အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် တရားမဝင်နေထိုင်မှုဖြင့် အကျဉ်းကျခံနေရသည့် မြန်မာအမျိုးသမီး ၂၂ ဦးနှင့် ကလေးငယ် ၈ ဦးတို့သည် ပြန်လွှတ်ပေးရေးအတွက် ဇန်နဝါရီ ၂၂ ရက်မှစတင်ပြီး အစာငတ်ခံဆန္ဒပြနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။
ပြန်လွှတ်ပေးရန်အတွက် ကူညီပေးရေး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို စာပို့တောင်းဆိုခဲ့သော်လည်း အကြောင်းပြန် ကြားခြင်း မရှိသေးသလို မြန်မာနိုင်ငံသားဖြစ်ကြောင်း သံရုံးထောက်ခံချက် မရရှိသေးသောကြောင့် ပြန်မလွှတ်ပေးခြင်းဟု ထောင်အာဏာပိုင်များမှ ပြောဆိုကြောင်း မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ပြန်လွှတ်ပေးဖို့ ဆန္ဒပြကြတာ၊ မနေ့က စပြကြတာပါ။ သံရုံးကို စာတင်ထားတယ်။ ဒါပေမယ့် ဘာမှအကြောင်း ပြန်မလာသေးဘူး။ ထောင်အာဏာပိုင်တွေဆီ မေးတော့လည်း သံရုံးနဲ့ဆိုင်တယ်လို့ ပြောပြန်တယ်။ ပြစ်ဒဏ်တွေလည်း ကျခံပြီးပြီဆိုတော့ မြန်မြန်ပြန်လွတ်စေချင်ပြီ။ ကလေးတွေ ရှေ့ရေးတွေလည်း ရှိသေးတယ်လေ” ဟု ဆိုသည်။
အကျဉ်းထောင်အတွင်း၌ ရေမသန့်ရှင်းမှု၊ အစားအသောက် အဆင်မပြေမှုနှင့် နေထိုင်ရေး အခက်အခဲများကြောင့် ပြန်လွတ်မြောက်ချင်နေပြီဖြစ်ကြောင်း သိရသည်။
နောက်ထပ် မိသားစုဝင်တဦးက “ဖုန်းနဲ့အဆက်အသွယ်ရတဲ့ အချိန်တုန်းက ပြောတာတော့ ရေကလည်း မသန့်တော့ ယားနာတွေ ပေါက်တာရှိတယ်။ အစားအသောက်ကလည်း အဆင်မပြေဘူး။ နေစရာကလည်း အခင်းမပါ၊ စောင်မပါနဲ့ တမံသလင်းပေါ် အိပ်ရတယ်။ နေမကောင်းတဲ့အခါလည်း ဘာပဲဖြစ်နေနေ ပါရာစီတမောပဲပေးတယ်။ အဲဒီလိုဆိုတော့ ကလေးတွေနဲ့ အမျိုးသမီးတွေအတွက် ပိုပြီးဒုက္ခရောက်တာပေါ့” ဟု ပြောသည်။
အင်ဖာအကျဉ်းထောင်ထဲတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၃၅ ဦးနှင့် ကလေးငယ် ၁၀ ဦး၊ စစ်ဘေးဒုက္ခသည် ၅၀ ဦးတို့ ကျန်နေသေးကြောင်း၊ အကျဉ်းထောင်မှ ပြန်လွှတ်ပေးရေး လွတ်ရက်စေ့သူများက အစာငတ်ခံဆန္ဒပြမှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်တွင် အင်ဖာအကျဉ်းထောင်၌ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ရက်ကန်းရွှေ့ပြောင်း အလုပ်သမား မြန်မာအမျိုးသား ၂၆ ဦးကို မဏိပူရ်အာဏာပိုင်များက စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ မေ ၂ ရက်၌လည်း မဏိပူရ်အကျဉ်းထောင်များအတွင်း ဖမ်းဆီးခံထားရသော ရက်ကန်းအလုပ်သမား အမျိုးသမီး ၃၉ ဦးကို မဏိပူရ်အာဏာပိုင်များက နယ်စပ်မှတဆင့် စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပြီး ဇွန်လ ၁၁ ရက်တွင် အမျိုးသား၊ အမျိုးသမီး ၃၈ ဦးတို့ကို လွှဲပြောင်းပေးထားသည်။
You may also like these stories:
အင်ဖာထောင်တွင်းမှ ကြမ်းတမ်းသော နေ့ရက်များ
အင်ဖာထောင်မှ မြန်မာ ၃၈ဦး အိန္ဒိယ ပြန်လွှဲ
မဏိပူရ်ထောင်မှ မြန်မာနိုင်ငံသား ၂၆ ဦး ပြန်လွတ်
အင်ဖာထောင်တွင်း အစာငတ်ခံဆန္ဒပြသည့် မြန်မာများမှ ၂ဦး ဆေးရုံတင်ထားရ