ထိုင်းအစိုးရ ကျားဖြန့်အရေး အကြောင်းပြု၍ မြန်မာနယ်စပ်ဒေသများသို့ ပေးသည့် လျှပ်စစ်မီးနှင့် လောင်စာဆီကို ယနေ့ နံနက်ကစ၍ ဖြတ်လိုက်ရာ မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်တို့၌ စက်သုံးဆီဈေးမြင့်လာကာ အကန့်အသတ်ဖြင့် ဝယ်ရ သဖြင့် ဆီဆိုင်တချို့ ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ကျားဖြန့်ငွေလိမ်လုပ်ငန်းကို ပံ့ပိုးနေသည်ဟု သံသယရှိသော နယ်စပ် ၅နေရာကို ယနေ့နံနက် ၉ နာရီမှစ၍ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီထောက်ပံ့မှု ဖြတ်ရန် ထိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေး ကောင်စီ (NSC)မှ ယမန်နေ့က ဆုံးဖြတ်ခဲခြင်းဖြစ်သည်။
ထို့အတွက် ယနေ့နံနက် မြဝတီမြို့မှ လူနေရပ်ကွက်တချို့နှင့် အစိုးရရုံး၊ ဟိုတယ်များနှင့် သာသနာရေးဆိုင်ရာအဆောက် အဦများ မီးမရတော့သလို ထိုင်းမှ စက်သုံးဆီကားများ မလာတော့သဖြင့် ဆီဆိုင်များ၌ တန်းစီနေသည့် ကား၊ ဆိုင်ကယ်၊ သုံးဘီးများ များလာရာ လမ်းပိတ်သည့်အထိ ဖြစ်ရသည်ဟု မြို့ခံများ ကဆိုသည်။
မြဝတီမြို့ခံတဦးက “အခုကတော့ ဆီဆိုင်တွေမှာ အကုန်လုံး ပတ်တိုးနေတာပေါ့။ ဒီနားက PTT ဆိုင် တဆိုင်ကတော့ အခု မနက်ပိုင်းမှာ အရောင်းရပ်လိုက်ပြီ။ မနက်ပိုင်းတုန်းကတော့ Ground Tank ကုန်တဲ့အထိ ရောင်းပေးမယ်ပြောပြီး အခု ပိတ်လိုက်ပြီ။ ထိန်းရောင်းတဲ့ သဘောဖြစ်မှာပေါ့။ တော်တော်များများ ဆီဆိုင်တွေမှာလည်းအပြည့် ကားတွေ တန်းစီနေကြ တာ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ၃၃၀၀ ကျပ် ဝန်းကျင်ပဲရှိတယ်။ ဈေးကတော့ မနေ့ ၃၃၇၀ ကျပ် လောက်ရှိတယ်။ မနေ့က နည်း နည်း စတက်တယ်။ စက်သုံးဆီအဓိကထားသုံးနေရတဲ့မြို့ဖြစ်တဲ့အတွက် ဆိုင်ကယ် Taxi သမားတွေကအစ အဆင်မပြေ ဖြစ်လာနိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေများသို့ ရန်ကုန်၊ မန္တလေးတို့မှ စက်သုံးဆီ သယ်ယူပို့ဆောင် ခြင်းကို ကန့်သတ်ထားခြင်း၊ အာရှလမ်းမကြီးပိတ်ထားသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းအစရှိသည်တို့ကြောင့် ကရင်ပြည်နယ် ဘုရားသုံးဆူ၊ မြဝတီမြို့တို့မှ ပြည်သူများအနေဖြင့် စက်သုံးဆီကို ထိုင်းနိုင်ငံကို တဆင့်ခံ၍ စင်ကာပူမှ တင်သွင်းသည့် ဆီကိုအသုံးပြု နေခြင်း ဖြစ်သည်။
မြဝတီမြို့တွင် အများစုမှာ ဆိုလာနှင့် မီးစက်တို့ကိုသာ အသုံးပြုနေရပြီး မြို့ရှိလုပ်ငန်းများမှာလည်း မီးစက်ကိုအားထား အသုံးပြုနေရသဖြင့် ယခုကဲ့သို့ ထိုင်းဘက်မှ စက်သုံးဆီပိတ်လိုက်ခြင်းသည် မြို့နေပြည်သူများ၏အခက်အခဲသာမက လုပ်ငန်းများအတွက်ပါ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံက သိရသည်။
မြို့ခံလုပ်ငန်းရှင်ကြီးတဦးက “ဆိုလာသုံးနိုင်တဲ့သူက ဆိုလာသုံးပေါ့။ မသုံးနိုင်တဲ့သူက တနိုင်တပိုင် မီးစက်လေးတွေ သုံးနေ ရတာ စားသောက်ဆိုင်တွေ၊ သံပန်းသံတံခါးလုပ်ငန်းတွေ၊ တွင်ခုံလုပ်ငန်းတွေ အကုန်လုံးက မီးစက်နဲ့ပဲ သုံးနေ ရတာ။ ထိုင်းဘက်ကနေပဲ သွင်းနေတာဖြစ်လို့ အခု ပိတ်လိုက်မယ်ဆိုရင်တော့ တော်တော်လေးကို ထိခိုက်မှုများသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

