အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး အပြောင်းအလဲ ဖြစ်ပြီးနောက် စစ်ကိုင်းတ်ိုင်း မုံရွာမြို့ပေါ်တွင် အဖမ်း အဆီးများရှိနေသလို ဆားလင်းကြီး၊ ယင်းမာပင်၊ အရာတော်၊ ချောင်းဦး၊ မြင်းမူ၊ ကနီ၊ ဘုတလင်မြို့နယ်များသို့ ဆက်တိုက်စစ်ကြောင်း ထိုး နေသည်။
တိုင်းမှူးသစ်မှာ လားရှိုးတိုက်ပွဲ၌ လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် မျိုးမင်းထွေးဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၈ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
၎င်းရောက်လာပြီးနောက် ဇန်နဝါရီ ၂၅ရက်မှစ၍ ယနေ့အထိ မုံရွာမြို့ပေါ်၌ အမျိုးသမီးများအပါ လူငယ်၊ လူလတ် ၂၀၀ ကျော်ထိ ဖမ်းဆီးခံထားရပြီး ကား၊ ဆိုင်ကယ်အစ စစ်ဆေးနေရာ လမ်းမကြီးများပေါ်၌ အသွားအလာရှင်းနေကြောင်း၊ ထိုဖြစ်ရပ်များကြောင့် မြို့ပေါ် စီးပွားရေးလုပ်ငန်းတချို့ ရပ်ထားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေး ထားသည်။
ဖေဖေါ်ဝါရီ ၂ရက်က ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကနီမြို့နယ် ထောက်ကြံ့ကုန်းကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်သား ၂ဦး သေဆုံးသလို ၇ ဦး ထိခိုက်ဒဏ်ရာရကြောင်း ကနီမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ) ကဆိုသည်။
မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ တာဝန်ရှိသူတဦးက “တိုင်းမှူးအပြောင်းအလဲဆိုတာမျိုးဖြစ်သလို နမခ မုံရွာ ကို တဖြည်းဖြည်းနဲ့ ဝိုင်းလာတာမျိုးဆိုတော့ ကာချင်တဲ့သဘောမျိုးလည်း တွေ့ရတယ်။ ဒါကြောင့် မုံရွာမြို့ပတ်လည်က မြို့နယ်တွေကို ဆက်တိုက်စစ်ကြောင်းထိုးနေတာ ဒီဇင်ဘာလကုန်ခါနီးကနေ စထိုးတာ ဒီနေ့အထိပဲ” ဟု ပြောသည်။
လက်ရှိတွင်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုများက မကြာခဏ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်နေသည့်အပြင် စစ်ယာဉ်တန်းများကိုပါ မိုင်းဆွဲတိုက်ခိုက်နေရာ စစ်ကောင်စီဘက်ကလည်း နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့သည့်အပြင် ဒေသခံများကိုပါ ဖမ်းဆီးသတ် ဖြတ် နေသည်။
စစ်ရေးလေ့လာသုံးသပ်သူတဦးက “ချင်းတောင်ပိုင်းကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီဆိုတော့ ပို အရေးကြီးတဲ့ အခြေအနေမျိုးမှာ ရောက်နေတဲ့အပြင် လက်ရှိ စစ်တိုင်းမှူးက ရှေ့မှာသူတာဝန်ယူခဲ့တဲ့ စကခ-၁ ဟာ စစ်အင်္ဂါစဉ်ထဲက ပျောက်သွားခဲ့ရပေမယ့် အရေးယူမခံရဘဲ တိုင်းမှူးအဆင့်ထိ ရာထူးတိုးခံထားရတာဆိုတော့ ကြမ်းကြမ်းတမ်းတမ်း လုပ်ပြနေတာလို့ပဲ မြင်တယ်” ဟု ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးမှာ အလုပ်သင်ဗိုလ်သင်တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး၊ တပ်မ ၁၁၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့ပြီး ၂၀၂၄ သြဂုတ် ၃ ရက် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်များ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးကို သိမ်းစဉ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့နှင့်အတူ အရာရှိ၊ စစ်သည် ၄,၀၀၀ ကျော် လက်နက်ချအညံ့ခံခဲ့ရာ၌ ပါဝင်ခဲ့သူလည်း ဖြစ်သည်။
