ထိုင်းအစိုးရ၏ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များ နှိမ်နင်းသွားမည့် ကွာလန်းစီမံချက် (တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများအား ရှာဖွေဖမ်းဆီးရှင်းလင်းရေး)က မဲဆောက်မှ အထောက်အထားရှိ မြန်မာများပါ ဖမ်းဆီးခံရမှု ရှိနေကြောင်း သိရသည်။
ဇန်နဝါရီလဆန်းပိုင်းက တရုတ်မင်းသား ဝမ်ရှင်း ထိုင်းနယ်စပ်မှတဆင့် တဖက်ကမ်းရှိ မြဝတီသို့ လူကုန်ကူးခံရသည့် သတင်း ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ဒေသအာဏာပိုင်တို့က နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်လာသလို စစ်တပ်၊ ရဲနှင့် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့တို့က နယ်စပ်ဖြတ်ကျော်မှုခင်းနဲ့ လူကုန်ကူးမှုကို တားဆီးဖို့ မဲရမတ်၊ ဖုဖရမြို့ တွေမှာ ဂိတ်များထပ်တိုးချကာ နယ်စပ်တလျှောက် ၂၄ နာရီမပြတ်စစ်ဆေးမည်ဟု ဆုံးဖြတ်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်။
မဲဆောက်တွင် လာရောက်နေသူတဦးက “ဟိုတယ်မှာနေတဲ့သူ ပတ်စ်ပို့၊ စီအိုင်နဲ့ကို ပါသွားတယ်။ သူတို့ကို ဧည့်စာရင်း တိုင်ထားတဲ့ လိပ်စာနဲ့ နေရပ်လိပ်စာနဲ့ မကိုက်လို့ဆိုပြီး ဘတ် ၈၀၀ ဒဏ်ရိုက်ခံရတယ်။ စာရွက်စာတမ်း အစုံလူကိုတောင် ဖမ်းခေါ်ပြီးတော့မှ လဝက ရုံးမှာစစ်တာ၊ အလုပ်ရှင်လာပြောပြီး ထုတ်တာတောင်မှ ၈၀၀ ဒဏ်ရိုက် ပြီးမှ ပြန်ထုတ်ပေးတယ်” ဟု ပြောသည်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများအား ရှာဖွေဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံ အလိုက် ပြန်ပို့ရန် ထိုင်းရဲမှူးချုပ်က ဇန်နဝါရီ ၂၂ ရက်၌ ညွှန်ကြားလိုက်ပြီးနောက် ခရိုင်အဆင့်ထိ အဖွဲ့ပေါင်းစုံပါသော ထိုင်း အာဏာပိုင်များက နိုင်ငံခြားသားအများစု နေထိုင်ရာနေရာများ၊ တိုက်တန်းလျားများ၊ တည်းခိုခန်းများနှင့် ဟိုတယ်များတွင် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
စီမံချက် အစနေ့ဖြစ်သော ဇန်နဝါရီ ၂၂ ရက်တွင် မဲဆောက်ရဲတပ်ဖွဲ့ ဦးဆောင်မှုဖြင့် လုံခြုံရေးအင်အား ၂၇၅ ဦး ပါဝင်သော အဖွဲ့စုံပူးပေါင်းအဖွဲ့ ၁၀ ဖွဲ့ခွဲ၍ မဲဆောက်ရှိ ဟိုတယ်၊ တည်းခိုခန်း၊ အဆောင် စသည့် နေရာ ၁၃၁ ခုအား ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုအတွင်း ဗီဇာသက်တမ်းကုန်နေသည့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးပြီး ဥပဒေအတိုင်း ဆောင်ရွက်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုအခြေအနေ မပါဝင်သော်လည်း အဆိုပါကွာလန်း စီမံချက်ကာလအတွင်း မြန်နိုင်ငံသား ဆယ်ချီ ဖမ်းဆီး၊ စစ်ဆေးခံရ၍ ဒဏ်ကြေးများ ပေးဆောင်နေရကြောင်း ထိုင်းရောက် မြန်မာအရေးကူညီပေးနေသူများက ဆိုသည်။

