မစ္စတာ ဒေါ်နယ်ထရမ့်သည် တည်ငြိမ်မှု သို့မဟုတ် ထိန်းသိမ်းမှုရှိသည်ဟု ထုံးစံအားဖြင့် မမြင်ကြသော်လည်း တရုတ်ကျေးလက်မှ ပန်းပုသမားတယောက်၏ အလုပ်ရုံတွင် အမေရိကန်သမ္မတ ရွေးကောက်ခံရသူ ထရမ့်၏ ပန်းပုရုပ်တု တရားထိုင်နေသည်။
အမေရိကန် ပြည်ထောင်စုတွင် သဘောထားကွဲလွဲစေမည့် ခေါင်းဆောင်ဖြစ်ရန် စောင့်ဆိုင်းနေသူ မစ္စတာ ထရမ့်၏ တင်ပလ္လင်ချိတ်ထိုင်ကာ မျက်စိတဝက် မှိတ်ထားသော ပုံစံကြောင့် ဗုဒ္ဓဘုရားကို မြင်ယောင်စေသည့် ထိုရုပ်တုသည် ဒီဇိုင်းနှင့် ပန်းပုဆရာ ဟုန်ကျင်ရှီ၏ လက်ရာဖြစ်သည်။
အရွယ်အစားပေါ် မူတည်ပြီး ၉၉၉ ယွမ်မှ ယွမ် ၂ သောင်း (အမေရိကန်ဒေါ်လာ ၁၄၀ မှ ၂,၇၀၀ အထိ) ပန်းပုဆရာ ဟုန်က ရောင်းချသည်။ ထို ဇင်ဗုဒ္ဓဘာသာ ကြွေရုပ်တုများသည် အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက် Taobao တွင်၂၀၂၁ ခုနှစ်က စတင်ပျံ့နှံ့ပြီး တရုတ်သတင်းများတွင် ဖော်ပြခံရသည်။
သမ္မတရာထူး ဒုတိယသက်တမ်းအတွက် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ထရမ့် ရာထူးလက်ခံပွဲ မတိုင်မီ ထိုကြွေရုပ်တုများ ပြန်လည် ရေပန်းစားလာသည်။
“သူ ရွေးကောက်ပွဲနိုင်ပြီး ရက်တွေမှာ လူစိတ်ဝင်စားမှု အရမ်းများတယ်” ဟု ထိုကြွေရုပ်တုများကို မူလက အပျော်အပြက်သဘော ဒီဇိုင်းပြုလုပ်ခဲ့သူ ပန်းပုဆရာ ဟုန်က ပြောသည်။
“ထရမ့်ကတော့ ထူးခြားတဲ့ကိစ္စတွေကို မကြာခဏပြောတဲ့၊ အလွန်ကြီးမားတဲ့ အွန်လိုင်းလူသိများသူ ဖြစ်ပေမယ့် နိုင်ငံရေးသမားတွေဟာ သာမန်အားဖြင့် ငြီးငွေ့စရာ ကောင်းတယ်” ဟု AFP သတင်းဌာနသို့ ၎င်းကပြောသည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ထိုကြွေရုပ်တု ရာပေါင်းများစွာ ရောင်းခဲ့ကြောင်း အသက် ၄၇ နှစ် ရှိပြီဖြစ်သော ပန်းပုဆရာ ဟုန်က ပြောသည်။
ထရမ့်၏ ကိုယ်ရည်ကိုယ်သွေးနှင့် ထိုကြွေရုပ်တုများ၏ ပုံစံသည် ဆန့်ကျင်ဘက် အစွန်းများ ဖြစ်နေသောကြောင့် ဝယ်ယူသူများကို ပြုံးမိစေသည်ဟုလည်း ၎င်းက ပြောသည်။
ထိုပန်းပုရုပ်တု တခုစီကို “သင့်ကုမ္ပဏီကို ပြန်လည် ကြီးကျယ်မြင့်မြတ်အောင် လုပ်ပါ Make your company great again” ဟု တရုတ်ဘာသာဖြင့် ထင်ထင်ရှားရှား ရေးသားထားသည့် ထုပ်ပိုးပစ္စည်းဖြင့် ထုတ်ပိုးထားသည်။ အမေရိကကို ပြန်လည် ကြီးကျယ်မြင့်မြတ်အောင် လုပ်ပါဆိုသည့် ထရမ့်၏ လူသိများသော ကြွေးကြော်သံကို ပြန်လည် ပြင်ဆင်ထားခြင်း ဖြစ်သည်။
