ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု ရပ်ထားသဖြင့် ပြည်တွင်းဈေးနှုန်း အဆမတန်တက်လာရာ စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးအပတ်က စ၍ ပြန်လည်တင်သွင်းခွင့် ပြုလိုက်သည်။
လက်ရှိ ဘိလပ်မြေ တအိတ်ဈေးမှာ ကျပ် ၃၇,၀၀၀ ကျပ်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းအများစု ရပ်ဆိုင်းနေသော်လည်း တော်လှန်ရေးတပ်များက ဘိလပ်မြေစက်ရုံတချို့နှင့် ကုန်ကြမ်းထွက်နေရာများကို ထိန်းချုပ်ထားခြင်း၊ ကျန်စက်ရုံများမှာ လျှပ်စစ်မီးမမှန်မှုကြောင့် ပုံမှန်လည်ပတ်ရန် ခက်ခဲလာသဖြင့် ထုတ်လုပ်မှုကျနေချိန် ပြည်ပမှတင်သွင်းခြင်းကို ပိတ်လိုက်သည့်အခါ ဈေးနှုန်း အဆမတန်တက်လာခြင်းဖြစ်သည်။
စစ်တပ်အာဏာမသိမ်းမီက ဘိလပ်မြေတအိတ် ၅ထောင်ကျပ်ရှိရာ ၄နှစ်အတွင်း တအိတ်လျှင် ၃၇,၀၀၀ ကျပ်အထိ ရောက် သွားခြင်းဖြစ်သည်။
ထိုအခြေအနေများကြောင့် စစ်ကောင်စီက ဇန်နဝါရီလ ၃၀ ရက် နိုင်ငံပိုင်သတင်းစာ မျက်နှာဖုံးတွင် “ယခုပွင့်လင်းရာသီ ချိန်၌ ဆောက်လုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေးအတွက် ဘိလပ်မြေ လိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုအပြင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတဆင့် သွင်းခွင့်ပြုထားပြီး ယခု ဖေဖော်ဝါရီလအတွင်းရောက်ရှိမည်”ဟု ထုတ်ပြန်ကြေညာရသည်အထိ ဖြစ်ခဲ့သည်။
အမည်မဖော်လိုသည့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတဦးက “ဘိလပ်မြေဈေးက အနည်းဆုံး ၄၀ ရာခိုင်နှုန်း ကျော်လောက် တက်သွားတယ်၊ ခါတိုင်း ၁၀,၀၀၀ ကျပ်၊ ၁၁,၀၀၀ ကျပ်ကနေ ၁၅,၀၀၀၊ ၂၀,၀၀၀ ကျပ် အဲဒီလိုတွေ တက် သွားတာ။ အယ်လ်ဖာဘိလပ်မြေစက်ရုံဆို သိမ်းထားတယ်။ အဲဒီလိုနေရာမျိုးတွေကျ လုံးဝထုတ်နိုင်တာမရှိဘူး။ နောက် ကျိုက်မရောဘက်မှာလည်း သိမ်းထားတာတခုရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ဘိလပ်မြေစက်ရုံများအတွက် ကုန်ကြမ်းဖြစ်သည့် ထုံးကျောက်တောင်များ ဖြိုချရန် ယမ်းရရှိမှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲနှင့် နိုင်ငံရေးအခြေအနေများကြောင့် အများစုမှာ လည်ပတ်မှုရပ်ဆိုင်းထားရပြီး ထုတ်လုပ်မှု ကျဆင်းခြင်း တို့ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်မြို့ ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်တဦးက “အခုကတော့ ဈေးနည်းနည်းပြန်ကျသွားတာပေါ့။ တအိတ် ၂၇၀၀၀ ၊ ၂၈၀၀၀ ကျပ်လောက် ရှိတယ်။ ပြီးခဲ့တဲ့ရက်က ၃၀၀၀၀ ကျော်အထိ ဖြစ်သွားတာ။ ဈေးတော့ နည်းနည်း ကျပေမယ့် ပစ္စည်းကတော့ ဝယ်လို့မရ ဖြစ်နေသေးတယ်။ ဈေးကျတာတော့ ပြည်ပကနေ ဘိလပ်မြေသွင်းမယ်လို့ ကြားတာ ကြောင့် ဈေးကျမယ်ထင်ပြီး တချို့ လှောင်သမားတွေက ထုတ်ရောင်းတာရယ်၊ ပစ္စည်း ထိန်းရောင်းတဲ့သူတွေ ထုတ်ရောင်း တာကြောင့်ပါတယ်။ ဒါပေမယ့် ပစ္စည်းရှားနေသေးတယ်။ နွေရာသီလည်းဖြစ်တော့ ပစ္စည်းရှိရင် ရှိသလောက်ကုန်တာ လည်းပါတယ် ”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဈေးအနည်းငယ် ပြန်ကျလာသော်လည်း ဘိလပ်မြေရောင်းသည့်ဆိုင်များ၌ ခွဲတမ်းလုံလောက်စွာ မရရှိသေး ကြောင်း၊ ပုံမှန်အားဖြင့် ဘိလပ်မြေတံဆိပ်အလိုက် ပျမ်းမျှ တလ တွဲကားနှစ်စီး၊ သုံးစီးစာ ရရှိရာမှ ယခု တစီး၊ နှစ်စီးခန့် သာရကြောင်း သိရသည်။

