖွဲ့များ၏ ကာကွယ်ရေးစနစ်များကြောင့် လေယာဉ်များအတွက် အန္တရာယ်များ တိုးလာကာ ပြည်တွင်းစစ်ကြောင့် မြန်မာ့လေတပ်၏ စွမ်းဆောင်ရည်အပေါ် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။
You may also like these stories:
SU-30 ဂျက်တိုက်လေယာဉ် နှစ်စီး စစ်ကောင်စီထံ ရုရှား ပေးပို့ထား
Su-30SM တိုက်လေယာဉ်ကို ကိုယ်တိုင်ပျံသန်းမောင်းနှင်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
Su-30SM အမျိုးအစား ရုရှားတိုက်လေယာဉ် ဆီးရီးယားတွင် ပျက်ကျ