ပုံတူကူးထားသည့် ရုပ်တုများလည်း အမေရိကန် ပြည်ထောင်စုမှ Amazon နှင့် တရုတ်ပိုင် Temu ဈေးရောင်း ပလက်ဖောင်းများတွင် ပေါ်လာပြီး ၄၅ ဒေါ်လာအထိ ရောင်းချကြသည်။

ဒုံးပျံလူသား အသေးစား
“အာဏာပိုင်ခေါင်းဆောင်တွေနဲ့ ကျော်ကြားသူတွေက ဟာသလုပ်ရတာ ရယ်စရာကောင်းတယ်” ဟု သူ၏ အသေးစား စတူဒီယိုတွင် ခြေဗလာဖြင့် ထိုင်နေရင်း ပန်းပုဆရာ ဟုန်က ပြောသည်။
ဟုန်၏ ချောင်ချိသော အဖြူရောင် အဝတ်အစား၊ ခေါင်းတုံး တုံးထားသည့် ဦးခေါင်းနှင့် ညင်သာစွာ ပြောဆိုသည့် သဘာဝသည် သူထုလုပ်သည့် အရာများ၏ ထူးခြားသောအရာများနှင့် အနည်းငယ် တူသည်။
အခြား အမေရိကန် ကျော်ကြားသူတဦးဖြစ်သည့် အီလွန်မတ်စ်၏ အလားတူ ရုပ်ပြောင်ကိုလည်း သူက ဒီဇိုင်း စတင်လုပ်နေသည်။ အီလွန်မတ်စ်သည် ထရမ့်အစိုးရတွင် အဓိကအခန်းမှ ပါဝင်ရန် စီစဉ်ထားသည်။
ရုပ်တုတွင် အငြင်းပွားစရာ ဘီလျံနာ အီလွန်မတ်စ်ကို Marvel မဟာသူရဲကောင်း Iron Man ပုံစံဖြင့် ပုံဖော်ပြီး သတ္တုသံချပ်ကာ ထူးဆန်းသောဝတ်စုံကို ဝတ်ဆင်ပေးထားသည်။
သို့သော် ပန်းပုဆရာ ဟုန်၏ ရုပ်တုတွင် SpaceX ၏ နဂါးငွေ့တန်း ရည်မှန်းချက်များကို သင်္ကေတပြုရန် အီလွန်မတ်စ် ခြေထောက်ကြားမှ ကြီးမားသော ဒုံးပျံကြီးတခု ထိုးထွက်နေသည်။
လေးစားမှုနှင့် လှောင်ပြောင်မှုအကြား ခြေကျွံမှု ရှိသော်လည်း ဟုန်က သူသည် ရှန်ဟိုင်းတွင် အလွန်ကြီးမားသည့် လျှပ်စစ်မော်တော်ယာဉ် စက်ရုံကြီး တည်ဆောက်ထားသော တရုတ်တွင် ရောင်းအားကောင်းနေသည့် Tesla ပိုင်ရှင် မတ်စ်ကို အလွန်လေးစားကြောင်း ပြောသည်။
“မတ်စ်ရဲ့ ဒုံးပျံတွေက အံ့သြဖွယ်ရာပဲ။ သူ၏ ဒုံးပျံဈေးကိုလည်း အကြီးအကျယ် လျော့ကျစေတယ်” ဟု AFP သတင်းဌာနသို့ ၎င်းက ပြောသည်။
“တသီးပုဂ္ဂလ လုပ်ငန်းရှင်အဖြစ် အီလွန်မတ်စ် လုပ်ခဲ့တာတွေက နိုင်ငံတနိုင်ငံလုံးတောင်မှ မလုပ်နိုင်တဲ့ အရာပဲ” ဟု ပန်းပုဆရာ ဟုန်က ပြောသည်။
ဇင်ဝါဒနှင့် အညမည သဘောတရား
တရုတ်နှင့်ပတ်သက်သည့် ထရမ့်၏ မူဝါဒများကို မှတ်ချက်ပေးရန် ပန်းပုဆရာ ဟုန်က ငြင်းဆန်ပြီး ထိုကိစ္စသည် အာရှနိုင်ငံများတွင် ထိရှလွယ်သောကိစ္စ ဖြစ်သည်။
သို့သော် ထရမ့် ရာထူးလက်ခံပွဲ ဇန်နဝါရီလ ၂၀ ရက်နေ့နောက်ပိုင်းတွင် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာမည်ဟု အများက ထင်ကြသည်။
မဲဆွယ်ပွဲအတွင်း မစ္စတာ ထရမ့်သည် တရုအစိုးရနှင့် ပတ်သက်၍ တင်းမာသော သဘောထားရှိပြီး တရုတ်မှ သွင်းကုန်များကို ပိုမိုမြင့်မားသည့် အခွန်ကောက်မည်ဟု ကြိမ်းဝါးထားသည်။