နိုင်ငံတဝန်း စစ်ပွဲများ ပြင်းထန်လာသည့် ၂၀၂၃ ခုနှစ်မှ စတင်၍ ရှမ်းမြောက်မှ Crown ဘိလပ်မြေစက်ရုံ၊ အယ်လ်ဖာ (Alpha) ဘိလပ်မြေစက်ရုံတို့အား ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းထားပြီး လက်ရှိတွင် လည်ပတ်မှု ရပ်ဆိုင်းထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) တွင် ဖော်ပြထားသည်။
ထို့ပြင် ကရင်ပြည်နယ် ဘားအံရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံမှာလည်း စစ်တပ်အာဏာမသိမ်းခင်က ဝန်ထမ်း ၆၀၀ ခန့် ရှိရာမှ ယခု ၃၀၀ ခန့်သာ ရှိတော့ပြီး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေသလို ကျိုက်မရော ဘိလပ်မြေစက်ရုံကိုလည်း ပိတ် ထားကြောင်း သိရသည်။
ကျန်စက်ရုံများမှာလည်း လျှပ်စစ်မီး အပြည့်အဝမရသဖြင့် စက်ရုံလည်ပတ်ရန် ကျောက်မီးသွေးစွမ်းအင် အသုံးပြုနေရ ကြောင်း၊ သို့သော် လက်ရှိ ကျောက်မီးသွေးနှင့် ယမ်းရရှိမှု အခက်အခဲများကြောင့် ထုတ်လုပ်မှု ကျဆင်းနေကြောင်း သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက “ဆောက်လုပ်ရေးပစ္စည်းတွေက သွင်းခွင့်မရတာမဟုတ်ဘူး။ သွင်းခွင့်ပေးတယ်။ ပါမစ်က နှစ်နဲ့ချီကြာရင် ကြာနေတာ။ ဝယ်ရခက်ခဲတော့ ဈေးတွေ တက်တာပေါ့။ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း တချို့ ဘိလပ်မြေမရတော့ ရပ်ဆိုင်းထားရတယ်။ အဓိကတော့ ဘိလပ်မြေ၊ သံချောင်း၊ သစ်ပေါ့။ အရေးကြီးတဲ့ ဘိလပ်မြေက ဈေးကြီးကြီးပေးတောင် ဝယ်မရဘူး။ အိတ်လေး ၅၀ ရရင်တောင် တောင်းတောင်းပန်ပန်နဲ့ ပြေးယူနေရတယ်။ ကျနော်တို့ဆို အိတ်ရေ ထောင်နဲ့ သောင်းနဲ့ ချီလိုတာ ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၆ ရုံနှင့် နိုင်ငံပိုင် စက်ရုံ ၃ ရုံ စုစုပေါင်း ၁၉ ရုံ ရှိပြီး ယင်းစက်ရုံများမှ ဘိလပ်မြေ တန်ချိန် ၉ သန်းအထိ ထုတ်လုပ်နိုင်ကာ တနိုင်ငံလုံး လိုအပ်ချက်မှာ တနှစ်လျှင် တန်ချိန် ၁၁ သန်းခန့် ရှိသောကြောင့် ကျန်ဘိလပ်မြေကို ပြည်ပမှ တင်သွင်းနေခြင်း ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်ပမှ တင်သွင်းခြင်းကို လျှော့ချလိုက်သည်။
ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနေသည့် ဘိလပ်မြေကို တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံတို့မှ တင်သွင်းနေခြင်း ဖြစ်ပြီး လက်ရှိတွင် ဘိလပ်မြေအခက်အခဲကြောင့် တင်ဒါလုပ်ငန်းများအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် ဆောက်လုပ်မှုရပ်ဆိုင်းခြင်း၊ ကြန့်ကြာနှေးကွေးခြင်းများနှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
You may also like these stories:
ဘိလပ်မြေစက်ရုံ အများစု ရပ်တန့်သဖြင့် ဈေး အဆမတန် တက်လာ
လျှပ်စစ်မီး ဆိုးရွားစွာပျက် ပြည်သူတို့ နေ့စဉ်ဘဝ အခက်ကြုံ
လျှပ်စစ်မီးပျက် ဆိုလာဈေးကွက် အရောင်းသွက်