ပြည်ပအကူအညီများကို သမ္မတ ဒေါ်နယ်ထရမ့် ဆိုင်းငံ့လိုက်သောကြောင့် ပိတ်ထားရန် အမိန့်ပေးခံရသည့် ထိုင်း-မြန်မာနယ်စပ်မှ အမေရိကန်ထောက်ပံ့သည့် ဆေးရုံမှဆင်းလာသည့် အဆုပ်ရောဂါရှိ မြန်မာဒုက္ခသည်တဦး ကွယ်လွန်သွားကြောင်း သူ၏မိသားစုပြောသည်။
အသက် ၇၁ နှစ်အရွယ် ဖိခလို့သည် နိုင်ငံတကာကယ်ဆယ်ရေး ကော်မတီ (IRC) မှတဆင့် အမေရိကန်ပြည်ထောင်စုက ငွေကြေးထောက်ပံ့သည့် ဆေးရုံမှ အိမ်သို့ပြန်ပို့ခံရပြီး ၄ ရက်အကြာတွင် အသက်ရှူကျပ်လာပြီးနောက် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။
IRC သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ရပ်ရန် အမိန့်ရပြီးနောက် ဒုက္ခသည်စခန်းအများအပြားမှ ဆေးရုံများကို ဇန်နဝါရီလ နှောင်းပိုင်းတွင် ပိတ်ပြီး သော့ခတ်ထားသည်ဟု ဒေသခံများနှင့် အလုပ်သမားများပြောသည်။
“အခုလို အသက်ဆုံးရှုံးရတာကို သိရတာ အရမ်းကြေကွဲစရာကောင်းပြီး ဖိခလို့ရဲ့မိသားစုနဲ့မိတ်ဆွေတွေကို ဝမ်းနည်းကြောင်း ကျနော်တို့ပြောကြားလိုပါတယ်” ဟု IRC ပြောခွင့်ရသူတဦးပြောသည်။
ဘန်ကောက်ရှိ အမေရိကန်သံရုံးသို့ မှတ်ချက်တောင်းထားသော်လည်း လတ်တလော အကြောင်းမပြန်သေး။
ထရမ့်၏ အမိန့်အရ ကမ္ဘာအကြီးမားဆုံး လူသားချင်းစာနာမှုအလှူရှင် အမေရိကန် ပြည်ထောင်စုသည် အကူအညီပေးရေး လုပ်ငန်းအားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ပြီး ၎င်း၏အဓိက အကူအညီပေးပို့သည့် ယန္တရား ဖြစ်သော အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID ကို ဖျက်သိမ်းရန် စတင်နေသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရာထူးလက်ခံစဉ် ထုတ်ပြန်သည့် အသုံးစရိတ် ဆိုင်းငံ့ခြင်းသည် သူ၏ အစိုးရက ပြည်ပအကူအညီများအားလုံးကို ပြန်လည်သုံးသပ်နေစဉ် ရက်ပေါင်း ၉၀ ကြာမည်ဟု ယူဆရသည်။ ဖြုန်းတီးသော အသုံးစရိတ်များကို လုံးဝဖယ်ရှားရန် ထိုသို့လုပ်ဆောင်ရန် လိုကြောင်း ထရမ့်နှင့် ဖက်ဒရယ်အစိုးရကို ချုံ့ရန် အားထုတ်မှုလုပ်နေသည့် အီလွန်မတ်စ် ပြောသည်။
IRC ၏ ဆေးရုံများသည် ထိုင်းနယ်စပ်မှ တောင်ပေါ်ဒုက္ခသည်စခန်းများတွင် နေထိုင်ပြီး မြန်မာသို့ မပြန်နိုင်သည့် ဒုက္ခသည် ထောင်ပေါင်းများစွာကို ဝန်ဆောင်မှုပေးနေသည်။ မြန်မာသည် ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစတင်ပြီး ဖရိုဖရဲဖြစ်နေကာ နောက်ဆက်တွဲ ပဋိပက္ခကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးစေပြီး လူ ၃.၅ သန်း ကျော်ကို နေရပ်စွန့်ခွာရစေသည်ဟု ကုလသမဂ္ဂပြောသည်။
ဖိခလို့ကို ဆေးရုံတင်ထားရသည်မှာ ၃ နှစ်ရှိပြီဖြစ်ပြီး အောက်ဆီဂျင်အထောက်အကူကို မှီခိုရသည်။
အိမ်တွင် စနေနေ့ညက ဖျားနာသောအခါ ဆေးရုံသို့ပြန်သွားမည်ဟု သူပြောကြောင်း သူ၏သမီး အသက် ၅၀ အရွယ် ဒေါ်ယဉ်ယဉ်အေးက Reuters သတင်းဌာနသို့ ငိုရင်းပြောသည်။
