Apple က ပိုမို ဈေးသက်သာပြီး AI ပါဝင်တဲ့ iPhone 16e ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်လိုက်ပါတယ်။
အဆိုပါဖုန်းကို ဈေးကွက် ကြီးမားလာနေတဲ့ တရုတ် နဲ့ အိန္ဒိယ ရဲ့ အလယ်အလတ်တန်းစား ဖုန်းအသုံးပြုသူ တွေကို ဦးတည်ပြီး ထုတ်လုပ်တာလို့ ဆိုပါတယ်။
Apple ရဲ့တန်ဖိုးနည်း စမတ်ဖုန်း iPhone SE အမည်ကို ဖျက်သိမ်းပြီး ထုတ်ဝေတဲ့ iPhone 16e ဟာ SE ထက် ဒေါ်လာ ၁၇၀ ပိုများပြီး ၅၉၉ ဒေါ်လာကနေ စတင်မယ်လို့ သိရပါတယ်။
အရောင်အနေနဲ့ ကတော့ အဖြူ နဲ့ အနက်ရောင် နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။
Apple Flagships ဖုန်းတွေနဲ့ ယှဉ်ရင် ဈေးနှုန်း ပိုမို သက်သာသော်လည်း Features တွေကတော့ Flagships ဖုန်းတွေနဲ့ အနီးစပ်ဆုံး တူညီအောင် ထည့်သွင်းပေးထားပြီး ChatGPT နဲ့ ချိတ်ဆက်ထားတဲ့ Apple Intelligence (AI) ကိုပါ တခါတည်း ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။
iPhone 16e မှာ Apple ရဲ့ Writing tools နဲ့ Siri ကို ChatGPT နဲ့ ပေါင်းစပ် ပေးထားပြီး အသုံးပြုသူတွေ အနေနဲ့ Application ပြောင်းစရာမလိုဘဲ ChatGPT ကို အသုံးပြုဖို့ ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ChatGPT ကို အကောင့် ဖွင့်စရာမလိုဘဲ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး ကိုယ့်ရဲ့ အသုံးပြုသူ အချက်အလက် တွေကိုလည်း အပြည့်အဝ ထိန်းချုပ်ခွင့် ရှိမယ်လို့လည်း Apple က ဆိုပါတယ်။

နောက်ဆုံးထွက် A18 Chip ကို အသုံးပြုပေးထားပြီး Apple ကိုယ်တိုင်ထုတ် 5G modem ဖြစ်တဲ့ C1 modem ကို ထည့်သွင်း ထားတယ်လို့ သိရပါတယ်။
Camera မှာတော့ Wide-angle lens မပါတော့ဘဲ 48 Megapixels sensor ထည့်သွင်း ပေးထားပြီး Two times zoom lens ကို ကင်မရာမှာ ပေါင်းထည့် ပေးထားတယ်လို့ ဆိုပါတယ်။
နာမည်ကျော် Dynamic Island မပါဝင်ဘဲ အရင်မော်ဒယ် ဟောင်းတွေတုန်းကလို ဖုန်းစခရင်မ် ထိပ်မှာ Notch ကို ပြန်လည် ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။
အရင်ထွက်ခဲ့တဲ့ iPhone 16 Series ဖုန်းတွေမှာ ပါဝင်တဲ့ Camera control button လည်း 16e မှာ ပါဝင် မလာဘူးလို့ ဆိုပါတယ်။
Screen အရွယ်အစား အနေနဲ့ကတော့ ၆ ဒသမ ၁ လက်မ ရှိမယ်လို့ သိရပါတယ်။
၂၀၁၆ စတင် မိတ်ဆက်ခဲ့ချိန်က iPhone စုစုပေါင်း ရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်း ရှိခဲ့တဲ့ iPhone SE model ဟာ မနှစ်ကတော့ ၁ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။
iPhone SE model အမည်ကို ဖျက်သိမ်းပြီး အမည်ပြောင်း ထုတ်လာတဲ့ iPhone 16e ကို အမေရိကန်၊ တရုတ် နဲ့ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ ဖေဖော်ဝါရီလ ၂၁ ရက်ကစပြီး ကြိုတင် မှာယူနိုင်ပြီလို့ ဆိုပါတယ်။
Apple က AI ပါဝင်တဲ့ iPhone 16 Series ကိုလည်း လွန်ခဲ့ ၆ လခန့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်းက ထုတ်လုပ် ထားပါသေးတယ်။
Ref : Reuters