နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နောက်ပိုင်း အကျဉ်းချခံထားရချိန် စုစုပေါင်း ၁၉ နှစ်ပြည့်ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Campaign UK ပြောသည်။
အသက် ၇၉ နှစ်ရှိပြီဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နောက်ပိုင်း စတုတ္ထအကြိမ် ဖမ်းဆီးချုပ်နှောင်ခံနေရပြီး သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းစဉ်က ဖမ်းဆီးခံရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သူငြင်းဆန်သည့် စွဲချက်အမျိုးမျိုးဖြင့် ထောင် ၂၇ နှစ်ချထားသည်။ သူ့ကို ထောင်အတွင်းတွင် တဦးတည်းချုပ်နှောင်ထားသည်ဟု သိရသည်။
ယခင်စစ်အာဏာရှင်များလက်ထက် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကျယ်ပြန့်သော လူထုထောက်ခံမှုရပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲတိုင်းတွင် ပြတ်ပြတ်သားသား အနိုင်ရသည်။
NLD သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း နောက်တကြိမ် တောင်ပြိုကမ်းပြိုနိုင်သည်။ သို့သော် စစ်တပ်၏ လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်များ သမ္မတရာထူးရရန် လိုအပ်သည့် လွှတ်တော်နေရာ ၂၆ ရာခိုင်နှုန်းမရသောကြောင့် စစ်တပ်က ထိုရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းသည်။
စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်း ပေးရသောကြောင့် စစ်တပ်၏မဟာမိတ်များသည် သမ္မတကိုရွေးချယ်ပြီး အစိုးရဖွဲ့ရန် ကျန်လွှတ်တော်နေရာများ၏ ၂၆ ရာခိုင်နှုန်းသာ ရရန်လိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို မြန်မာစစ်တပ်က တရားမဝင် ဖမ်းဆီးထားတာဖြစ်ပြီး ချက်ခြင်းလွှတ်သင့်တယ်” ဟု Burma Campaign UK ပြောသည်။
၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာအသိုက်အဝန်းကို အကြမ်းဖက်သောအခါ ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးများကို ကာကွယ်ရန် ပျက်ကွက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွက် စစ်တပ်ကို ၂၀၁၉ ခုနှစ်က နိုင်ငံတကာတရားရုံးတွင် ကာကွယ်ခဲ့ကြောင်း အထက်ပါအဖွဲ့ပြောသည်။ ထိုပျက်ကွက်မှုများအတွက် နိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုက်ပွဲကို နိုင်ငံတကာထောက်ခံမှု လျှော့ကျစေသည်ဟုလည်း ထိုအဖွဲ့ ပြောသည်။
“မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ၁၉ နှစ်ကြာ ဖမ်းဆီးထားတာဟာ ဆယ်စုနှစ်များစွာ ကြာသည့်တိုင် သူ့ကို သူတို့ ဘယ်လောက် ကြောက်တယ်ဆိုတာပြသနေတယ်” ဟု Burma Campaign UK ဒါရိုက်တာ မတ်ခ်ဖာမနာ ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပြီး မြန်မာစစ်တပ်အတွက် ငွေနဲ့လက်နက်ဖြတ်တောက်ဖို့ အများကြီး ပိုမိုလုပ်ဆောင်ရမယ်” ဟု သူပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀၀ ကျော်တွင် ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် စစ်ကောင်စီသည် ကလေးငယ် ၅၈၉ ဦးအပါအဝင် ဖမ်းဆီးမှု ၂၈၀၀၀ ကျော် လုပ်ခဲ့သည်။ လက်ရှိစစ်ကောင်စီသည် ယခင်စစ်အုပ်စုများထက် နိုင်ငံရေးအကျဉ်းသား ၁၀ ဆခန့် ပိုမိုဖမ်းထားသည်။
ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ မွေးနေ့မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်ခေါ် ကိုထိန်လင်းသည် မိခင်လွတ်မြောက်ရေးအတွက် လှုပ်ရှားနေသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှု ဗြိတိန်တွင် မြင့်တက်လာ
ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းသည် လူမဆန်မှုဟု NUG ပြော
ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ် (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်