စစ်ဖြစ်နေသော မြန်မာတွင် ကိုယ်ကျိုးစီးပွားရှာရန် ကြိုးစားရာတွင် ရုရှားသည် တရုတ်နှင့် အိန္ဒိယတို့နှင့် ပူးပေါင်းပြီး အထူးသဖြင့် မြန်မာတောင်ပိုင်း တနင်္သာရီတိုင်းမှ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) တွင် ရင်းနှီးမြှုပ်နှံရန်ဖြစ်နိုင်ခြေကို စိတ်ဝင်စားနေသည်။
အင်္ဂါနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အစ္စကန်ဒါ အဇီဇော့သည် ထားဝယ် SEZ အကောင်အထည်ဖေါ်ရေးအတွက် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ စစ်ကောင်စီခန့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် ဆွေးနွေးရန် တနင်္သာရီတိုင်းမြို့တော် ထားဝယ်သို့ လေယာဉ်ဖြင့် သွားရောက်သည်။
တန်ချိန် ၂ သိန်းကျော်သော သင်္ဘောများဆိုက်ကပ်နိုင်သည့် ထားဝယ်မှ ဆိပ်ကမ်းစီမံကိန်းကို စတင်ရန် သူ၏ စစ်ကောင်စီက မော်စကို၏ အကူအညီတောင်းကြောင်း လွန်ခဲ့သောနှစ် မတ်လတွင် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ရုရှား၏ ITAR-TASS သတင်းဌာနသို့ပြောခဲ့သည်။
စစ်ကောင်စီ ထိပ်တန်းအရာရှိများက ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်ကျောထောက်နောက်ခံပြု SEZ နှင့် ရေနက်ဆိပ်ကမ်း အမြန်အကောင်အထည်ဖေါ်ရန် အစည်းအဝေးအမျိုးမျိုးတွင် တောင်းဆိုပြီး အိန္ဒိယသံအမတ်က အိန္ဒိယ ကျောထောက်နောက်ခံပြု ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ပြန်လည်သုံးသပ်ရန် စစ်တွေသို့ သွားရောက်ပြီးနောက် ရုရှားသံအမတ်က တနင်္သာရီသို့ သွားရောက်ခြင်းဖြစ်သည်။
ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားသည် ရင်းနှီးမြှုပ်နှံမှု၊ ရေလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ ခရီးသွားလုပ်ငန်း၊ အသက်မွေးဝမ်းကြောင်း ပညာရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမြင်ဖလှယ်ရန် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို တွေ့ဆုံသည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။
ရုရှားသံအမတ်သည် တနင်္သာရီမှ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကို မော်စကို၏ စိတ်ဝင်စားမှုကို ဖေါ်ပြပြီး ကမ်းခြေများနှင့် ကျွန်းများကဲ့သို့သော ခရီးသွားလုပ်ငန်းအဓိကနေရာများအကြောင်း၊ ထိုနေရာများသို့ သွားရောက်သည့် ခရီးသည်အရေအတွက်နှင့် မြိတ်ကျွန်းစုမှ ဟိုတယ်စီမံကိန်းများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအကြောင်း မေးမြန်းသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်း ကော်မတီ အစည်အဝေးတခုတွင် ကော်မတီဥက္ကဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးကံဇော်က ထားဝယ် SEZ သည် အရှေ့တောင်အာရှအတွက် အလားအလာရှိသော စီးပွားရေး အချက်အခြာနေရာဖြစ်ကြောင်း ပြောကြားပြီး ထိုစီမံကိန်းအရှိန်အဟုန်ကို ထိန်းသိမ်းရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် တိုက်တွန်းသည်။
ထို SEZ သည် ကပ္ပလီပင်လယ်တွင် ရှိပြီး ထိုင်းပင်လယ်ကွေ့နှင့် ထိုင်းမှ ကားလမ်းဖြင့် ဆက်သွယ်သည်။ ထို SEZ သည် အိန္ဒိယနှင့် ပိစိဖိတ် သမုဒ္ဒရာများကို ဆက်သွယ်ပေးနိုင်ပြီး အရှေ့တောင်အာရှနှင့် တောင်အာရှနှင့် အခြားနေရာများကို ချိတ်ဆက်ပေးနိုင်သည်။

