ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)များအတွက် လိုအပ်သော လျှပ်စစ်မီး၊ အင်တာနက်၊ လက်နက်ခဲယမ်းနှင့် အဆောက်အဦ စသည့် အခြေခံလိုအပ်ချက်များအား ထိုင်းနိုင်ငံမှ ရယူသုံးစွဲ နေခြင်းဖြစ်ကြောင်း စစ်ကောင်စီထုတ်သတင်းစာများ၌ ယမန်နေ့က ဖော်ပြသည်။
အွန်လိုင်းလိမ်လည်မှု ဦးဆောင်သူ ပြည်ပနိုင်ငံသားများသည် ထိုင်း အပါအဝင် အိမ်နီးချင်းနိုင်ငံများမှတဆင့် မြန်မာသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ပပျောက်ရေး အိမ်နီးချင်းနိုင်ငံများ အနေဖြင့် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း စစ်ကောင်စီက ဆိုသည်။
အွန်လိုင်းလိမ်လည်မှုများသည် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် ဖြစ်ပွားနေပြီး ယင်းဒေသများ သည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားမှုရှိသည့်အတွက် ၎င်းတို့အနေဖြင့် အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲရှိ ကြောင်း လည်း ပါရှိသည်။
တရုတ်မင်းသား ဝမ်ရှင်း ထိုင်းနိုင်ငံမှတဆင့် ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတခုထံ လူကုန်ကူးခံရမှုစကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင်က ထိုင်း-မြန်မာနယ်စပ်မှ အွန်လိုင်းလိမ်လည်မှုများ ကို တရုတ်နှင့် ပူးပေါင်းနှိမ်နင်းရန် အာဆီယံနိုင်ငံများအား သတင်းစကားပါးပြီးနောက် စစ်ကောင်စီက ဖြေရှင်းချက် ထုတ်လာခြင်း ဖြစ်သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ရွှေကုက္ကိုလ်နှင့် KK Park ဒေသအား ဖုန်း၊ အင်တာနက်နှင့် လျှပ်စစ်ပေးထားမှုကို ထိုင်း အာဏာပိုင်များက ယမန်နှစ်မေလ၌ စတင်ဖြတ်တောက်ထားသည့်အပြင် ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းမှ မြဝတီဘက်သို့ တရားမဝင် ဆက်သွယ်ထားသည့် အင်တာနက် ဖိုက်ဘာကြိုးများကိုလည်း ဖော်ထုတ်ဖြတ်တောက်မှုများ ပြုလုပ်လျက် ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆၊ ၁၇ ရက်များက ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေး တွင် ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်က ယနေ့ခေတ်၌ အွန်လိုင်းလိမ်လည်မှုများ များပြားလာလျက်ရှိပြီး ပြည်သူ များအတွက် ဆိုးရွားသောအန္တရာယ်များ ဖြစ်စေသည့်အပေါ် စိုးရိမ်ကြောင်းနှင့် ယင်းကိစ္စရပ်များအား တိုင်တွယ်ဖြေရှင်းနိုင် ရေး ဒေသတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ရွှေကုက္ကိုလ်ဒေသသည် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) အဖြစ် ရပ်တည်ခဲ့သည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်အမျိုးသားတပ်မတော်(KNA) တပ်ဖွဲ့က ထိန်းချုပ်ထား ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး စောချစ်သူအား အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့်အပြင် ၎င်းနှင့်အတူ BGF ခေါင်းဆောင်များဖြစ်သည့် စောမုတ်သုန်၊ စောတင်ဝင်းတို့ကိုလည်း ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသည်။
စစ်ကောင်စီအနေဖြင့် အွန်လိုင်းလိမ်လည်မှုများအား ဖော်ထုတ်အရေးယူသကဲ့သို့ အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း အွန်လိုင်းလိမ်လည်မှုများအခြေစိုက်ရာ မြဝတီဒေသကို ထိန်းချုပ်ထား သည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့အား မည်သည့်အရေးယူမှုမှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။