မစ္စတာ ဒေါ်နယ်ထရမ့်သည် သမ္မတရာထူး ပထမ သက်တမ်းအတွင်းကလည်း အထိနာသော ကုန်သွယ်ရေး စစ်ပွဲအတွင်း ပြင်းထန်သော အခွန်များကို ယခင်က ချမှတ်ပြီး ထိုအခွန်များကို နောက်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အများအားဖြင့် ဆက်လက် ထိန်းသိမ်းထားသည်။
ထရမ့်သည် ရန်လိုသော စကားများဖြင့်လည်း တရုတ်ခေါင်းဆောင်များကို ဒေါသထွက်အောင်လုပ်ပြီး အမေရိကန် ကုန်ထုတ်လုပ်ငန်းများ ကျဆင်းခြင်းအတွက် တရုတ်ကို အပြစ်တင်ခြင်းနှင့် ကိုဗစ်နိုင်တင်း ဖြစ်စေသည့် ဗိုင်းရပ်စ်ကို “တရုတ်ဗိုင်းရပ်စ်” အဖြစ် ခေါ်ခြင်းသည် မှတ်သားစရာ ဖြစ်သည်။
သို့သော် အသက် ၇၈ နှစ်ရှိပြီဖြစ်သော မစ္စတာ ထရမ့်ကို သတိထားမိသူ အများအပြား တရုတ်တွင် ရှိနေဆဲ ဖြစ်ပုံရသည်။
“သူက အရင်ကလိုပဲ ရယ်စရာကောင်းမယ်လို့ ကျနော် ထင်နေတုန်းပဲ။ သူသမ္မတဖြစ်နေတုန်းက နေ့တိုင်း စိတ်ဝင်စားစရာ သတင်းရှိတယ်” ဟု ဟုန်က ပြောကြားသည်။
လူစိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာသော်လည်း ပန်းပုဆရာ ဟုန်သည် ထရမ့်ရုပ်တုများကို တရုတ်ဝက်ဘ်ဆိုက်များက ဖယ်ရှားထားသည့်နောက်တွင် ဆက်လက် ရောင်းချခြင်း မရှိတော့ပေ။ ဗုဒ္ဓဘာသာဝင်များကို စော်ကားသည့်သဘော သက်ရောက်သောကြောင့် ထိုသို့ ဖြုတ်ချခြင်းဖြစ်မည်ဟု သူထင်ကြောင်း ပြောသည်။
သို့သော် ဟုန်၏ အလုပ်ရုံသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များနှင့် မိတ်ဆွေနှင့် အသိများထံမှ အမှာစာများ ဆက်လက် ရောက်လာနေသည်။
“အခု သူ ပြန်လည် ရွေးကောက်ခံရတော့ အဲဒီရုပ်တုက တခါ ပြန် ရေပန်းစားလာတယ်” ဟု ပန်းပုဆရာ ဟုန်က ပြောသည်။
ထိုသို့ဖြစ်ရခြင်းမှာ “ထရမ့်က နောက်ခံဇာတ်လမ်း အများရှိတဲ့သူမို့လို့” ဟု သူထင်ကြောင်းလည်း ဆက်လက် ပြောကြားသည်။
(AFP သတင်း Chinese Artist Cashes In on Buddha-Like Trump Statues ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေါ်နယ်ထရမ့်၊ တရုတ်နဲ့ မြန်မာ အရွေ့ (ရုပ်/သံ)
တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား
ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား
အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး
ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်