စစ်ကောင်စီက စစ်သားလိုအပ်ချက် ပြန်ဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်း၍ စုဆောင်းနေရာ မန္တလေးမြို့၌ အိမ်ခြေယာမဲ့များကို ဖမ်း၍ စစ်တပ်ထဲသို့ ပို့ဆောင်ခြင်းများ ပြုလုပ်လာကြောင်း သိရသည်။
ယခင်က အိမ်ခြေယာမဲ့များကို မန္တလေးဘူတာကြီး၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ပန်းခြံများ၊ ကမ်းနား လမ်းတလျှောက်၊ ဂုံကျော် တံတားအောက်၊ မြို့ပတ်ရထားသံလမ်းဘေး၊ မဟာမုနိဘုရားကြီးဝန်းကျင်၊ ဘုန်းကြီးကျောင်းတိုက်၊ ဈေးများနှင့် ဈေးဆိုင်ကြီးများရှေ့ စသည့်နေရာများတွင် အများဆုံးတွေ့ရသော်လည်း ယခုအခါ အနည်းငယ်ရှိတော့ကြောင်း ဒေသခံ များက ဆိုသည်။
မန္တလေးမြို့ခံတဦးက “အခုနောက်ပိုင်း လမ်းပေါ်မှာ နေထိုင်ကြတဲ့သူတွေ အတွေ့နည်းလာတယ်၊ စုံစမ်းကြည့်တော့ သူတို့ တွေကို လှည့်ကင်း ပတ်ကင်းတွေက ဖမ်းခေါ်၊ ပြီးတော့ စစ်မှုထမ်းအနေနဲ့ တပ်ထဲရောက်သွားကြတယ်လို့ သိရတာ၊ စစ်တပ်ထဲရောက်သွားလို့ သူတို့ ဘဝလုံခြုံ သွားတယ်ဆိုတာထက် လက်ရှိအခြေအနေတွေကြောင့် လမ်းပေါ်နေတဲ့ ကလေးတွေ အခုလိုဖြစ်တာ မကောင်းလည်း မကောင်းဘူးလို့ မြင်တယ်”ဟု ပြောသည်။
ငွေကြေးတတ်နိုင်သူများက စစ်မှုထမ်းစာရင်းပါ မိသားစုဝင် လူငယ်များ တိမ်းရှောင်နိုင်ရေး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများက တဦးလျှင် ကျပ်သိန်း ၂၀ မှ သိန်း ၅၀ အထိ ယူကာ လူစားထိုးလဲလှယ်ပေးနေပြီး ထိုအတွက် အိမ်ခြေယာမဲ့ များနှင့် ရွှေ့ပြောင်းလုပ်သားများမှာ ပစ်မှတ်တခုဖြစ်လာကာ လူစားထိုး ပြန်လည်ရောင်းစားသည့် ဈေးကွက်တခုဖြစ်နေ ကြောင်း အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် အိမ်ခြေယာမဲ့နေထိုင်သူ ၁ သိန်းကျော် ရှိနိုင်သည်ဟု စေတနာ့ ဝန်ထမ်း များက ခန့်မှန်းပြောဆိုသော်လည်း မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ ၆ သောင်းခန့်သာ ရှိကြောင်း သိရသည်။
“အရွယ်ကောင်းလေးတွေ အများစုကတော့ စစ်တပ်ထဲ ရောက်ကုန်ကြတယ်၊ သူတို့တွေကို ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းထိန်းထားပြီး စစ်မှုထမ်းအတွက် လူစားထိုးလဲပေးတဲ့နေရာမှာ ပိုက်ဆံယူပြီး ဝင်ပေးကြတာတွေ ရှိတယ်၊ ကျနော်တို့ သိရသလောက်ဆို တချို့တွေကို မှတ်ပုံတင်တွေ ဘာတွေတောင် လုပ်ပေးပြီးတော့ကို စစ်တပ်ထဲ သွင်းနေတာ၊ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုမျိုးတွေ လုပ်နေတာက လူကုန်ကူးတာနဲ့ အတူတူပဲ ”ဟု ချမ်းမြသာစည်မြို့နယ်မှ လမ်းပေါ်နေ ကလေးများ အရေး လုပ်ဆောင်ပေးနေသူတဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသူ အိမ်ခြေယာမဲ့များတွင် အမျိုးသမီးငယ်များလည်း ပါဝင်နေပြီး ၎င်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ပေးထားသည့် မန္တလေးလူငယ်သင်တန်းကျောင်း၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ မန္တလေးအမျိုးသမီး ကလေးများ သင်တန်းကျောင်း၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း စသည့် အမျိုးသမီးထိန်းသိမ်းရေး သင်တန်းကျောင်းသို့ ပို့ဆောင်ပေးကြောင်း သိရသည်။
