အီလွန်မတ်စ် ပိုင် X အပေါ် လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရားစွဲထားတဲ့ အမှုကို ဒေါ်လာ ၁၀ သန်း နဲ့ ကြေအေးဖို့ သဘောတူလိုက်တယ်လို့ ဆိုပါတယ်။
X (Twitter အမည်ပြောင်း) ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း အပေါ် ထရမ့်ရဲ့ တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ ဒေါ်လာ ၁၀ သန်း ပေးပြီး ကြေအေးဖို့ သဘောတူလိုက်ခြင်း ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Wall Street Journal မှာ ဖော်ပြခဲ့ပါတယ်။
X ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန် Capitol အဆောက်အအုံကို ထရမ့် ထောက်ခံသူတွေ ဝင်ရောက် စီးနင်း ပြီးနောက် ထရမ့်ရဲ့ Accounts တွေကို ပိတ်ချခဲ့မှုနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေကို ကြေအေးဖို့ သဘောတူခဲ့တဲ့ ဒုတိယမြောက် ဆိုရှယ်မီဒီယာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လက Meta ကလည်း ထရမ့်ရဲ့ တရားစွဲမှုကို ဒေါ်လာ ၂၅ သန်းပေးပြီး ကြေအေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။
ရှေးရိုးစွဲ အမြင်တွေကို မတရား ပိတ်ပင်တယ်လို့ စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ X ၊ Facebook နဲ့ Alphabet တို့ကို ကုမ္ပဏီတွေကိုရော အမှုဆောင် အရာရှိချုပ်တွေကိုပါ ထရမ့်က တရား စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ထရမ့် ရွေးကောက်ပွဲ မဲဆွဲပွဲတွေ အတွက် ဒေါ်လာ သန်း ၂၅၀ ခန့် ထောက်ပံ့ပေးခဲ့တဲ့ အီလွန်မတ်စ် နဲ့ သမ္မတ ထရမ့် တို့ ကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ထရမ့်ရဲ့ အဖွဲ့ဟာ X အပေါ် တရား စွဲဆိုမှုကို ရုပ်သိမ်းဖို့ အလေးအနက် စဉ်းစား ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ လျော်ကြေးငွေ ယူပြီး ကြေအေးဖို့ ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
EV ကား ကုမ္ပဏီ Tesla ပိုင်ရှင်လည်း ဖြစ်တဲ့ အီလွန်မတ်စ်ဟာ အိမ်ဖြူတော်ရဲ့ လက်တံအသစ် အဖြစ် အစိုးရ စွမ်းဆောင်ရည် ဌာန ကို ဦးဆောင်မှာ ဖြစ်ပြီး ဖက်ဒရယ် ဗျူရိုကရေစီကို သိသိသာသာ လျှော့ချဖို့ တာဝန်ပေး ခံထားရတာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ ရှေ့နေအဖွဲ့ဟာ ၂၀၂၁ ခုနှစ် Capitol အဓိကရုဏ်း ပြီးကတည်းက ထရမ့်ကို Youtube ကနေ ပိတ်ပင်ထားတဲ့ Google နဲ့လည်း ကြေအေးမှု ရရှိနိုင်ဖို့ မျှော်လင့်နေတယ်လို့ Wall Street Journal က ဖော်ပြထားပါတယ်။
အမှုနဲ့ ပတ်သက်ပြီး X နဲ့ ထရမ့်ကို ပိတ်ပင်စဉ်က X ရဲ့ CEO ဖြစ်သူ Jack Dorsey ၊ Alphabet နဲ့ အိမ်ဖြူတော် တို့ဟာ မှတ်ချက်ပေးဖို့ ငြင်းဆန် ထားပါတယ်။
Ref : Reuters