ကရင်ပြည်နယ်မှ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တို့အကြောင်း ကမ္ဘာ့မီဒီယာ မျက်နှာစာ၌ ကျယ်ပြန့်လာချိန် “ဇင်ယော် လှုပ်ရှားမှု” ဆိုကာ ဆက်သွယ်ရေး လိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အာရုံစိုက်တိုက်ဖျက်မည့် စစ်ဆင်ရေး တရပ်ကို ယခုနှစ်သင့်လျှော်သောအချိန်၌ စမည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာလိုက်သည်။
၂၀၂၃ ခုက စခဲ့သည့် တရုတ်ကျားဖြန့်နှိမ်နင်းရေး လုပ်နည်းလုပ်ဟန်ကို ပြန်ကြည့်ပါက သြဂုတ်လ၌ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်မှုအကြောင်း ရိုက်ကူးထားသည့် No More Bets ရုပ်ရှင်ကို တရုတ်နိုင်ငံ၌ ပြသကာ မီဒီယာနှင့် ပြည်သူ တို့၏ အာရုံစူးစိုက်မှု ရယူပြီး စစ်ဆင်ရေးစသကဲ့သို့ ယခု ရွှေကုက္ကိုအရေးတွင်လည်း တရုတ်မင်းသား ဝမ်းရှင်းအမှုကို မီဒီယာစိတ်ဝင်စားမှု ရယူကာ စစ်ဆင်ရေးစတော့မည်ဟု အသိပေးလာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် စစ်ဆင်ရေးအတွင်း တရုတ်- မြန်မာနယ်စပ် လောက်ကိုင်ရှိ ကျားဖြန့်အဓိပတိ စစ်ကောင်စီ နယ်ခြားစောင့်တပ် ခေါင်းဆောင် ပယ်ဆောက်ချိန်၊ ဝေစန်း၊ မင်ရှောက်ချန်း၊ လျိုအာပေါက်တို့ကို မိသားစုလိုက် ဖမ်းခဲ့သလို မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကလည်း ကျားဖြန့်တိုက်ဖျက်ရေး ခေါင်းစဉ်တပ်၍ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ကာ လောက်ကိုင်အပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုလုံး သိမ်းပိုက်ခဲ့သည်။
ယခုအရေးတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင် ထိုင်း- မြန်မာနယ်စပ်ဒေသမှ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး ဖိအားပေးသည့်အပြင် ထိုင်း- မြန်မာ စစ်တပ်ခေါင်းဆောင်များဖြစ်သော ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်း တပ်ဦးစီးချုပ်ရုံး ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်တို့ ယမန်နေ့က နေပြည်တော်၌ တွေ့၍ နယ်စပ်ဒေသ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်မှုများ ပူးတွဲတိုက်ဖျက်ရေး ဆွေးနွေးကြသည်။
ထို့သို့ တရုတ်၏ ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်တိုက်ဖျက်ရေး ပြင်းပြင်းထန်ထန် ဖိအားပေးလာခြင်းကြောင့် စစ်ကောင်စီနှင့် မြဝတီဒေသအား နယ်မြေစိုးထားသည့် ဗိုလ်မှူးကြီး စောချစ် သူ ဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) ဘက်မှ အပူတပြင်းအစည်းအဝေးများ လုပ်၍ ဖြေရှင်းချက် ထုတ်နေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ် ဇင်ယော်လှုပ်ရှားမှုကာလအတွင်း တရုတ်ရဲတပ်ဖွဲ့သည် စစ်ကောင်စီနှင့် ပေါင်း၍ ရှမ်းမြောက်ရှိ မူဆယ်မြို့မှ ကျားဖြန့်လုပ်ငန်းများအား တားဆီးနှိမ်နင်းမှု စစ်ဆင်ရေးနှစ်ကြိမ် လုပ်ဆောင်ခဲ့ဖူးသည်။
