ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်အမြောက်စခန်း ကာကင်းများ ကို အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေရာ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်း ရင်းမြစ်တဦးက ပြောသည်။
ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းကစပြီး ပဒါန်းဘက်မှ အမ်းဘက်သို့သွားသည့် ရခိုင်ရိုးမအတက် ဂုတ်ကြီးရွာအလွန်ရှိ လင်းတဲ၊ စွန်တက်ရွာများရှိ ကာကင်းစခန်းတို့တွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
သတင်းရင်းမြစ်တဦးက “အမြောက်စခန်းကိုကာဖို့အတွက် လင်းတဲတို့လိုရွာတွေမှာ ကာကင်းစခန်းသေးတွေထားတာ။ အမ်းဘက်ကနေ ပဒါန်းမြို့ထဲကို ဝင်မယ်ဆိုရင် ဒီဟာတွေကို ရှင်းလင်းသွားမှရမှာ။ ဂုတ်ကြီးအထိုင်စခန်းကို ဖြိုနိုင်လို့ရှိရင် ပဒါန်းဘက်ကို ဝင်လို့ရသွားပြီ။ ၁၁ ရက်နေ့ ညနေပိုင်းကစတိုက်တာ တိုက်ပွဲမပြတ်သေးဘူး။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ရှိတယ်” ဟု ပြောသည်။
ရခိုင်နှင့်မကွေးတိုင်းအစပ်တွင် လှုပ်ရှားနေသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တဖွဲ့ကလည်း တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင် သို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ရှိနေသဖြင့် မြေပြင်တိုက်ပွဲ အခြေ အနေ အား လတ်တလော ပြော၍မရသေးကြောင်း ဆိုသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ရှိရာ အမ်းမြို့အား AA က အပြီးသတ်သိမ်းပိုက်ပြီးနောက် အမ်း-ပဒါန်းလမ်း၊ ရိုးမ ပေါ်ရှိ စစ်စခန်းများကို ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း မကွေးတိုင်းအတွင်းသို့ AA ပူးပေါင်းတပ်များ ထိုးဖောက်မလာရေး နတ်ရေကန်အမြောက်စခန်းတွင် အင်အားတိုးမြှင့်ကာ ခံစစ်ပြင်ဆင်ထားကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောထားသည်။
အမ်းတိုက်ပွဲ ပြင်းထန်နေချိန် ပဒါန်းဘက်မှ စစ်ကူစစ်ကြောင်းများနှင့် အမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများ ထိုလမ်းပေါ်တွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်ခံရသဖြင့် စစ်သားတချို့ ဖမ်းဆီးခံရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် နတ်ရေကန်အမြောက်စခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်းထွက်လာသော စစ်သား ၆ ဦးကို မျှော်စင်ရွာအနောက်ဘက် မီတာ ၂၀၀ ခန့်အကွာ၌ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အဖွဲ့က ခြုံခို တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် သေနတ်တလက် သိမ်းဆည်းရရှိခဲ့ကြောင်း ဇန်နဝါရီ ၄ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
ယမန်နှစ် ဒီဇင်ဘာ ၁၈ ရက်ကလည်း ပဒါန်းဘက်မှ ရိုးမပေါ်တက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကားလေးစီးနှင့် ကားသေးတစီးအား ဂုတ်ကြီးရွာအထက်ဘက် မီးတာ ၁ ထောင်ခန့်အကွာတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားတစီးပျက်စီးပြီး စစ်သား ၄ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း PRA-Magway က ဆိုထားသည်။

ချင်းကာကွယ်ရေးတပ်-အရှို(CDF-Ashio) အဖွဲ့ကလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၃၊ ၄ ရက်များတွင် အမ်းမြို့နယ် ဆင်ခုံတိုင်ရွာ နှင့် တောက်ဇောက်ရွာအနီး တပ်စခန်းများမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပိတ်ဆို့ဖမ်း ဆီးခဲ့ရာ စစ်သုံ့ပန်း ၁၁ ဦး ဖမ်းမိပြီး လက်နက်ငယ် ၉ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဇန်နဝါရီ ၅ ရက် ၌ ထုတ်ပြန်ထားသည်။
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ပဒါန်းတပ်နယ်တွင် အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၅) နှင့် အမြောက်တပ် အမတ-၃၇၅၊ အမတ-၄၀၉၊ အမတ-၆၀၉ တို့ အခြေစိုက်ထားပြီး ပဒါန်းမြောက်ဘက် ငဖဲ၌ ကာကွယ် ရေးပစ္စည်းစက်ရုံ ကပစ-၁၄၊ စေတုတ္တရာတွင် ကပစ-၂၀ တို့ အခြေစိုက်တည်ရှိသည်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသဖြစ်သည့် မင်းဘူးခရိုင်၊ သရက်ခရိုင်အနောက်ခြမ်း၊ ပခုက္ကူခရိုင်တို့သည့် ရှေးက ဗမာပြည်ကွန်မြူနစ်ပါတီ၏ အနောက်မြောက်တိုင်းဖြစ်ခဲ့ပြီး ဗမာ့တပ်မတော်မှ တောခိုခဲ့သည့် ဗကပ ဗိုလ်သက်ထွန်းမှ ဒေသခံအရှိုချင်းများကို စည်းရုံးကာ နှစ်ပေါင်းများစွာ အမာခံနယ်မြေအဖြစ် တည်ဆောက်ခဲ့သည်။
၁၉၈၀ ခုနှစ် ဗိုလ်သက်ထွန်း အလင်းဝင်ပြီးနောက်မှ ဒေသတွင်း တိုက်ပွဲများ ငြိမ်သက်သွားရာမှ ယခုတဖန်ပြန်လည် အစပျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
You may also like these stories:
တော်လှန်ရေးတပ်များ လက်နက်ချရန် စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် တောင်းဆို
အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ
၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