“ဘာဆေးရုံမှ မရှိတော့ဘူးလို့ ကျမက သူ့ကို ရှင်းပြရတယ်”ဟု ဖုန်းဖြင့် သူပြောသည်။
အကူအညီများထောက်ပံ့ခြင်းကို ထိုင်းအာဏာပိုင်များက လွဲပြောင်းယူနေစဉ်အတွင်း ဒုက္ခသည် လူမှုအသိုက်အဝန်းသည် ၎င်းတို့လူမှုအသိုက်အဝန်းများအတွက် အရေးပါသော ဝန်ဆောင်မှုများ ရရှိစေရန် ကိုယ့်အားကိုယ်ကိုးနေသည်ဟု IRC ပြောခွင့်ရသူတဦးက Reuters သို့ ယခင်က ပြောခဲ့ဖူးသည်။
အလွန်ဆင်းရဲသော ပြည်သူများ
ထိုဆေးရုံမပိတ်မီက သူ အသက်ရှူကျပ်လာတိုင်း သူ့ကို ချက်ခြင်းဆေးရုံတင်လျှင် သူသက်သာလာတတ်ကြောင်း ဖိခလို့၏သားမက် ဦးတင်ဝင်း ပြောသည်။
“ကျနော်တို့က အရမ်းဆင်းရဲတယ်” ဟု သူပြောသည်။ “ကျနော်က နေ့စားအလုပ်သမား။ အိမ်မှာ အောက်ဆီဂျင် မတတ်နိုင်ဘူး” ဟုလည်း သူပြောသည်။
ဆေးရုံများ ပိတ်လိုက်သောကြောင့် အခြားဒုက္ခသည် အများအပြားသေဆုံးခဲ့ကြောင်း သူပြောသည်။ သူ၏ ပြောကြားချက်များကို Reuters ကအတည်မပြုနိုင်ခဲ့ပေ။
ဆေးရုံများကို ပိတ်လိုက်စဉ်က အောက်ဆီဂျင်အိုးများကို လူနာအချို့သို့ မျှဝေပေးခဲ့သော်လည်း လုံလောက်ခြင်းမရှိကြောင်း အမည်မဖေါ်လိုသော ထိုင်းကျန်းမာရေးအရာရှိတဦးပြောသည်။

ဝေးကွာသော တောင်စောင်းဒေသဖြစ်သည့် အုန်းပျံ့စခန်းတွင် IRC ဆေးရုံများသည် အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှု ရင်းမြစ်ဖြစ်သည်။
IRC ဆေးရုံများကို ရုတ်တရပ်ပိတ်လိုက်ခြင်းနှင့်အတူ သားဖွားဆရာမများသည် ကလေးမွေးမည့် အမျိုးသမီးများကို ကျောင်းဟောင်းတခုသို့ ပြောင်းရွှေ့ရသည်။ ထိုကျောင်းဟောင်းတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦး ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပစ္စည်းကိရိယာမလုံလောက်ဘဲ ကလေးမွေးရသည်ဟု ဆွေမျိုးတဦးနှင် ကျောင်းဆရာတဦးပြောသည်။
အမေရိကန် ပြည်ပအကူအညီဆုံးရှုံးခြင်းကြောင့် ထိုင်းအရာရှိများနှင့် ဒုက္ခသည် အဖွဲ့များသည် ထိုလစ်ဟာသွားသော နေရာကို ဖြည့်ဆည်းရန် အလျင်အမြန်လုပ်ရပြီး အစိုးရဆေးရုံများက ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရသည်။
ထရမ့်အစိုးရ၏ ဆိုင်းငံ့မှုကြောင့် အငတ်ဘေးတားဆီး တုံ့ပြန်ရန် ကူညီရသည့် ခက်ခဲရှုပ်ထွေးသော စနစ်အပါဝင် ကမ္ဘာတဝှန်းမှ အကူအညီပေးရေး အားထုတ်မှုများ အင်အားချိနဲ့သွားသည်ဟု လူသားချင်း စာနာမှု အဖွဲ့အစည်းများပြောသည်။
(Reuters သတင်းထောက် Shoon Naing ၏ Burmese refugee dies after discharge from shut US-funded clinic, says family ကို ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘာ့အချမ်းသာဆုံး လူများက ကမ္ဘာ့အဆင်းရဲဆုံး ကလေးများကို မစာနာကြ
အီလွန်မတ်စ်နှင့် DOGE က အမေရိကန်အစိုးရထဲ ထိုးဖောက် မွှေနှောက်နေသည်
မြန်မာမီဒီယာကဏ္ဍအပါဝင် အမေရိကန်အကူအညီ ဒေါ်လာ ၃၉ သန်းကျော် ဆိုင်းငံ့
အမေရိကန် အဆုတ် တရုတ် လက်ခုပ်ထဲက မြန်မာ့အရေး