ထို SEZ သည် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကို မြန်မာနိုင်ငံတောင်ပိုင်းနှင့် ဆက်သွယ်သည့် ဂျပန်၏ မဲခေါင်တောင်ပိုင်း စီးပွားရေးစင်္ကြန်တွင် အရေးပါသော အခန်းမှပါဝင်သည်။
၁၉၆ စတုရန်းကီလိုမီတာ ကျယ်သည့် ထိုစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတခုပါဝင်ပြီး ရေကြောင်းကျပ်သည့် မလက္ကာ ရေလက်ကြားကို ဖြတ်ကျော်ရန် မလိုသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက် အစိတ်အပိုင်း အဖြစ် ရည်ရွယ်သောကြောင့် ကုန်စည်ပို့ဆောင်ရန် လိုအပ်သည့် ကုမ္ပဏီများကို အထောက်အကူပြုမည်ဟု မျှော်လင့်ရသည်။ ထိုစီမံကိန်းတွင် အဆင့်မြင့် နည်းပညာ စက်မှုဇုန်များ၊ သတင်းနည်းပညာဇုန်များ၊ ပို့ကုန်ထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအချက်အခြာများ၊ စီးပွားရေးဝန်ဆောင်မှုများနှင့် အခြားအခြေခံအဆောက်အအုံများ ပါဝင်သည်။
ထိုစီမံကိန်းကို ယခင်စစ်အုပ်စုနှင့် ထိုင်းနိုင်ငံအကြား နားလည်မှုစာချွန်လွှာဖြင့် စတင်ခဲ့ပြီး ထိုစစ်အုပ်စုက ထိုင်းလုပ်ငန်း အီတာလျှံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီကို ဆိပ်ကမ်း SEZ တည်ဆောက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန် ၇၅ နှစ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။
ထိုနားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးပြီးနောက်တွင် ထိုစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြီးစီးရန် ၂ နိုင်ငံ သဘောတူခဲ့သည်။
သို့သော် များစွာသော နှောင့်နှေးမှုများဖြစ်ပြီး ထားဝယ် SEZ စီမံခန့်ခွဲရေးကော်မတီက မြန်မာတွင် စစ်အာဏာမသိမ်းမီ တလမျှအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အီတာလျှံ-ထိုင်းနှင့် သဘောတူစာချုပ်များ ဖျက်သိမ်းကြောင်းကြေညာသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ထားဝယ် SEZ သို့ သွားရောက်ပြီး ဆက်လက်အကောင်အထည်ဖေါ်ရန် တောင်းဆိုသည်။ မြန်မာသည် ထိုစီမံကိန်းကို ပြန်လည် စိတ်ဝင်စားကြောင်း ဖေါ်ပြသည့် ထိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၂၀၂၄ အစောပိုင်းတွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက မြန်မာ SEZ ဗဟိုကော်မတီအစည်းအဝေး တခုတွင် ပြောသည်။
စစ်ကောင်စီ အဓိက မဟာမိတ်နှင့် လက်နက်ရောင်းချသူ ရုရှားသည် ထိုအချိန်မှ စတင်ပြီး ကာလ ကြာမြင့်စွာ နှောင့်နှေးနေသည့် ထို SEZ စီမံကိန်းကို စိတ်ဝင်စားကြောင်းဖေါ်ပြသည်။
ရခိုင်ပြည်နယ်မှ တရုတ်ကျောထောက်နောက်ခံပြု ကျောက်ဖြူစီမံကိန်းသည် စစ်ကောင်စီနှင့် အာရက္ခတပ်တော်အကြား ပဋိပက္ခတွင် ကြားညပ်နေသကဲ့သို့ပင် တနင်္သာရီတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခဖြစ်နေပြီး ထိုရပ်ဆိုင်းနေသော စီမံကိန်း ပြန်လည်စတင်ရန် စစ်ကောင်စီ၏ စွမ်းရည်နှင့်ပတ်သက်သည့် သံသယများရှိနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Russia Reaffirms Interest in Troubled Port Project in Southern Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
ရုရှားခရီးသွားများအား ဆွဲဆောင်မည့် ချောင်းသာ တိုက်ပွဲကြောင့် ပိတ်ရ
AA ဝိုင်းထားလည်း ကျောက်ဖြူစီမံကိန်း ဆက်လုပ်ရန် စစ်ကောင်စီ ပြော
မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား
မီးစာကုန် ဆီခန်းလာသည့် နိုင်ငံ
ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