မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ယခုလအတွင်း ခြောက်ရက်ကြာ နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပပြီး မြန်မာ-တရုတ် စီးပွားရေးစင်္ကြံမှတဆင့် စီးပွားရေးတိုးတက်မှု အားပေးရန် အပါအဝင် အချက် ကိုးချက်ပါ စီမံကိန်း ချမှတ်သည်။
UWSA သည် ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းမှ ဝပြည်ကို ထိန်းချုပ်ထားပြီး ခန့်မှန်းခြေ စစ်သား ၃ သောင်းခန့်နှင့် အဆင့်မြင့်လက်နက်များ ရှိသည်။
ဝမြို့တော် ပန်ဆန်း သို့မဟုတ် ပန်ခမ်းတွင် ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ မန်ဆိုင်း သံဖြူသတ္တုတွင်း ပြန်လည်ဖွင့်လှစ်ရေး၊ တရားမဝင်လုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ရေးကို အာရုံစိုက်သည်။ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်ရေးအတွက်လည်း သဘောတူသည့် စီမံချက်များရှိသည်ဟု ဝပြည် ရုပ်သံ (WSTV) က ဖော်ပြသည်။
ထို နှစ်ပတ်လည်ညီလာခံတွင် ချမှတ်သော စီမံကိန်းများသည် ဝ စီးပွားရေးနှင့် အဓိက ပတ်သက်ကြောင်း လူမျိုးစုရေးရာ သုတေသီတဦးက ပြောသည်။
တရုတ်က အဆိုပြုသည့် “စီးပွားရေးစင်္ကြံ” တွင် မြန်မာနှင့်တရုတ်အကြား လမ်းပန်းဆက်သွယ်ရေး မြှင့်တင်သည့် အခြေခံအဆောက်အအုံ စီမံကိန်း အများအပြား ပါဝင်သည်။
တရုတ်နှင့် မြန်မာစစ်ကောင်စီတို့သည် တိုက်ပွဲကြောင့် ရပ်တန့်သွားသည့် ရှမ်းပြည်မြောက်ပိုင်းမှ နယ်စပ်ကုန်သွယ်ရေးနှင့် နှောင့်နှေးနေသည့် တရုတ်စီမံကိန်းများ ပြန်လည်စတင်ရန် အရှိန်မြှင့်တင်ကြသည်။
UWSA သည် သယံဇာတထိန်းသိမ်းရန် ၂၀၂၃ ခုနှစ်တွင် သတ္တုတူးဖော်ခြင်းကို ပိတ်ပင်သော်လည်း စီးပွားရေးလုပ်ငန်းများက မျှော်လင့်ထားသည့်အတိုင်း မန်ဆိုင်းသတ္တုတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု ယခု ပြောသည်။ သတ္တုတူးဖော်ရေးလုပ်ငန်းသည် ဝ အတွက် အဓိက ဝင်ငွေရလမ်းဖြစ်သည်။
ဝ အစိုးရ၊ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် UWSA တို့၏ သုံးပွင့်ဆိုင်ညီလာခံတွင် ယခင်နှစ်အခြေအနေ၊ လာမည့်နှစ်အတွက် စီမံကိန်းများနှင့် မဏ္ဍိုင် သုံးခုအတွင်း လုပ်ကိုင်ခွင့် အပြောင်းလဲကို ပြန်လည် သုံးသပ်သည်ဟု သုတေသီများက ပြောသည်။
နှစ်ပတ်လည် ညီလာခံအတွင်း သဘောတူသည့် အပြောင်းအလဲနှင့် စီစဉ်ထားသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အသေးစိတ်ကို မသိရပေ။

၁၉၈၉ ခုနှစ်တွင် ဝ တပ်များ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ပြီး ထိုစဉ်က စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်က UWSA ၏ နိုင်ငံရေးအဖွဲ့အစည်း UWSP ကို တည်ထောင်သည်။
ထိုအချိန်မှ စတင်ပြီး UWSA သည် နိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) ဖြစ်လာပြီး ၎င်းပိုင် လက်နက်ခဲယမ်းစက်ရုံများ တည်ဆောက်သည်။ စစ်အုပ်စု အဆက်ဆက်နှင့် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းထားသော်လည်း UWSA သည် ၂၀၁၅ ခုနှစ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးပေ။
စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝပြည်ကို “အထူးဒေသ ၂” ခေါ် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု သတ်မှတ်သည်။ ထိုဒေသတွင် စတုရန်း ကီလိုမီတာ ၁,၅၀၀ ကျယ်သည့် မိုင်းမော၊ မိုင်းလင်းနှင့် မိုင်းပေါက် ခရိုင်များနှင့် ပန်ခမ်း အထူးမြို့နယ်ပါဝင်ပြီး UWSA က ဝပြည်မြောက်ပိုင်းဟု ခေါ်သည်။
၁၉၀၀ ပြည့်နှစ်များအတွင်း UWSA သည် ထိုစဉ်က စစ်အုပ်စု သဘောတူညီချက်ဖြင့် ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်သို့ ချဲ့ထွင်ပြီး ထိုဒေသတွင် ဝ လူမျိုး ၈ သောင်းမှ ၁ သိန်းအထိ အခြေချသည်။
ထိုခရိုင်ကို ဝ ပြည်တောင်ပိုင်းဟု သတ်မှတ်ပြီး UWSA က အမှတ် ၁၇၁ စစ်ဒေသဟုခေါ်ကာ UWSA တပ်ဖွဲ့ဝင် ၉ ထောင်ခန့် ချထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုဒေသကို တရားဝင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိတ်အပိုင်းအဖြစ် အသိအမှတ် မပြုပေ။ UWSA သည် ထိုပိုင်နက် နှစ်ခုကို တရားဝင် ဝ ပြည်အဖြစ် ပေါင်းစပ်လိုသည်။
UWSA သည် ဖက်ဒရယ်နိုင်ငံရေးညှိနှိုင်းမှု အတိုင်ပင်ခံကော်မတီကို ဦးဆောင်ပြီး ထိုကော်မတီတွင် အာရက္ခတပ်တော် (AA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်သည်။
UWSA သည် စစ်ကောင်စီဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေး အစပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ ဟုခေါ်သည့် AA, MNDAA နှင့် TNLA တို့ကို လက်နက်တပ်ဆင်ပေးသည်ဆိုသည့် စွပ်စွဲချက်များ ရှိသည်။ ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ နေရာအများစုကို ဆုံးရှုံးသည်။
၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် UWSP ဒုဥက္ကဋ္ဌ လော့ယာကုသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆွေးနွေးပြီး UWSA သည် လက်ရှိပဋိပက္ခတွင် ကြားနေကြောင်း ကြေညာသည်။
စိန်ခေါ်မှုများရှိသော်လည်း ၂၀၂၅ ခုနှစ်တွက် ၎င်းတို့ ရည်မှန်းချက်များ အောင်မြင်ရန် ရည်ရွယ်ကြောင်း ကာလကြာမြင့်စွာ UWSP ဥက္ကဋ္ဌလုပ်သူ ပေါက်ယူချန်း၏သား UWSP ဒုတိယ အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းက ပြောသည်။
ပေါက်ယူချန်း၊ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များနှင့် စစ်တပ်တပ်မှူးများ နှစ်ပတ်လည် ညီလာခံ တက်ရောက်ကြောင်း ဝပြည် သတင်းဌာနက ဖော်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Wa State Aims to Boost Economy Through Chinese Projects ကို ဘာသာပြန်သည်။)
You may also like these stories:
UWSA ၏ “ဝ” ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား
အာဏာသိမ်းမှုအပေါ် နှုတ်ဆိတ်မနေဖို့ UWSA ကို “ဝ” လူထု တောင်းဆို
သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃
တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်
UWSA “ဝ”တပ်ဖွဲ့ က ပထမဆုံး ဗိုလ်လောင်းသင်တန်း ကို ပန်ဆန်းတွင် ဖွင့်လှစ်