လက်ရှိတွင် တရုတ်အစိုးရ၏ အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းရန် ဖိအားပေးပြောဆိုမှုများကြောင့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် BGF၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ခေါင်းဆောင်များက မြဝတီဒေသရှိ တရုတ်စီးပွားရေး သမားများအား ဇန်နဝါရီ ၁၄ ရက်တွင် ခေါ်ယူတွေ့ဆုံပြီး အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှုများ မပြုလုပ်ရန် သတိပေးခဲ့သည်။
ထို့ပြင် ရွှေကုက္ကိုလ်ဒေသ လုံခြုံရေးတာဝန်ယူထားသည့် BGF တပ်နယ်-၃ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမောင်ဝင်းက မြဝတီ ဘက်ခြမ်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများထံ လူကုန်ကူးခံရမှုများနှင့် ပတ်သက်ပြီး ထိုင်းဘက်မှ ပါဝင်ပတ်သက်မှုရှိကြောင်း KIC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။
၎င်းက “လုပ်နေတဲ့သူတွေက ပြောရရင် လက်ဝါးဆိုတာ တဖက်ထဲတီးရင် မမြည်ဘူးလေ။ ဒီဘက်က လက်ခံတဲ့သူရှိသလို ဟိုဘက်က ပို့တဲ့သူလည်း ရှိနေလို့ပေါ့။ အခု ဖြစ်သွားတာက မြန်မာဘက်ခြမ်းဆိုပေမယ့် ထိုင်းဘက်ခြမ်းကလည်း ပါဝင်ပတ် သက်မှုရှိတာပဲ။ အဲဒီဘက်က ပါဝင်ပတ်သက်မှုမရှိရင် ဒီဘက်ကိုရောက်လာစရာ အကြောင်းမှမရှိတာ” ဟု ဆိုသည်။
ယမန်နေ့ကလည်း မြဝတီဒေသအတွင်း လူကုန်ကူးမှုများအား အမြစ်ပြတ်ချေမှုန်းရေးအတွက် မြို့ပေါ်တာဝန်ရှိသူများ၊ BGF နယ်မြေအသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ဧရာဝတီကို ပြောသည်။

၎င်းက “လူမှောင်ခိုကိစ္စအပြင်မှာကို ပြန်ပေးကိစ္စတွေ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးလေးတွေ ကြိုတင်မြင်ရတဲ့အတွက် ဒီကိစ္စကိုနံပါတ် ၁ ဦးစားပေးအနေနဲ့ ကျနော်တို့က စပြီးတော့လုပ်တယ်။ အရင်တုန်းကလည်း လုပ်ခဲ့တယ်။ နည်းနည်းလေး ထိထိရောက်ရောက် မလုပ်နိုင်တဲ့ အနေအထားလေးမှာ ကျယ်ပြန့်လာတာ မြင်တွေ့ရတဲ့အခါကျတော့ ဒါကို ကျနော်တို့က တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ အပါအဝင် နယ်စပ်ဒေသများမှ ဖော်ထုတ်ဖမ်းမိသည့် တရားမဝင် ဝင်ရောက်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှုမှာ ၂၀၂၃ အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်ထိ ၅၅,၇၁၁ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၂၂ မှ ၂၀၂၅ ဇန်နဝါရီ ၁၉ ရက်ထိ အာဆီယံနိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိက ဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်း ကြောင်းများမှတဆင့် စုံစမ်းရှာဖွေပေးရန် အကူအညီတောင်းခံထားသူ ၄,၁၇၆ ဦး (ကျား ၃,၄၁၅၊ မ ၇၆၁) ရှိကြောင်းလည်း သိရသည်။
ထိုသူများအနက် ၁,၂၉၂ ဦးအား ပြန်လည်ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁၉ ရက်ထိ သက်ဆိုင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့သူ ၁,၂၈၄ ဦး ရှိကြောင်းနှင့် လွှဲပြောင်းရန်ကျန်ရှိသူ ၈ ဦး ရှိကြောင်း၊ ပျောက်ဆုံးနေဆဲ ၂,၈၈၄ ဦးကို စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့်တပြေးညီ သတင်းဖလှယ်ပေးလျက်ရှိကြောင်း စစ်ကောင်စီက ဆိုထားသည်။
ထိုင်းအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့များ သွေးစည်းညီညွတ်ရေးအဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူခြောက်ထောင်ကျော် မြန်မာနိုင်ငံတွင် လူကုန်ကူးခံထားရပြီး အမြန်ဆုံးကယ်တင်ပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ ဇန်နဝါရီ ၁၁ ရက်က တောင်းဆိုခဲ့ကြောင်း သိရသည်။
You may also like these stories:
ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ
တရုတ်မင်းသား လူကုန်ကူးခံရမှု မြဝတီ၌ ကျားဖြန့်များ ဆက်ရှိနေသည်ကို ပြ
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ
ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