ထိုင်းအစိုးရ၏ တရားမဝင် နိုင်ငံခြားသားများ ရှာဖွေ၊ ဖမ်းဆီး၊ ရှင်းလင်းမည့် “ကွာလန်း” နှင့် ပတ်သက်၍ အချိန်ကာလ အတိအကျ မသိရသော်လည်း ၆ လအတွင်း ကျားဖြန့်နှိမ်နင်းမည့်စီမံချက်၏ အစိတ်အပိုင်းဖြစ်သောကြောင့် စစ်ဆေးအရေး ယူမှုများ ပုံမှန်ထက်ပိုတင်းကျပ်နိုင်ကြောင်း ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
၎င်းက “ဒီတခါ ထူးခြားတာ တိုက်ဆိုင်မှုတခုရှိတယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာထဲမှာ လာသွားပြီးတော့ ညွှန်ကြားသွားတယ်။ ၆ လအတွင်းမှာ ထိုင်းနယ်စပ် ၁၄ ခရိုင်၊ မြို့နယ်ပေါင်း ၅၁ မြို့နယ်မှာ ကျားဖြန့်ဆိုတဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေ ထိထိရောက်ရောက် နှိမ်နင်းရမယ်။ အဲဒီလို ထိထိရောက်ရောက် နှိမ်နင်းတဲ့အခါမှာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေက တက်တက်ကြွကြွပါဝင်ရမယ်။ အကျင့်ပျက် ခြစားတာတွေ၊ လျော့တိလျော့ရဲ ဖြစ်နေတဲ့ လုံခြုံရေးဝန်ထမ်းတွေ အကုန်လုံးကို နယ်ပြောင်းပစ်မယ်လို့ ရာဇသံပေးထား တယ်“ ဟု ဆိုသည်။
ယင်းစီမံချက်အား ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်တွင် ထိုင်းအာဏာပိုင်များက စတင်အကောင်အထည်ဖော် နေပြီဖြစ်ရာ ရွှေ့ပြောင်းလုပ်သားများအပြင် နိုင်ငံရေးအခြေအနေကြောင့် ခိုလှုံလာကြသည့် မြန်မာနိုင်ငံသားများလည်း သတိထားရမည့်ကာလတခုဖြစ်ကြောင်း ဦးမိုးကြိုးက ပြောသည်။
၎င်းက “တရားမဝင် နိုင်ငံခြားသားမှာက ရွှေ့ပြောင်းလုပ်သားက အများဆုံးပေါ့။ အဲဒီထဲမှာမှ မဲဆောက်ဆိုတော့ မြန်မာ အများဆုံးပေါ့နော်။ မြန်မာ ၃ သိန်းလောက်ရှိတယ်။ ပြောမယ်ဆိုရင် အရင်ရှိနေတဲ့စီမံချက်နဲ့ အခုရှိနေတဲ့စီမံချက်က မတူ တော့ဘူး။ ဒီဟာကတော့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးတာနဲ့ ကျွဲကူးရေပါဆိုသလို အဆက်အစပ်ဖြစ်သွားတာပေါ့” ဟု သတိပေးပြောဆိုသည်။
ထိုင်းတွင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများအား တနှစ်လျှင် ပုံမှန် ၃ ကြိမ်ခန့် စီမံချက်များဖြင့် စစ်ဆေးဖမ်းဆီးမှု များအပြင် မဲဆောက်၌ အထောက်အထားမဲ့ နေထိုင်၊ အလုပ်လုပ်ကိုင်နေသူများကို ဒေသအာဏာပိုင်များက နေ့စဉ် ဖမ်းဆီး၊ စစ်ဆေးခြင်းများရှိပြီး အများစုမှာ ဒဏ်ကြေးအဖြစ် ငွေကြေးပေး ညှိနှိုင်းဖြေရှင်းလျက်ရှိသည်။
သို့သော် ယခု ကွာလန်းစီမံချက်၌ နေရပ်ပြန်ပို့မည်ဆိုသော ညွှန်ကြားချက် ပါဝင်နေသောကြောင့် မဲဆောက်တွင် နိုင်ငံရေး အရ လာရောက်ခိုလှုံနေကြသည့် မြန်မာနိုင်ငံသားအများစုမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် နိုင်ငံရေးတက်ကြွ လှုပ်ရှား သူတဦးက “အခုက ပြန်ပို့မယ်ဆိုတာကို ကြောက်တာပေါ့နော်။ ကျနော်က အထောက်အထားတွေလည်းမရှိတော့ အတော် စိုးရိမ်နေရတယ်။ အိမ်ထဲကနေလည်း မထွက်ရဲတော့ဘူး။ ဒါလည်း အိမ်ထဲထိဝင်ရှာနိုင်တဲ့ အခြေအနေရှိတော့ သတင်းတွေ အမြဲနားစွင့်ထားပြီး ရှောင်တိမ်းနိုင်အောင်လည်း အသင့်လုပ်ထားရတယ်” ဟု ပြောသည်။
