စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်း သိမ်းခဲ့ပြီးနောက် ၃ လခန့်အကြာတွင် အိုးဘိုထောင်တွင်းတရားရုံးမှ ဇန်နဝါရီ ၁၆ ရက်၌ ပုဒ်မ ၅၀၅ (က) ဖြင့် အမြင့်ဆုံး ပြစ် ဒဏ် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်းမှ သိရသည်။
မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက “ဒေါက်တာ နေစိုးမောင်ကို ၅၀၅ က ရဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ် အမိန့်ချတာဆိုတာ မှန်ပါတယ်။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က အမိန့်ချတာလို့ သိရတယ်။ သူ့အမှုကို ရန်ကုန်က ရှေ့နေတွေ မန္တလေးကို ဆင်းလာပြီး အမှုလိုက်ကြတာမို့ အသေးစိတ်တော့ မသိရဘူးဗျ။ လက်ရှိ အိုးဘိုထောင်သီးသန့်အဆောင်မှာ သူ့ကို သီးသန့်ထားထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒေါက်တာ နေစိုးမောင်ကို စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ချိခြင်းများ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၃ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပြည်ကြီးတံခွန် မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ဒေါက်တာ နေစိုးမောင်သည် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး၊ ဒုကာ ကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ဗိုလ်ချုပ်ရာထူးဖြင့် အငြိမ်းစားယူကာ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်တင်စိန်၏ သားဖြစ်သည်။
ဒေါက်တာ နေစိုးမောင် ကိုယ်တိုင် တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ အဖမ်းမခံရခင်အချိန်အထိ လူမှုကူညီရေးလုပ်ကိုင် ခြင်း၊ အခမဲ့ဆေးကုသပေးခြင်းများကို လုပ်ဆောင်ပေးနေသူတဦးဖြစ်သည်။
ဒေါက်တာ နေစိုးမောင်သည် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို မဲပေးခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများတွင်လည်း ပါဝင်ခဲ့သလို စစ်အာဏာသိမ်းမှုကို မနှစ်သက်ကြောင်း မကြာခဏဆိုသလို လူမှုကွန်ရက်တွင် ရေးသားလေ့ရှိပြီး လေကြောင်းတိုက်ခိုက်မှု အကြောင်းကိုလည်း ဝေဖန်လေ့ရှိသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ၏ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်မှုနှင့်ပတ်သက်၍ ၂၀၂၄ အောက်တိုဘာ ၇ ရက်က “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက် သယ်ပိုးနိုင်ပါစေ ဆရာ” ဟု သူ၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ရေးသားခဲ့သည်။
ထိုသို့ ရေးသားချက်များကြောင့် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက ဒေါက်တာနေစိုးမောင်အား ဝေဖန်မှုများ ရေးသားခဲ့ကြသလို ဖမ်းဆီးထောင်ချရန် လှုံ့ဆော်မှုများလည်း ပြုလုပ်ခဲ့ကြသည်။
လက်ရှိအချိန်တွင် ဒေါက်တာ နေစိုးမောင်အား မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) ၌ အခြားအကျဉ်းသားများနှင့်အတူ မထားဘဲ သီးသန့်ခွဲ၍ထားရှိသလို ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း မန္တလေး တရားလွှတ်တော် ရှေ့နေများထံက သိရသည်။
ထို့အတူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကိုလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင် ၃ နှစ်၊ အစိုးရဝန်ထမ်းများအပေါ် ဝတ္တရားနှောင့်ယှက်မှုဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (ဃ) ဖြင့် ထောင် ၇ နှစ်၊ စုစုပေါင်း ၁၀ နှစ် ချမှတ်ထားသည်။
You may also like these stories:
ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်
ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