ထိုင်းနိုင်ငံကို အမြတ်ထုတ် အသုံးချနေသည့် ဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများကို တိုက်ဖျက်ရန် ပိုမိုတင်းကျပ်သည့် နယ်စပ်ထိန်းချုပ်မှုကို အတိုက်အခံဘက်က တိုက်တွန်းသည်။
ပြည်ပမှ ဆက်သွယ်ရေး လိမ်လည်မှုနှင့် လူကုန်ကူးမှုဂိုဏ်းများက ထိုင်းနိုင်ငံကို ကြားခံအဖြစ် အသုံးပြခြင်းအား တားဆီးရန် အထူးစောင့်ကြည့်သည့်ဇုန်များ ထူထောင်ရေးအတွက် အတိုက်အခံ ပါလီမန်ကိုယ်စားလှယ်တဦးက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အဆိုပြုသည်။
ပြည်သူ့ပါတီ (PP) ပါလီမန်ကိုယ်စားလှယ် အောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားသေနင်္ဂဗျူဟာများနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ ရန်စီမန် ရုမ်းက ထိုအဆိုပြုချက်ကို တင်သွင်းသည်။
သူ၏ အောက်လွှတ်တော်ကော်မတီသည် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ အပါအဝင် လုံခြုံရေးဌာနများမှ ကိုယ်စားလှယ်များကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ကြောင်း မစ္စတာ ရန်စီမန် ရုမ်းက ပြောသည်။ ထိုင်းနိုင်ငံကို ကြားခံနေရာအဖြစ် ပြည်ပရာဇဝတ်ဂိုဏ်းများ အသုံးပြုခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ဖွေထိုင်းပါတီ ဦးဆောင်သည့် အစိုးရသည် ရှင်းလင်းသော စီမံချက်များ မရှိသည်ကို တွေ့ရသောကြောင့် စိတ်ပျက်ကြောင်း ၎င်းကပြောသည်။
မဟာစီမံချက် မရှိဘဲ အစိုးရသည် ထိုအမှုများကို တမှုစီ ဖြေရှင်းနေကြောင်း မစ္စတာ ရန်စီမန် ရုမ်းက ပြောသည်။ ဥပမာအားဖြင့် တရုတ်သရုပ်ဆောင်မင်းသားကို ထိုင်းသို့ ဖြားယောင်း ခေါ်ဆောင်ပြီး ဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းတခုအတွက် အလုပ်လုပ်စေရန် နယ်စပ်ဖြတ်ကျော် လူကုန်ကူးသည့်အမှုကို သူက မီးမောင်းထိုးပြသည်။ ထိုအမှုတွင် အစိုးရသည် ကြားဝင် ဆောင်ရွက်နိုင်သော်လည်း အလားတူ အမှုအများအပြားကို အာရုံမစိုက်ပေ။
မစ္စတာ ရန်စီမန် ရုမ်းသည် ဇန်နဝါရီလ ၃ ရက်နေ့က မြန်မာနယ်စပ်အနီး တာ့ခ်ခရိုင်၊ မဲဆောက်တွင် ပျောက်ဆုံးသွားသည့် တရုတ်မင်းသား ရှင်းရှင်း (အမည်ရင်း ဝမ်ရှင်း) အမှုကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။ အာဏာပိုင်များသည် ရှင်းရှင်းကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ရှာတွေ့ပြီး ဘန်ကောက်သို့ ဘေးကင်းစွာ ပြန်လည် ပို့ဆောင်ခဲ့သည်။
ဝမ်ရှင်း၏ ချစ်သူက ထိုင်းနှင် တရုတ် နှစ်နိုင်ငံလုံးမှ အစိုးရဌာနများထံ အကူအညီတောင်းပြီးနောက် သူပျောက်ဆုံးမှုသည် လူမှုကွန်ရက်တွက် ကျယ်ပြန့်သော အာရုံစိုက်မှုဖြစ်စေသည်။
မစ္စတာ ရန်စီမန်သည် လုံခြုံရေးဌာနများမှ ကိုယ်စားလှယ်များကို ငါးနာရီကျော်ကြာအောင် မေးခွန်းများ မေးခဲ့ပြီး ထိုကိုယ်စားလှယ်များက ဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ မရှိကြောင်း ဝန်ခံခဲ့သည်ဟု ရန်စီမန် ရုမ်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောသည်။
ပြည်ပဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများသည် ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို အပြင်းအထန် ထိခိုက်စေကြောင်း ၎င်းက အလေးထားပြောသည်။ “သူတို့က ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို အသုံးပြုပြီး အလိမ်ခံရသူတွေကို ဖျားယောင်းပြီး ကျနော်တို့ နိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေအတွက် ကြားခံအဖြစ် အသုံးချတယ်” ဟု မစ္စတာ ရန်စီမန်က ပြောသည်။
ဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများက အလိမ်ခံရသူများကို မကြာခဏ လူကုန်ကူးသည့် နယ်စပ်ဒေသအချို့ကို အထူးစောင့်ကြည့်ရေးဇုန်အဖြစ် သတ်မှတ်ရန်နှင့် ခိုင်မာသော အကြောင်းပြချက်မရှိဘဲ ထိုဇုန်များတွင် နိုင်ငံခြားသားများကို နယ်စပ်ဖြတ်ကျော်ခွင့် မပြုသင့်ကြောင်း ၎င်းကအကြံပြုသည်။
ဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများ လှုပ်ရှားနေသည့် နယ်စပ်အနီး နေရာများသို့ လျှပ်စစ်ဓာတ်အားနှင့် ဘရော့ဘန်း အင်တာနက် ရောင်းချမှုကို ကန့်သတ်ရန်လည်း မစ္စတာ ရန်စီမန်က အကြံပြုသည်။
အချို့ဂိုဏ်းများသည် SpaceX က လုပ်ကိုင်နေသည့် Starlink ဂြိုဟ်တု အင်တာနက်ဝန်ဆောင်မှု စတင် အသုံးပြုနေကြောင်းနှင့် ထိုသို့သောဂိုဏ်းများ အင်တာနက်အသုံးပြုမှုကို ကန့်သတ်ရန် ထိုင်းအစိုးရက SpaceX နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ၎င်းက တိုက်တွန်းသည်။
ကိုးကား ။ ။ The Nation သတင်း Opposition proposes border sealing to combat call-centre gangs
You may also like these stories:
ရုပ်ရှင်မင်းသားအမှုကြောင့် ထိုင်းခရီးစဉ်များ တရုတ်တွေ ဖျက်သိမ်း
သရုပ်ဆောင်မင်းသား ပြန်ရှာတွေ့လည်း ထိုင်းခရီးသွားလုံခြုံရေး တရုတ်တွေ စိုးရိမ်
ထိုင်းနိုင်ငံရေးတွင် အလဟဿဖြစ်သော ဆယ်စုနှစ် ၂ ခု
မြဝတီက အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းတွေလည်း ပါဟု MFP ပြောဆို
လူကုန်ကူးမှု စွပ်စွဲခံရသည့် ဒုဝန်ကြီးဟောင်း မြဝတီ ရောက်ခဲ့ကြောင်း မလေးရှားရဲအတည်ပြု