အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်များ ဆိုင်းငံ့လိုက်ပြီး ရက်ပိုင်းအတွင်းမှာပင် ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည် ထောင်ချီခိုလှုံနေသည့် စခန်းများ၏ ကျန်းမာရေးဝန်ဆောင်မှု အားလုံး ရပ်တန့်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများနှင့် စခန်းတွင်းနေထိုင်သူများထံမှ သိရသည်။
မယ်လဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ အမျိုးသမီးတဦးက “ဆေးရုံကို ယာယီပိတ်ထားတယ်ပဲပြောတယ်။ ဘယ်လောက်ထိ ပိတ်မယ်ဆိုတာလည်း မပြောဘူး။ ဒီအတောအတွင်း စခန်းကလူကြီးတွေ အစည်းအဝေးလုပ်ပြီးတော့မှ တခုခုပြန်ပြီး ဆောင်ရွက်ပေးမယ်လို့တော့ ပြောတယ်” ဟု ပြောသည် ။
ကျန်းမာရေးကူညီပေးရေးအဖွဲ့ (IRC-International Rescue Committee) က ပေးနေသည့် ကျန်းမာရေးဝန်ဆောင်မှုများ ဖြစ်သော ပြင်ပလူနာဌာန(OPD)၊ အတွင်းလူနာဆောင်(IPD)၊ ကလေးသူငယ်နှင့်မီးဖွားဆောင်(RCH) နှင့် အခြားဌာနများ၊ စခန်းတွင်း ကျန်းမာရေးလှုပ်ရှားမှုများကို ဇန်နဝါရီ ၂၈ ရက်မှစ၍ ယာယီပိတ်ထားကြောင်း အရေးပေါ်သတိပေးချက်ကို မယ်ဒုက္ခသည်စခန်းတွင် ယမန်နေ့၌ ကြေညာခဲ့သည်။
ထို့ကြောင့် လူနာများ ယမန်နေ့ကတည်းက ဆေးရုံဆင်းနေကြရပြီး အောက်ဆီဂျင်ပေးထားသော လူနာများနှင့် အရေးပေါ် လူနာများအားလုံးမှာမူ ယနေ့ အပြီးဆင်းသွားပြီဖြစ်ကြောင်း၊ အရေးပေါ်လူနာများအတွက် တာဝန်ရှိသူများမှ မည်ကဲ့သို့ ဆက်လက်စီစဉ်ပေးမည်ကို မသိရသေးကြောင်း ကျန်းမာရေးဝန်ထမ်းဆရာမတဦးက ပြောသည်။
မယ်လစခန်း၊ အုန်းဖြန့်စခန်း၊ နို့ဗူး ဒုက္ခသည်စခန်းများနှင့် အဆက်အသွယ်ရှိသည့် ကရင်အမျိုးသားတဦးက “စခန်းတွေထဲ မှာ လိုက်ကြေညာတာပေါ့နော်။ ဆေးရုံတွေမှာ ဘယ်လူနာမှ လက်ခံတော့ဘူးပေါ့။ ဒီကိစ္စကို သက်ဆိုင်ရာ စခန်းတာဝန်ရှိသူ တွေ၊ ထိုင်းအာဏာပိုင်တွေ အရေးပေါ်အစည်းအဝေး ထိုင်နေတယ်။ တချို့အရေးပေါ်လူနာတွေနဲ့ မွေးလူနာတွေကို အုန်းဖြန့် မြို့နယ်နဲ့ နီးတဲ့ဘက်ဆိုရင် အုန်းဖြန့်ဆေးရုံကြီးမှာ အရေးပေါ်ပို့လို့ရအောင်လုပ်နေတယ်လို့ကြားတယ်” ဟု ပြောသည်။
ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးဝန်ဆောင်မှုများ ရပ်ဆိုင်းလိုက်ပြီးနောက် ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ အုန်းဖြန့်စခန်းတာဝန်ရှိသူများ၊ ကရင်ဒုက္ခသည်များကော်မတီ(KRC) အတွင်းရေးမှူးတို့အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ အစည်းအဝေး ပြုလုပ်နေသောကြောင့် ဖုန်းလက်ခံဖြေကြားရန် အဆင်မပြေသေး ကြောင်း ပြောသည်။
ဒုက္ခသည်စခန်းများရှိ ဆေးရုံများ ရုတ်တရက် ပိတ်လိုက်သောကြောင့် မွေးလူနာများနှင့် အရေးပေါ်လူနာတချို့ကို ကိုယ်ထူကိုယ်ထ ကူညီပေးနေသူများက ပြင်ပဆေးရုံများသို့ လိုက်ပို့ပေးနေရကြောင်း ကရင်အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ကျမလည်း ကိုယ်နိုင်တာကို ကူညီပေးတာပေါ့နော်။ အရေးပေါ်မွေးမယ့်သူတွေ ဆေးရုံသွားဖို့ ခက်ခဲနေတာကို အဓိက ကူညီပေးတယ်” ဟု ဆိုသည်။
ထိုသို့ အရေးပေါ်လူနာများအား ကူညီပေးမည့်သူတချို့ရှိသော်လည်း ပုံမှန်ဆေးဝါးကုသမှုခံနေရသူများ၊ နာတာရှည် ရောဂါသည်များအတွက်မူ ပြင်ပတွင် သွားရောက်ပြသရန် အထောက်အထား စာရွက်စာတမ်း မရှိသည့်ပြဿနာနှင့် ငွေကြေးအခက်အခဲများစွာ ရှိနေကြောင်း ဒုက္ခသည်စခန်းများ၌ ခိုလှုံနေသူများက ပြောသည်။
ဒုက္ခသည်စန်းမှ ဆေးရုံများ ရုတ်တရက်ပိတ်လိုက်ရခြင်းသည် အမေရိကန်နိုင်ငံက နိုင်ငံတကာအကူအညီပေးရေး အစီအစဉ်များကို ရက် ၉၀ ဆိုင်းငံ့လိုက်အပြီး ထိုင်းနယ်စပ်ရှိ ကျန်းမာရေးဝန်ဆောင်မှုများအတွက် အဓိက ကူညီပေးနေသော အထောက်အပံ့များကို ရပ်ဆိုင်းလိုက်သောကြောင့် ဖြစ်သည်။
You may also like these stories:
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုး
အိုးဘိုထောင်၌ ဝမ်းရောဂါဖြစ်ပွားနေ၊ ဆေးဝါးလုံလောက်စွာ မရ
ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)