ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ ဗန်းမော်မြို့ရှိ တပ်ရင်းဌာနချုပ်များအား ယနေ့ နံနက်ပိုင်း၌ ထိုးစစ်အရှိန်မြှင့်ပြီးတိုက်ခိုက်ချိန် စစ်ကောင်စီက KIA ဌာနချုပ်လိုင်ဇာကို ဒရုန်းနှင့်တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကို ပြောသည်။
၎င်းက “လိုင်ဇာမြို့ရဲ့ အထက်ဘက်မှာ ဗုံးသံတွေကြားရပါတယ်။ ဒရုန်းနဲ့ဗုံးကြဲတာလား၊ ဒါမှမဟုတ် အသေခံဒရုန်းနဲ့ လာပြီးမှ ကြဲတာလားတော့မသိဘူး။ အသံတော့ကြားပါတယ်။ လူထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ဆိုသည်။
KIA ပူးပေါင်းတပ်များအနေဖြင့် တလကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး အတွက် ယနေ့နံနက်တွင် တကျော့ပြန်ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
တကျော့ပြန်ထိုးစစ်တွင် ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)၊ အမြောက်တပ်(အမတ-၃၆၆) နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း အပါအဝင် တပ်ရင်းဌာနချုပ်များအား KIA မှ အင်အားအလုံးအရင်းနှင့် စီးနင်းတိုက်ခိုက် နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်လေဆိပ်အနီးရှိ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းနှင့် သံချပ်ကာကား လေးစီးထားရှိရာ ဂိုထောင်တခုတို့အား စီးနင်းတိုက်ခိုက်မှုတွင် သိမ်းဆည်းရရှိမှု အခြေအနေနှင့်ပတ်သက်၍ အသေးစိတ် အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီး နော်ဘူက “သံချပ်ကာကား လေးစီးရှိတဲ့ ဂိုထောင်တခုကို ဝင်စီးတယ်ဆိုပြီးမှ အကြောင်းကြားတာရှိပါတယ်။ ဒါပေမယ့် အခု အဲဒီကားတွေ အားလုံး ကျနော်တို့လက်ထဲမှာ ရောက်နေပြီလား၊ ဒါမှမဟုတ် သူတို့ပြန်ရပြီလား၊ မဟုတ်လို့ရှိရင် လက်နက်ကြီးနဲ့ပြန်ပစ်ပြီးမှ ဖျက်ဆီးလိုက်ပြီလား အဲဒီအခြေအနေတွေ မသိရသေးပါဘူး” ဟု ပြောသည်။
ကချင်ဒေသတွင်း သတင်းဌာနအချို့ကမူ ယနေ့ KIA ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း သံချပ်ကာတပ်ရင်းအား သိမ်းပိုက်ပြီး သံချပ်ကာလေးစီးအား သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဗန်းမော်မြို့ မြေပြင်အခြေအနေများအား ဖော်ပြပေးနေသည့် Banmaw Scout Team အဖွဲ့က ယနေ့ ရွှေကျီးနား၊ နောင်ခို၊ နမ့်မားနှင့် မင်းလှရပ်ကွက်တို့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ရေးသားထားသည်။
KIA ပူးပေါင်းတပ်များသည် ယမန်နှစ် ဒီဇင်ဘာ ၄ ရက်မှစတင်ကာ ဗန်းမော်မြို့နှင့် မံစီမြို့တို့အား တပြိုင်နက်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် မံစီအခြေစိုက်တပ်ရင်းဌာနချုပ်သုံးခုအား သိမ်းပိုက်ကာ မြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီ ဖြစ်သည်။
တလကျော်ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း မြို့ခံအရပ်သားအများစု နေရပ်စွန့်ခွာတိမ်းရှောင်နေရ ပြီး အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် နေအိမ်အများအပြားလည်း ပျက်စီးလျက်ရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများက ပြောထားသည်။
You may also like these stories:
မံစီကျပြီး ဗန်းမော်တပ်ရင်းများအနီး KIA တို့ ပိုမိုချဉ်းကပ်လာ
ဗန်းမော်မြို့တွင်း ပိတ်မိနေသူအချို့ လက်နက်ကြီးမှန်
တရုတ်က နယ်စပ်ပြန်ဖွင့်သော်လည်း ဗန်းမော်တိုက်ပွဲရပ်ဖို့ ဖိအားပေးနေ