လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတဟောင်း ဂျိုးဘန်ဒန် လက်ထက်က ပြဌာန်းခဲ့တဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပြဌာန်းချက် တချို့ကို ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်။
နိုင်ငံရဲ့အဝေးပြေးလမ်း စနစ်ကို အသုံးချကာ ယာဉ်တွေကနေ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို တိုင်းတာပြီး သတ်မှတ်ချက်တွေ အတိုင်း လျှော့ချနိုင်ဖို့ ပြည်နယ်တွေက လုပ်ဆောင်ရမယ် ဆိုတဲ့ ရာသီဥတု ဆိုင်ရာ ပြဌာန်းချက်ကို ရုပ်သိမ်းဖို့ စီစဉ်နေကြောင်း အမေရိကန် သယ်ယူ ပို့ဆောင်ရေး ဌာနက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုတရားရုံးက ပိတ်ပင်ခဲ့တဲ့ ဘိုင်ဒန်ရဲ့ ဥပဒေ ပြဌာန်းချက်ကို ဒေါ်နယ်ထရမ့် ခန့်အပ်ထားတဲ့ ပို့ဆောင်ရေး ဝန်ကြီး Sean Duffy က ပြန်လည် ပြင်ဆင်ဖို့ အတည်ပြုခဲ့တာပါ။
ဒါဟာ မတရားတဲ့ စည်းမျဉ်းတွေကို ဖယ်ရှားကာ အမေရိကန်ရဲ့ စွမ်းအင်တွေကို လွတ်လပ်စွာ အသုံးပြုစေမယ် ဆိုတဲ့ ကတိကဝတ်တွေ အတိုင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘိုင်ဒန် ထုတ်ပြန်ခဲ့တဲ့ ခရီးသည်တင် ယာဉ်တွေနဲ့ ထရပ်ကားတွေ အတွက် လုပ်ငန်းဆိုင်ရာ ပျမ်းမျှလောင်စာဆီ စံနှုန်း တွေကို ပြန်လည် ရုပ်သိမ်းဖို့ ပထမ အဆင့်ကို လုပ်ဆောင်နေပြီလို့ Duffy က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါသေးတယ်။
အမေရိကန် သယ်ယူ ပို့ဆောင်ရေး ဌာန (USDOT) ကို ဥပဒေ ပြဌာန်းဖို့ အခွင့်အာဏာ မရှိဘူးဆိုပြီး တက္ကဆက်နဲ့ အခြား ပြည်နယ် ၂၃ ခုက ၂၀၂၃ မှာ တရား စွဲခဲ့သေးကြောင်း သိရပါတယ်။
ဘိုင်ဒန်ရဲ့ ဥပဒေဟာ အသေးစိတ် ဦးတည်ချက်တွေ ချမှတ်မပေးထားဘဲ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အချိန်နဲ့အမျှ လျှော့ချ နိုင်ဖို့ ပြည်နယ် သယ်ယူ ပို့ဆောင်ရေး ဌာနတွေကို သင့်လျော်တဲ့ ဦးတည်ချက်တွေ ချမှတ်နိုင်ခွင့် ပေးထားတယ်လို့ ဆိုပါတယ်။

တိုးတက်မှုကို အကဲဖြတ်မယ်လို့ ဥပဒေက ဆိုပေမယ့် သတ်မှတ်ချက် မပြည့်ရင် ဘယ်လို အရေးယူမယ် ဆိုတာတော့ မဖော်ပြထားဘူးလို့ သိရပါတယ်။
သမ္မတ အိုဗားမား ထုတ်ပြန်ခဲ့တဲ့ အဝေးပြေးလမ်း ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ပြည်နယ်တွေက ကောက်ယူ ရမယ် ဆိုတဲ့ အမိန့်ကိုလည်း ၂၀၁၈ ခုနှစ် ထရမ့် ရဲ့ပထမအကြိမ် အစိုးရ သက်တမ်း အတွင်းက ရုပ်သိမ်းခဲ့ဖူးပါတယ်။
ထရမ့်ဟာ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ “၂၀၃၀ မှာ အမေရိကန်နိုင်ငံ အတွင်း ရောင်းချရသမျှ ယာဉ် အသစ် တွေရဲ့ တဝက်ဟာ လျှပ်စစ် စွမ်းအင်သုံး ယာဉ်တွေဖြစ်ရမယ်”ဆိုတဲ့ အမိန့်ကို ပြီးခဲ့တဲ့ အပတ်က ရုပ်သိမ်း ခဲ့ကြောင်း သိရပါတယ်။
ထရမ့်က ယာဉ်အားသွင်းဖို့ နေရာတွေ တည်ဆောက်ဖို့ ချပေးထားတဲ့ ဒေါ်လာ ၅ ဘီလီယံထဲက မသုံးရသေးတဲ့ ငွေတွေကို ရပ်တန့်မယ်လို့ ဆိုခဲ့ပြီး ၂၀၃၅ ခုနှစ်မှာ ပြည်နယ်တွေ ရရှိနိုင်မယ့် အလုံးစုံ လျှပ်စစ် ယာဉ် ဖြစ်ရေး ဥပဒေ လျှော့ပေါ့ ပေးမှုကိုလည်း အဆုံးသတ်ခဲ့ပါတယ်။
ဒါ့အပြင် သူ့အစိုးရ အဖွဲ့ဟာ EV အခွန် ကင်းလွတ်ခွင့်ကိုလည်း ရပ်တန့်ဖို့ စဉ်းစားသွားမယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။
ဘိုင်ဒန် အစိုးရရဲ့ သယ်ယူ ပို့ဆောင်ရေး ဌာနက “၂၀၅၀ စီးပွားရေး နယ်ပယ်မှာ ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝ မရှိစေရ” ဆိုတဲ့ ရည်မှန်းချက် အတွက် အဆိုပါ ဥပဒေဟာ မရှိမဖြစ်အရေးပါတယ်လို့ ဆိုခဲ့ပေမယ့်လည်း ပြည်နယ်တွေကို ၂၀၅၀ ရည်မှန်းချက်နဲ့ ကိုက်ညီအောင် လုပ်ဖို့ သတ်မှတ် မထားခဲ့ဘူး လို့လည်း သိရပါတယ်။
Ref : Reuters