နောက်ထပ်မြို့ခံတဦးကလည်း ထိုင်းအစိုးရအနေဖြင့် မြဝတီမြို့ကို မီးဖြတ်လိုက်ခြင်းမှာ ဒေသခံများအတွက် တိုက်ရိုက် သက်ရောက်မှု မရှိသေးသော်လည်း လျှပ်စစ်မီးကို အဓိကထားသုံးစွဲနေသည့် ဆေးရုံများမှ လူနာများအတွက် ခွဲစိတ် ကုသမှု အခြေအနေများ၊ အောက်စီဂျင်ပေးမည့်ကိစ္စရပ်များ၌ အခက်အခဲကြုံတွေ့ရသဖြင့် မည်သည့် နည်းလမ်းဖြင့် လုပ်ဆောင် မည်ကို လက်ရှိတွင်တာဝန်ရှိသူများက စုံစမ်းလုပ်ဆောင်နေကြောင်း ဧရာဝတီသို့ ပြောသည်။
“ထိုင်းအစိုးရက လောင်စာဆီလို့ ထုတ်ပြန်ထားတာမှန်ပေမယ့် လောင်စာဆီဆိုတဲ့ကဏ္ဍမှာ ဓာတ်ဆီ၊ ဒီဇယ်တို့ ဂက်စ်တို့ အဓိကထားပြောတယ်လို့ ယူဆတယ် ဘာလို့ဆို ရွှေကုက္ကိုဒေသက နဂိုထဲက ယိုးဒယားမီးဖြတ်ထားတဲ့အတွက် ဒီမီးစက် တွေကို သူတို့အနေနဲ့ ဂက်စ်တွေနဲ့လည်နေကြတယ်။ ဒီဇယ်စက်လည်း ရှိကောင်း ရှိနိုင်တယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလို ဖြတ်တောက်လိုက်တဲ့အတွက် ကျားဖြန့်တွေအနေနဲ့ ထိရောက်မှု ရှိသွားလားတော့ မသိဘူး ကျနော်တို့ ပြည်သူတွေအနေနဲ့ လည်း စက်သုံးဆီအနေအထားက အခက်တွေ့သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ယနေ့နံနက် မြဝတီမြို့ ၌ ဓာတ်ဆီတလီတာ ၃၄၀၀ကျပ်၊ ဒီဇယ် တလီတာ ၃၆၀၀ ကျပ် ရောင်းချနေသလို တာချီလိတ်မြို့ ရှိ ဆီပန့်ဆိုင်များတွင်လည်း ဝယ်ယူသူများကာ ပြီးခဲ့တဲ့အပတ်အတွင်း ပြင်ပဈေး တလီတာ ဘတ် ၃၀ ဝန်းကျင် ရှိရာမှ ယနေ့ တလီတာလျှင် ဘတ် ၈၀ မှ ၁၀၀ အထိ အဆမတန် ဈေးမြင့်တက်လာကြောင်း၊ ဘုရားသုံးဆူမြို့၌ စက်သုံးဆီ ၁ လီတာ လျှင် ယခင် ၃၂ ဘတ်မှ ယနေ့ ၆၀ ဘတ်အထိ ဈေးနှုန်းများ ချက်ချင်းမြင့်တက်လာသလို ဝယ်ယူသူများလည်း များပြားနေ ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် စိုးရိမ်ပူပန်၍ ဝယ်ယူသူများလာသဖြင့် နောက်ပိုင်းတွင် လူတဦးလျှင် ကျပ် ၂ သောင်း၊ ၃ သောင်းဖိုးသာ ရောင်းချလာနိုင်ကာ ကားတစီး လျှင် တရက် တခါသာ ဝယ်ယူခွင့်ရခြင်း အစရှိသဖြင့် ကန့်သတ်လာနိုင်ကြောင်း မြို့ခံများက ပြောသည်။
“၃ရက် ၄ရက်စာ လှောင်ထားလို့ ရှိသေးတယ်ဆိုပေမယ့် နောက်ပိုင်းရက် ဆီပြတ်လာရင် ပြဿနာရှိတယ်၊ တဖက်က ပြန် ပိတ်ဆို့မှုတွေ လုပ်လာနိုင်တယ်၊ အစိုးရဆိုတာလည်း နေပြည်တော်အစိုးရ ဒီဒေသကို BGF က ကိုင်ထားတာ၊ ထိုင်းကား တွေ မလာရဆိုတာမျိုး ဖြစ်လာရင် အားလုံးအခက်တွေ့နိုင်တယ်”ဟု ဒေသခံတဦးက သုံးသပ်သည်။
ထိုင်းအစိုးရက လျှပ်စစ်မီးနှင့်လောင်စာဆီဖြတ်တောက်မည့်နေရာများမှာ မြပန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှပေးနေသော မွန်ပြည်နယ်ဘုရားသုံးဆူ၊ Allure Group (P&E) မှ ပေးနေသော မိုင်းတုံ-တာချီလိတ်မြို့နယ်နှင့် ထိုင်း-မြန်မာချစ်ကြည်ရေး တံတား( တာချီလိတ်)၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd မှ ပေးနေသော ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ (မြဝတီ)နှင့် ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ ပေးနေသော ကရင်ပြည်နယ်၊ မြဝတီမြို့တို့ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
လျှပ်စစ်မီး ပြတ်တောက်မှုက ရန်ကုန်နေ ပြည်သူများကို နေ့စဉ် ဖိစီးနေ
ထိုင်းဈေးကွက်ဖွင့်သော်လည်း မြန်မာပြောင်း တွက်ခြေမကိုက်
ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ
မီးစာကုန် ဆီခန်းလာသည့် နိုင်ငံ