မန္တလေး၌ ဖြစ်ပွားနေသော လုယက်မှု၊ ဓားပြမှု၊ ဖောက်ထွင်းခိုးယူမှုနှင့် အုပ်စုဖွဲ့ရမ်းကားမှုများတွင်လည်း အိမ် ခြေယာမဲ့ အချို့ ပါဝင်နေကြသလို အချို့မှာ စစ်ကောင်စီထောက်တိုင်များ၏ လက်သပ် မွေးမြုခြင်းခံရပြီး ရပ်ရွာအပေါ် အနိုင်ကျင့်ကာ စီးပွားရှာမှုများပင် ရှိကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်တဦးက ဆိုသည်။
“အိမ်နဲ့ ဝိုင်းနဲ့ ဖြစ်ကုန်ကြတာ၊ တချို့ကလည်း အုပ်ကြီးတွေကနေ လက်သပ်မွေးထားကြပြီး လူမိုက်လိုလို ဘာလိုလိုပုံစံနဲ့ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးတွေနဲ့ ပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ အထဲတွေ ရောက်ကုန်ကြတာ၊ အိမ်ခြေယာမဲ့ကောင်တွေထဲက တချို့ လူရေလည်ပြီး ဇရှိတဲ့ကောင်တွေက ကားတွေ ဘာတွေတောင် စီးနိုင်နေကြပြီ”ဟု ၎င်းက ဆိုသည်။
ယခင် ဥပဒေစိုးမိုးမှုရှိစဉ်က အိမ်ခြေယာမဲ့ တချို့မှ ကော်ရှူကြသော်လည်း ယခုအခါ မူးယစ်ဆေးဝါးများ ပေါများလာသဖြင့် ပြောင်းလဲသုံးစွဲကာ ခိုးဆိုးလုယက်မှုများလုပ်လာကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
စစ်ကောင်စီ၏ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာန အဖွဲ့အစည်းများ ပူးပေါင်း၍ လမ်းပေါ်နေ ကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် လုပ်ဆောင်နေကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါစီမံချက်အရ ရန်ကုန်တိုင်း လှိုင်၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်မြို့နယ်၊ မန္တလေးတိုင်း မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တို့ကို ကနဦး စီမံချက်နယ်မြေများအဖြစ် သတ်မှတ်ပြီး လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို လေ့လာ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယခင်အစိုးရများလက်ထက်က စေတနာ့ဝန်ထမ်းများ စုပေါင်းကာ လမ်းပေါ်နေ ကလေးများကို လမ်းဘေး စာသင်ဝိုင်းဖြင့် ကျောင်းစာနှင့် ဗဟုသုတများ သင်ကြားပေးနိုင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စေတနာ့ဝန်ထမ်းများ၊ ပရဟိတသမားများကိုယ်တိုင် စစ်ကောင်စီအန္တရာယ်မှ လွတ်ကင်းရာသို့ ထွက်ပြေးနေကြရသလို ဖမ်းဆီးထိန်းသိမ်းခံထား ရသူများလည်း ရှိနေကြောင်း ပရဟိတလူမှုကူညီရေးသမားက ဆိုသည်။
၂၀၂၄ ဖေဖော်ဝါရီတွင် စတင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသား အသက် ၁၈နှစ်မှ ၃၅ နှစ်အရွယ်ရှိသူ အားလုံး စစ်မှုထမ်းရမည်ဖြစ်ကာ သင်တန်းအပတ်စဉ်တခုလျှင် လူဦးရေ ၅၀၀၀ ခေါ်မည်ဟုဆိုသော်လည်း လက်ရှိ မြေပြင်တွင် လိုအပ်သည်ထက် ပိုမိုကောက်ယူမှုများ ရှိနေသလို စစ်မှုထမ်းသင်တန်းမှာလည်း အပတ်စဉ် ၇ ထိ ရောက်ရှိလာပြီဖြစ်သည်။
You may also like these stories:
စစ်သားစုဆောင်းမှုကြောင့် ရန်ကုန်နှင့် မန္တလေးတွင် မှောင်သည်နှင့် လူသူ ခြောက်ကပ်
မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ
မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ
မန္တလေးတွင် လူသေဆုံးစေသည့် အုပ်စုဖွဲ့လုယက်မှု များလာနေ