ယူနန်ပြည်နယ် ကူမင်းမြို့၌ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမော္ဘဒီးယားတို့ ပါဝင်သည့် လန်ချန်း- မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ (LMLECC)ကလည်း “ပြီးခဲ့သည့် ဇင်ယော်လှုပ်ရှားမှု ပြန်လည်သုံးသပ် ခြင်း” အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ရာ ကျားဖြန့်အဓိကဖြစ်သော ရာဇဝတ်မှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်၍ တရားခံ ပေါင်း ၇ သောင်းကျော် ဖမ်းဆီးနိုင်ပြီး ပြည်သူ ၁၆၀ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆိုထားသည်။

ထိုအခြေအနေ၌ စစ်ကောင်စီကလည်း “နိုင်ငံ့ဂုဏ်သိက္ခာကျအောင် မျက်နှာအိုးမဲသုတ်နေသည့် ကျားဖြန့်လုပ်ငန်းမှ ပြည်ပ ရာဇဝတ်ဂိုဏ်းများနှင့် ပြည်တွင်းလောက်ကောင်များကို အမျိုးသားရေးတာဝန်အဖြစ် ချေမှုန်းရမည်ဟု ”သတင်းစာ အာဘော်ဖြင့် ဘေးတီးပေးနေသလို ထိုင်းနိုင်ငံကိုလည်း နယ်စပ် ကျားဖြန့်ဂိုဏ်းများအတွက် လိုအပ်သည့် အင်တာနက် ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ လက်နက်ခဲယမ်းများ ပေးနေသည်ဟု အပြစ်ဖို့သည်။
နယ်စပ်မျဉ်းအနီးမှ စီးပွားရေးလုပ်ငန်း မည်မည်ရရ မပြနိုင်သည့် ကျားဖြန့်တို့၏ မြို့ကို မီးရောင်စုံ ထိန်ထိန်ညီး အမေရိကန် လတ်စ်ဗီးဂက်စ်မြို့ကြီးအလား ခိုင်းနှိုင်းကာ မြန်မာတနိုင်ငံလုံး၏ GDP ထက် သုံးဆခန့်များပြားသည့် လိမ်လည်မှု၊ လောင်းကစားမှု ငွေပမာဏအပေါ် မြန်မာပြည်သူတို့ ပါးစပ်အဟောင်းသား ဖြစ်ရကြောင်းလည်း မြန်မာ့အလင်း သတင်းစာ အာဘော်က ဆိုသည်။
စစ်ကောင်စီက မြို့အမည်တပ်မပြောသော်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ချေမှုန်းခံခဲ့ရသည့် လောက်ကိုင်မြို့နှင့် BGF ထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုမြို့တို့က မီးရောင်စုံထိန်ညီးနေသည်က အမှန်ပင်။
ထိုသို့ တရုတ်က ရွှေကုက္ကိုလ်အပါအဝင် ထိုင်း- မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းများနှိမ်နင်းရေး ပြင်းပြင်းထန်ထန် ဖိအား ပေးလာမှုကြောင့် ရွှေက္ကိုသည် လောက်ကိုင်ကဲ့သို့ ချေမှုန်းခံရနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ရွှေကုက္ကိုမှ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသည် အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုတို့ကြောင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့၏ ဒဏ်ခတ်အရေးယူခံထားရသလို စောမုတ်သုန်၊ စောတင်ဝင်း တို့သည်လည်း ဥရောပသမဂ္ဂ၏ ပိတ်ဆို့ ဒဏ်ခတ်ခံထားရသူများ ဖြစ်သည်။
နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရွှေကုက္ကိုမြို့သစ်ကို စောချစ်သူနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့က အနီရောင်အဆင့် အန္တရာယ် ရှိသူဟု သတ်မှတ်ထားသည့် တရုတ်လုပ်ငန်းရှင် ရှီကျင်းကျန် (She Zhijiang)တို့သည် ပူးပေါင်း အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရက အလိုရှိသူ ရှီကျင်းကျန်ကို ထိုင်းအာဏာပိုင်တို့ ဖမ်းသည့်အခါ ၎င်း ကျန်းကျန်းမာမာနှင့် ဘေးဘယာဝေး ကွာပြီး ရွှေကုက္ကိုသို့ မြန်မြန်ပြန်လာနိုင်စေရန် စောချစ်သူနှင့် အပေါင်းအပါတို့က ပြီးခဲ့သည်နှစ် သြဂုတ် ၁၁ ရက်က ဆုတောင်းလှူဒါန်းပွဲ အကြီးအကျယ်လုပ်ခဲ့သည်။

လောက်ကိုင်ဒေသ ကျားဖြန့်တိုက်ဖျက်ရေး၌ တရုတ်အစိုးရက စစ်ကောင်စီနှင့် နှီးနွယ်သည့် ဒေသတွင်း နယ်ခြားစောင့် တပ်ခေါင်းဆောင် တို့ကို ဝရမ်းထုတ်ဖမ်းဆီးခဲ့သော်လည်း လက်ရှိတွင် မြဝတီဒေသက ကျားဖြန့်နှင့် ဆက်နွယ်နေသည့် BGF ခေါင်းဆောင်များအား ဝရမ်းကပ်ခြင်းတော့ မရှိသေးပေ။
မြဝတီကျားဖြန့်တို့ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးထား ထွက်ခွာရန် BGF က သတိပေးကြေညာခဲ့သည် ဆိုသော် လည်း တရုတ်မင်းသားကဲ့သို့ လူကုန်ကူးဖြစ်ရပ်များက အရာမထင်ကြောင်း သက်သေပြနေသည်။
ထိုအခြေအနေအောက်၌ မြဝတီဒေသ ကျားဖြန့်နှိမ်နင်းရေး BGF အား ဖိအားပေးနေမှုများ အပေါ် “(ကျားဖြန့်ကို) စိတ်ရင်း နဲ့ ရှင်းချင်တာလား၊ ဒါမှမဟုတ်ရင် အပြတ်ရှင်းချင်တာလား။ ဒါတွေက အများကြီး ရှိသေးတယ်လေ၊ မဟုတ်လား” ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က မေးခွန်းထုတ်သည်။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး၌ ချေမှုန်းခံရသည့် လောက်ကိုင်နှင့် နှိုင်းယှဉ်မှုအပေါ် ဒေသအခြေအနေ မတူညီကြောင်း၊ လောက်ကိုင်ဖြစ်စဉ်မှာ ကျားဖြန့် ခေါင်းစဉ်လှလှတပ်၍ အဓိကနယ်မြေလုပွဲသာဖြစ်ကြောင်း ၎င်းက ပြောသည်။
“လောက်ကိုင်ဘက်ကျ ကိုယ်တိုင်လုပ်ငန်း တည်ထောင်ပြီး ရှယ်ယာ ရယူထားတာ တွေ့ရတယ်။ ဒီဘက်မှာကျတော့ လာ ဆောက်၊ မင်းတို့အလုပ် လုပ်၊ ငါတို့က မြေကြီးငှားခပဲ၊ ဒီသဘောပဲသွားတာ၊ ရှယ်ယာ သဘောမျိုး ယူထားတာလည်း မရှိ ဘူး။ ပတ်သက်ခြင်းလည်း မရှိဘူးပေါ့။ မြေငှားပေးတဲ့သဘောပဲရှိတဲ့အခါကျတော့ သိပ်အားနာစရာတော့ မလိုဘူး” ဟု ပြောသည်။
လက်ရှိ မြဝတီဒေသတွင်း လူကုန်ကူးမှုများကို ဦးစားပေးတိုက်ဖျက်ရန် လုပ်ဆောင်နေပြီး ၎င်းတို့ တာဝန်ယူထားသည့် နေရာများတွင် အကောင်းဆုံးပူးပေါင်းဆောင်ရွက်ကာ တာဝန်ယူဖြေရှင်းသွားမည်ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။