MNDAA က ပြန်လွှတ်ပေးခဲ့ပြီးနောက် အရေးယူမခံရဘဲ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အမှတ်(၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၃) ကျောင်းအုပ်ကြီးဖြစ်လာသလို ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်တွင် တိုင်းမှူး အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ် မျိုးမင်းထွေး တိုင်းမှူးဖြစ်၍ တလမပြည့်ခင် မုံရွာနှင့် မိုင် ၃၀ ခန့်ဝေးသည့် ဘုတလင် မြို့နယ်ရှိ အခိုင်အမာ ဆောက်ထားသည့် ကူတော်ရွာရဲကင်း လက်လွှတ်ခဲ့ရသလို နမခတိုင်းစစ်ဌာနချုပ်လည်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အပစ်ခံထားရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်ရှိဒေသများ၊ ယင်းနှင့် ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား အဓိက တာဝန်ယူ ဆောင်ရွက်ရသည့် အရေးကြီးစစ်တိုင်းတခု ဖြစ်သည်။
ထို့အတွက် မုံရွာမြို့နယ်ရှိ ကံမရွာ၊ အရှေ့ခြမ်းရှိ မုံရွာ-ကျောက္ကာ-အရာတော် ကားလမ်းဘေးတလျှောက်ရှိ ရွာများ၊ မုံရွာမြို့ နှင့် ၁၀ မိုင်ခန့် ဝေးသည့် ဗဒုံရွာတို့ကို စစ်ကြောင်းများဖြင့် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ကံမရွာမှ အမျိုးသမီးတဦးက “သူတို့ ဝင်လာတုန်းက မိန်းမတွေမှာ ဝတ်ထားတဲ့ နားကပ်၊ လက်စွပ်ကအစ အကုန်ချွတ် ခိုင်းပြီး ယူသွားကြတာ။ ဆန်ဆီကအစ ကားတွေပေါ်တင်သွားကြတယ်။ ဆိုင်ကယ်တွေကို သူတို့ထဲက ပါလာတဲ့သူတွေ စီးသွားကြတာ။ အချို့ စုဆောင်းထားတဲ့ပိုက်ဆံလေးတွေလည်း အတင်းအဓမ္မယူသွားကြတယ်။ မလွတ်သေးဘဲ ကျန်နေတဲ့ သူတွေက အခုချိန်ထိ မြို့တော်ခန်းမနဲ့ မြို့မရဲစခန်းထဲမှာ ရှိတယ်လို့သိရတယ်။ မိသားစုဝင်တွေနဲ့တော့ တွေ့ခွင့်ပေးတယ်” ဟု ပြောသည်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ကံမရွာသည် မုံရွာမြို့နှင့် ၃ မိုင်ကျော်သာ ကွာဝေးပြီး ဇန်နဝါရီ ၂ ရက် ညပိုင်း စီးနင်းမှုတွင် ကလေးငယ်၊ အမျိုးသမီးများ အပါအဝင် ဒေသခံ ၆၀ ကျော် ဖမ်းဆီးခံရကာ အိမ် ၂၄ လုံးအား မီးရှို့ခံရသည်။ ဇန်နဝါရီ ၇ ရက်၌ တချို့ ပြန်လွတ်လာသော်လည်း လူငယ်၊ လူလတ်ပိုင်းအရွယ် ၃၀ ခန့်မှာ ယနေ့တိုင် မလွတ်လာသေးကြောင်း၊ စစ်တပ်ပြန်ဝင်လာမည်ကို စိုးရိမ်၍ ရွာတွင်း ပြန်မဝင်ရဲသေးကြောင်း ဒေသခံများက ဆိုသည်။
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “လောလောဆယ် စစ်ကြောင်းက မုံရွာပတ်ချာလည်ကို တရွေ့ ရွေ့နဲ့ ထိုးနေကြတယ်။ စစ်ကြောင်းဆက်တိုက်ဝင်နေတာမို့ ကျနော်တို့က ကာစရာရှိတာကာတယ်၊ ပြည်သူတွေ ထုတ်စရာ ရှိတာ ထုတ်တယ်။ နမခကိုလည်း ကျနော်တို့က ကြုံရင်ကြုံသလို ရှော့တိုက်ဒုံးတွေနဲ့ မကြာခဏ သွားပစ်နေကြ တာဆို တော့ တိုင်းမှူးအသစ်က အကြောက်လွန်ပြီး လုပ်နေတာမျိုးလို့ပဲ မြင်တယ်” ဟု ပြောသည်။
အလားတူ ချောင်းဦးမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းတို့ကြောင့် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ပြန်လည်စစ်ကြောင်းထိုးရန် ဇန်နဝါရီ ၂၉ ရက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ တပ်သား ၁၅၀ ခန့် ရောက်ရှိနေကြောင်း ချောင်းဦး ပြည်သူ့ကာကွယ်ရေး တပ် (CHU PDF)ထံမှ သိရသည်။
