ဆိုလာကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းများ တင်သွင်းမှုများလာချိန် အမေရိကန်ဒေါ်လာဈေးနှုန်းလည်း လိုက်ပါတက် လာရာ စစ်ကောင်စီက နိုင်ငံခြားငွေရောင်းဝယ်သူများအား စစ်ဆေးဖမ်းဆီးမှု ပြန်လည်ပြုလုပ်လာသည်။
လက်ရှိ နိုင်ငံခြားငွေလဲကောင်တာများကို စစ်ဆေးခြင်းနှင့် လိုင်စင်မရှိဘဲ ရောင်းဝယ်သူများကို ဖမ်းဆီးနေသဖြင့် ငွေကြေး ဝန်ဆောင်မှုလုပ်ကိုင်သူတချို့ တိမ်းရှောင်နေရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ပြီးခဲ့သည့်တပတ်က အမေရိကန်တဒေါ်လာလျှင် ၄၅၈၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ယခု တပတ်ဈေးအဖွင့် ဇန်နဝါရီ ၁၃ ရက် တွင် ၄၆၁၅ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၄၈၂၀ အထိ မြင့်လာရာ စစ်ကောင်စီက ဖမ်းဆီးသဖြင့် ကျပ် ၄၆၅၀ မှ ၄၆၈၀ ဝန်းကျင်အထိ အနည်းငယ် ဈေးပြန်ကျသွားသည်။
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်သူတဦးက “၂၀ ရက်နေ့မှာ အမေရိကန်သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုမယ်ဆိုတော့ ကမာ္ဘ့ဈေးမှာ တက်လိုက်ကျလိုက်ဖြစ်တော့ ဒီဘက်မှာလည်း လိုက်လှုပ်နေပါတယ်။ အခု ရွှေဈေး ကလည်း တအားကြီး အတက်အကျ ကြမ်းလာတယ်။ ဆိုလာကုမ္ပဏီတွေ အဝယ်လိုက်တာလည်း ပါတယ်၊ အကုန်စုံသွား တာပေါ့။ အခုတော့ ဈေးနည်းနည်း ပြန်ကျတယ်။ စကစဘက်က ဖိအားကြောင့် ပိုဆင်းပေးရတယ်၊ အတက် အကျ တော့ မငြိမ်ဘူး။ အဖမ်းအဆီးလည်း ရှိနေတော့ အကုန်လုံး သတိထားပြီး လုပ်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါ လျှပ်စစ်မီး တရက်လျှင် ၈ နာရီသာပေးနိုင်မည်ဟု စစ်ကောင်စီ ကြေညာထားသော်လည်း မီးလာရမည့် အချိန်မှာ ပင် မီးမမှန်သောကြောင့် အများစုမှာ မီးစက်၊ ဆိုလာနှင့် အားသွင်းအသုံးပြုရသည့် လျှပ်စစ်ပစ္စည်းတို့ကိုသုံးစွဲလာရပြီး ယင်းပစ္စည်းများလည်း ပြည်ပမှသွင်းရ၍ ဒေါ်လာငွေလိုအပ်ချက်ရှိလာကြောင်း ဈေးကွက်အတွင်းက သိရသည်။
ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ အများဆုံးတင်သွင်းနေသူများထဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံလည်း အပါအဝင်ဖြစ်ပြီး လက်ရှိအခြေအနေအား အခွင့်ကောင်းယူ၍ နေအိမ်များအတွက် အသုံးပြုနိုင် သည့် ဆိုလာသာမက ဝန်ကြီးဌာနများအတွက်ပါ ဆိုလာနှင့်ဆက်စပ်ပစ္စည်း အများအပြားတင်သွင်းကာ အကျိုးအမြတ် ဖြစ်ထွန်းလျက်ရှိကြောင်းလည်း လုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။

ပြည်တွင်းလျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိရေးအတွက်ဟုဆိုကာ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းမှုအပေါ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ အကောက်ခွန်ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကောင်စီက ကြေညာ ထားသည်။
ဆက်လက်၍ အထက်ပါလုပ်ငန်းရှင်က “အခုက လျှပ်စစ်မီးမမှန်တော့ ဆိုလာ သွင်းတာပါတာပေါ့။ ဈေးကွက်မှာ အဲဒီတော့ ဒေါ်လာဝယ်လိုအားလည်း ရှိတယ်။ ဒီနေ့တော့ မနေ့ကထက် ပြန်ဆင်းသွားတယ်။ အခုက အဖမ်းအဆီးတွေရှိတော့ အကုန် လုံးက ရှောင်နေရတာပေါ့။ တော်တော်များများ ထိတဲ့သူတွေကတော့ ဈေးကွက်မှာ နောက်ပေါက်ဝင်လာတဲ့သူတွေ များ တယ်။ တချို့က လောဘကြီးပြီး လုပ်တာ၊ နားမလည်တာ၊ အလုပ်ဖြစ်ဖို့အတွက် လူမှုကွန်ရက်တွေက အော်တဲ့သူတွေများ တယ်။ ဈေးကွက်မှာ လက်ကြီးသမားတွေကတော့ ရှောင်တိမ်းလုပ်ကိုင်နေရတာပေါ့” ဟု လက်ရှိ ဈေးကွက်အခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဟွန်ဒီ လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်ဇောသတင်းပေါ်ပေါက်သူများအား စစ်ဆေးမေးမြန်းခြင်း၊ ၎င်းတို့၏ ဘဏ်စနစ်နှင့် ငွေလွှဲ ပြောင်းခြင်းတို့ကို စိစစ်အရေးယူနိုင်ရန် ဆောင်ရွက်နေသလို သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးကို စိစစ်ဆောင်ရွက်ခဲ့ရာ ၉ ဦးကို ရဲတပ်ဖွဲ့ကအမှုဖွင့်အရေးယူထားပြီး ၆ ဦးအား သက်ဆိုင် ရာ မြို့နယ်တရားရုံးများ၌ တရားစွဲဆိုထားကြောင်း ယခုလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် Facebook Group ၁၂ ခု၊ Facebook Page ၅ ခု၊ လူပုဂ္ဂိုလ်များနှင့် Facebook Account ပိုင်ရှင် ၁၀ ဦးကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီကအမည်နှင့်တကွ ဖော်ပြထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဈေးနှုန်းမြင့်တက်လာသော ရွှေနှင့် ဒေါ်လာဈေးကွက်ကို ထိန်းနိုင်ရန် လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေးကော်မတီဖွဲ့၍ ဈေးနှုန်း သတ်မှတ်ခြင်းတို့ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း နာမည်ကြီးရွှေလုပ်ငန်းရှင်များဖြစ်သော အောင်သမာဓိ ရွှေဆိုင် မှ ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်း မှ ဦးမျိုးသူဝင်း အပါအဝင် ၁ဝ ဦးအား အရေးယူမည်ဟုကြေညာခဲ့သလို ဒေါ်လာရောင်းဝယ်သူ ၂၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးခဲ့သည်။
သို့သော် စစ်ကောင်စီအနေဖြင့် လုပ်ငန်းရှင်တချို့အား ခံဝန်ကတိနှင့် ပြန်လွှတ်ပေးခဲ့ပြီး အရေးယူခံရသည့် လုပ်ငန်းရှင် များထံမှ ငွေကြေးတောင်းခံခြင်းများသာပြုလုပ်ခဲ့ကြောင်း ရွှေနှင့်ငွေကြေး ရောင်းဝယ်ရေး လုပ်ကိုင်သူများထံက သိရသည်။
အလားတူ ရွှေဈေးကွက်၌လည်း ဈေးတက်ချိန်တွင် စစ်ကောင်စီက ဒေါ်လာသမားများကို ဖမ်းဆီးပြနေခြင်းကြောင့် ရွှေအရောင်းအဝယ် သတိထားလုပ်ကိုင်နေရကြောင်း ရန်ကုန်မြို့ရှိ ရွှေကုန်သည်တဦးက ဆိုသည်။
၎င်းက “ဒေါ်လာသမားတွေလည်း ဆွဲသွားတယ်။ ရွှေဘက်မှာတော့ အသံတော့ မကြားရသေးဘူး။ ကမာ္ဘ့ရွှေဈေးတွေလည်း တော် တော်တက်သွားတယ်။ အတုံးအခဲကတော့ မှောင်ခိုဈေးကွက်ပါပဲ။ သတ်မှတ်ဈေးက ရှိနေပေမယ့် ရောင်းတဲ့သူတွေ က တော့ အဆင်ပြေသလို လုပ်ကြတယ်။ ရွှေသမားတွေလည်း သတိထား လုပ်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုတပတ် ရွှေဈေးဖွင့်သည့် ဇန်နဝါရီ ၁၃ ရက်တွင် ကမာ္ဘ့ရွှေတအောင်စ ၂၆၈၆ ဒေါ်လာရှိရာမှ ယနေ့ ၂၆၉၆ ထိ တက် လာသလို ပြင်ပရွှေဈေးမှာလည်း တကျပ်သားလျှင် ကျပ် ၆၄ သိန်းကျော်ရှိရာမှ ယနေ့တွင် ကျပ် ၆၆ သိန်းအထိ မြင့်တက် လာသောကြောင့် တကျပ်သားလျှင် ၂ သိန်းနီးပါး မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီက အကယ်ဒမီအခေါက်ရွှေ တကျပ် သားလျှင် ကျပ် ၅၄ သိန်း သတ်မှတ်ထားသောကြောင့် ပြင်ပဈေးနှင့် တွက်ပါက တကျပ်သားလျှင် ကျပ် ၁၂ သိန်း နီးပါး ကွာဟချက် ရှိနေသည်။
ဆက်စပ်ဖတ်ရှုရန်
လျှပ်စစ်မီး ဆိုးရွားစွာပျက် ပြည်သူတို့ နေ့စဉ်ဘဝ အခက်ကြုံ
လျှပ်စစ်မီးပျက် ဆိုလာဈေးကွက် အရောင်းသွက်
မီးစာကုန် ဆီခန်းလာသည့် နိုင်ငံ
စစ်ခေါင်းဆောင်၏သား ဆိုလာစီမံကိန်းတည်ဆောက်ရန် ဖခင်ထံ ခွင့်ပြုချက်တောင်း
ဆိုလာစီမံကိန်းတွေ တင်ဒါမပြိုင်ဘဲ လုပ်ခွင့်ရ ကုမ္ပဏီက ဦးအောင်ပြည့်စုံ ပိုင်သလား