မဲဆောက်တွင် ရွှေ့ပြောင်းအလုပ်သမားများအပြင် လက်ရှိအာဏာသိမ်းကာလအတွင်း နိုင်ငံရေးအရ လာရောက်ခိုလှုံနေကြ သူ သောင်းချီရှိကြောင်းသိရပြီး တချို့မှာ တတိယနိုင်ငံခိုလှုံခွင့် လျှောက်ထားမှုများကြောင့် အထောက်အထားများ မပြုလုပ် ထားသလို တချို့ကလည်း ပန်းရောင်ကတ် (ထိုးအစိုးရထုတ်ပေးသည့် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်) များပြုလုပ်၍ နေထိုင်ကြသူများရှိကြောင်း သိရသည်။
ပန်းရောင်ကတ်ဖြင့် နေထိုင်သူတဦးက “အခုစီမံချက်က ပန်းရောင်ကတ်လုပ်ထားလည်း စိတ်မချရဘူးပြောနေတယ်။ ပန်းရောင်ကတ်ထဲက အလုပ်ကတမျိုး၊ ကိုယ်ရှိနေတဲ့နေရာနဲ့ အလုပ်ကတမျိုးဖြစ်နေရင် သွားငြိနေမှာ။ အဲဒီတော့ စီအိုင်ရှိ လည်း စိတ်မချရဘူး။ အနေအထိုင် ဆင်ခြင်နေရတယ်” ဟု ပြောသည်။
အဆိုပါစီမံချက်ကာလအတွင်း ထိုင်းအာဏာပိုင်အဖွဲ့စုံများ၏ ဂိတ်ချစစ်ဆေးမှုများ၊ ဝင်ရောက်ရှာဖွေမှုများနှင့်ကြုံ၍ ဖမ်းဆီးခံရပါက ယခင်ကဲ့သို့ ငွေကြေးဖြင့် ညှိနှိုင်းဖြေရှင်းနိုင်ရန် လွယ်မည်မဟုတ်သောကြောင့် အနေအထိုင် သတိထား ဆင်ခြင်ကြရန်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ကူညီပေးနေသည့် အဝေးရောက်ဧရာဝတီ (OIA)အဖွဲ့ တာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောသည်။
၎င်းက “တခါတလေ Name List (ပန်းရောင်ကတ်ပြုလုပ်ရန် အမည်စာရင်းပေးထားခြင်း) ပြုလုပ်တာပဲဖြစ်ဖြစ်၊ စီအိုင် လုပ်တာပဲဖြစ်ဖြစ် ပွဲစားနဲ့လုပ်လိုက်တယ်။ ကိုယ့်သူဌေးက ဘယ်သူမှန်းမသိကြဘူး။ အဲဒါမျိုးက စိုးရိမ်ရတယ်။ အဓိကက ပွဲစားနဲ့ လက်မှတ်လုပ်တယ်ဆိုရင်တောင် သူဌေးနာမည်တွေ သိဖို့လိုတယ်။ လက်မှတ်ထဲကအလုပ်က ဘာအလုပ်လဲ။ အဲဒါလေးတွေ သိဖို့လိုမယ်။ နောက်ပြီး သူဌေးကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေလည်း တောင်းထားသင့်တယ်” ဟု အကြံပြုသည်။
ယခုနှစ်အစောပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၌ ဖြစ်ပွားခဲ့သော တရုတ်မင်းသားဝမ်ရှင်း လူကုန်ကူးခံရပြီးနောက် အလားတူ ဖြစ်စဉ်များ ဆက်တိုက်ထွက်ပေါ်လာခဲ့ရာ ထိုင်းအစိုးရဘက်မှ နယ်စပ်တလျှောက် သတိပေးဆိုင်းဘုတ်များ ဆိုက်ထူခဲ့သလို လုံခြုရေး ပိုမိုတင်းကျပ်ကာ တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသူများအား ဆက်တိုက်ဖမ်းဆီးလျက်ရှိသည်။
You may also like these stories:
ကျားဖြန့်၊ အကျင့်ပျက် စစ်ကောင်စီနဲ့ တရုတ် ဖိအား
နာမည်ကြီးနေတဲ့ ကျားဖြန့်ကိစ္စနဲ့ BGF အပြော
မြဝတီကျားဖြန့်အရေး ထိုင်းကို စစ်ကောင်စီ အပြစ်ပုံ