သို့သော် ရွှေကုက္ကိုလ်မြို့စီမံကိန်း၌ BGF ၏ စီးပွားရေးလုပ်ငန်းတခုဖြစ်သော ချစ်လင်းမြိုင်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း၊ ထိုင်း က ဖမ်းထားသူ ရှီကျင်းကျန်က ၆၇ ဒသမ ၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr.Lim Jun Jie က ၈ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄ ဒသမ ၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြောင်း ၂၀၂၀ ဇူလိုင် ၁၅ ရက်က လွှတ်တော် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဗရက်ဆင်းက ထုတ်ဖော်ပြော ကြားထားသည်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ကလည်း BGF သည် ရွှေကုက္ကိုလ်စီမံကိန်း နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၉၂ သန်းရရှိနေပြီး ထိုငွေများအနက် ၅၀ ရာခိုင်နှုန်းအား စစ်တပ်ဘက်က ရရှိနေကြောင်းလည်း ရေးသား ဖော်ပြ ဖူးသည်။
ယမန်နှစ် မေလက ထုတ်ပြန်သော Justic For Myanmar၏ အစီအရင်ခံစာ၌လည်း စောချစ်သူ၏ သား စောထူးအယ်မူး သည် မြဝတီရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ Apollo Park နှင့် Yulong Bay Park တို့တွင် ဒါရိုက်တာနှင့် ရှယ်ယာရှင် တဦးအဖြစ် ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။
Apollo Park သည် တရုတ်မင်းသား ဝမ်ရှင်းအား မြဝတီကျားဖြန့်ဂိုဏ်းများထံ လူကူကုန်းရာ၌ လွှဲပြောင်းပေးခဲ့သည့် နေရာ တခုဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်က ပြောထားသည်။
လက်ရှိ ကျားဖြန့်များအခြေစိုက်ရာ မြဝတီနယ်တွင်း ပြည်ပနိုင်ငံများက ကူညီရှာဖွေပေးရန် အကြောင်းကြားထားသူ ၂၈၀၀ ကျော်အား စုံစမ်းရှာဖွေနေရဆဲဖြစ်ပြီး စစ်ကောင်စီ ထုတ်ပြန်သကဲ့သို့ ထိုင်း-မြန်မာ နယ်စပ်အနီး လူပျောက်တိုင်ကြားမှု များမှာလည်း မြင့်တက်နေဆဲ ဖြစ်သည်။
ထိုင်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့များ သွေးစည်းညီညွတ်ရေးအဖွဲ့က တရုတ်နိုင်ငံသား ၃၉၀၀ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူခြောက်ထောင်ကျော် မြန်မာနိုင်ငံတွင် လူကုန်ကူးခံထားရသဖြင့် အမြန်ဆုံးကယ်တင်ပေးရန် ထိုင်း လူ့အခွင့်အရေး ကော်မရှင်ထံသို့ ဇန်နဝါရီ ၁၁ ရက်က တောင်းဆိုခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်မှုများ ကြီးစိုးနေသည့် မြဝတီဒေသတွင် တရုတ် ဦးဆောင်သော လန်ချန်း- မဲခေါင်ဒေသ ၆ နိုင်ငံ ပူးတွဲအဖွဲ့၏ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးကို ဦးတည်သည့် ဇင်ယော်လှုပ်ရှားမှုသည် မည်သည့်အချိန်၌ စတင်မည်ကို မသိရသေးသော်လည်း ကျားဖြန့်ဂိုဏ်းများအား ထိန်းချုပ်ဒေသအတွင်း လက်ခံထားသည့် BGF နှင့် ကရင် လက်နက်ကိုင်များအတွက် ရတက်မအေး ဖြစ်နေမည်သာ အသေအချာပင် ဖြစ်သည်။ ။
You may also like these stories:
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်
ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူနှင့် မြဝတီတောင်ပိုင်းသို့ ရွှေ့လာ
ကျားဖြန့်ငရဲခန်းများတွင် ဖမ်းဆီးခံရသူများ မလွတ်မြောက်နိုင်ကြသေး