CHU PDF မှ တာဝန်ရှိသူတဦးက “ချောင်းဦးနယ်ထဲကို စစ်ကြောင်းထိုးမယ်ဆိုရင် ထွေအုပ်ရုံးမှာ အရင်အင်အားစုတယ်၊ ပြီးမှ အဲဒီကနေ စစ်ကြောင်းထိုးတာ။ ချောင်းဦးနယ်မှာက အားကောင်းတဲ့ ပျူရွာတွေလည်း ရှိနေသေးတာဆိုတော့ လက်ရှိ တိုင်းမှူးအသစ် ရောက်လာပြီးနောက်ပိုင်းမှာ အဲဒီပျူရွာတွေကို မရရတဲ့နည်းနဲ့ ရိက္ခာပို့နေတာမျိုးတွေရှိတော့ အခုရောက်နေ တဲ့ကောင်တွေကလည်း စစ်ကြောင်းထိုးရင်း ပျူရွာတွေကို ရိက္ခာပို့မယ်လို့ ယူဆရတာပေါ့” ဟု ပြောသည်။

ချောင်းဦးမြို့နယ်ရှိ ယင်းပျူစောထီးကျေးရွာများအား တော်လှန်ရေးအင်အားစုများက ဖြတ် ၄ ဖြတ်စနစ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ ထားမှုကြောင့် ရိက္ခာခဲယမ်းများ ပြတ်တောက်နေကြပြီး ပျူစောထီးအချို့မှာ လက်နက်များပါယူဆောင်၍ အလင်းဝင်လာမှု ရှိနေကြောင်း သိရသည်။
ထို့အတူ ယင်းမာပင်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သည် ဇန်နဝါရီ ၅ ရက်၌ ယင်းမာပင်မြို့နှင့် ကပ်လျက် အိမ်ခြေ ၅၀၀ ကျော်ရှိ မြို့သစ်ကျေးရွာကို စီးနင်းပြီး နေအိမ်နှင့် နွားစာတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းမာပင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်ကြောင်းထိုးမှုများ ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။
ယခုအခါ နမခ အခြေစိုက် မုံရွာမြို့မှတဆင့် ချိတ်ဆက်သွားလာနိုင်သော မုံရွာ-စစ်ကိုင်းလမ်းမကြီး၊ မုံရွာ-ပုသိမ်လမ်းပိုင်း၊ မုံရွာ-ဆားလင်းကြီးလမ်းပိုင်း၊ မုံရွာ-ဘုတလင်-ရေဦးလမ်းပိုင်း၊ မုံရွာ-ပုလဲလမ်းပိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်း စသည့် လမ်းများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သလို ချင်းတွင်းမြစ်ကြောင်း အရေးကြီးနေရာများကို လည်း ထိန်းချုပ်ထားကြောင်း သိရသည်။
“အခု စစ်ကိုင်းတိုင်း PDF တွေက လက်နက်ခဲယမ်း၊ မီးကျောက်တွေ နည်းနည်းပြည့်စုံလာတယ်။ ရှမ်းမြောက်၊ မန္တလေး၊ ကချင်ဘက်တွေမှာ သွားပြီးတိုက်ခိုက်ခဲ့ကြတော့ စစ်ရေးအတွေ့အကြုံတွေကလည်း ရလာကြပြီ။ အဲဒီတော့ လက်နက်ပြည့် စုံ၊ စစ်ရေးအတွေ့အကြုံလည်း ရလာတဲ့အခါကျတော့ ဘုတလင်တိုက်ပွဲတို့၊ ဒီပဲယင်းတိုက်ပွဲတို့၊ အခု ဝက်လက်တိုက်ပွဲ တို့လို့ ချေမှုန်းရေးတိုက်ပွဲတွေ ပေါ်လာတာပေါ့” ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက မှတ်ချက်ပြုသည်။
အဆိုပါအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တည်ရှိရာ မုံရွာမြို့သည် စစ်ကိုင်းတိုင်း၏ မြို့တော် တိုင်းအစိုးရရုံးစိုက်ရာမြို့ဖြစ် ပြီး မြို့ပေါ် ၂၆ ရက်ကွက်အပြင် မြို့နယ်တွင်း ကျေးရွာအုပ်စု ၅၇ အုပ်စု၊ ကျေးရွာပေါင်း ၁၉၄ ရွာထိ ရှိသလို မုံရွာမြို့နယ်၏ အရှေ့ဘက်တွင် အရာတော်မြို့နယ်၊ အရှေ့တောင်ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် ချောင်းဦးမြို့နယ်၊ မြောက် ဘက်တွင် ဘုတလင်မြို့နယ်၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်နှင့် ယင်းမာပင်၊ ဆာလင်းကြီးမြို့နယ်များနှင့် နယ်နမိတ် ထိစပ်နေသည်။
You may also like these stories:
မုံရွာ နမခအနီး ကာကင်းစခန်းကို တပ်ပေါင်းစု ထိုးစစ်ဆင်
စစ်ကိုင်း PDF တွေကို တိုက်ဖို့ နမခတိုင်းမှူးသစ် ခန့်
ဒုစစ်ခေါင်းဆောင်ရဲ့ နမခ ခရီးစဉ် ဘာလဲ (ရုပ်/သံ)