အမေရိကန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးလ်နဲ့ အခြား နိုင်ငံတွေထိ ချိတ်ဆက်သွားမယ့် ကမ္ဘာ့အရှည်ဆုံး ပင်လယ် ရေအောက် ကေဘယ် (Cable) ပရောဂျက်ကို Facebook မိခင်ကုမ္ပဏီ Meta က ကြေညာလိုက်ပါတယ်။
Project Waterworth လို့ အမည်ပေးထားတဲ့ အဆိုပါ ပရောဂျက်ဟာ ကမ္ဘာ့အဝန်းထက် ပိုရှည်တဲ့ ကီလိုမီတာပေါင်း ၅၀,၀၀၀ (၃၁,၀၀၀ မိုင်) ရှည်လျားမယ်လို့ ဆိုပါတယ်။
စွမ်းဆောင်ရည် မြင့်မားတဲ့ 24 fibre-pair စနစ်ကို အသုံးပြုထားပြီး ဒီနေ့ထိ အရှည်ဆုံး ကေဘယ်ကြိုး ဖြစ်လာမယ်လို့ သိရပါတယ်။
သူတို့ရဲ့ AI Projects တွေကို အထောက်အကူ ပေးနိုင်မယ် လို့လည်း Meta က ပြောပါတယ်။
Meta ရဲ့ Blog ပို့စ် တခုမှာ Project Waterworth က ပိုကောင်းတဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ၊ အဆင်ပြေ ချောမွေ့တဲ့ ဒစ်ဂျစ်တယ် ပေါင်းစည်းမှုတွေနဲ့ နည်းပညာ ဖွံ့ဖြိုးမှုဆိုင်ရာ အခွင့်အလမ်းတွေကို ချိတ်ဆက်ထားတဲ့ ဒေသတွေထံ ယူဆောင် ပေးနိုင်မယ်လို့ ဆိုထားပါတယ်။
“ဥပမာအနေနဲ့ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံတွေ အပေါ် ရင်းနှီးမြှုပ်နှံမှုနဲ့ သိသာတဲ့ တိုးတက်မှုတွေ တွေ့မြင် ထားရပြီးဖြစ်တဲ့ အိန္ဒိယမှာဆိုရင် Waterworth က ဒီတိုးတက်မှုကို အရှိန်မြှင့် ပေးနိုင်ပြီး နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက် အစီအစဉ်တွေကို အထောက်အကူ ပြုနိုင်မယ်”လို့လည်း ဆိုပါတယ်။
“ကျနော်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း ပါတနာများစွာနဲ့ တွဲဖက်ပြီး အခြေခံ အဆောက်အအုံ ဆိုင်ရာ ဆန်းသစ် တီထွင်မှုတွေ ပြုလုပ်ကာ ပင်လယ်ရေအောက် ကေဘယ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ တခြား စနစ်တွေ ဖြစ်တဲ့ 8 to 16 fibre pairs တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင် အများကြီး တိုးတက်လာတဲ့ 24 fibre pairs စနစ်လည်း ဒီပရောဂျက်မှာ ပါဝင်တယ်” လို့ Meta က ပြောပါတယ်။
UK မှာ ဆိုရင် ပြင်ပကမာ္ဘနဲ့ ဆက်သွယ်မှုတွေရဲ့ ၉၉ ရာခိုင်နှုန်းကို လုပ်ဆောင်ပေးနေတဲ့ ပင်လယ်ရေအောက် ကေဘယ်ကြိုး ပေါင်း ၆၀ ခန့် ရှိတယ်လို့ သိရပါတယ်။
ကမာ္ဘ့ အင်တာနက် ဆက်သွယ်မှုရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကို ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေနဲ့ လုပ်ဆောင်နေတာ ဖြစ်ပြီး အဆိုပါ ကြိုးတွေဟာ တိုက်ခိုက်မှုတွေ၊ မတော်တဆတွေနဲ့ ပထဝီနိုင်ငံရေး ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ တင်းမာမှုတွေ ရဲ့ ပစ်မှတ်ဖြစ် ခံရနိုင်ခြေ တို့ကို ပူပန်နေရတယ် လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အရေးပါတဲ့ ရေအောက် ကေဘယ်ကြိုးတွေ ထိခိုက် ပျက်စီးမှု ကြုံရပြီးတဲ့နောက် ဘောလ်တစ် ပင်လယ်မှာ အစောင့် သင်္ဘော အရေအတွက် တိုးမြှင့်ဖို့ Mission တခုကို Nato အဖွဲ့က ဇန်နဝါရီလမှာ စတင်ခဲ့သေးကြောင်း သိရပါတယ်။
မကြာသေးခင်က UK ပါလီမန် ကော်မတီ တခုဖြစ်တဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာက ပင်လယ်ရေအောက် ကေဘယ်တွေ အပေါ် ခြိမ်းခြောက်မှုကို UK ရဲ့ ကာကွယ်နိုင်စွမ်းနဲ့ ကာလရှည်ကြာ နှောင့်ယှက်မှုနဲ့ အရေးပါတဲ့ ဖြစ်ရပ်တွေ အပေါ် နိုင်ငံရဲ့ သည်းခံနိုင်မှု အခြေအနေတွေကို တင်ပြဖို့ တောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။
ရေအောက် ကေဘယ် ကွန်ရက်ကို ဆန်းစစ်နိုင်ဖို့ ပင်လယ် ရေအောက်နဲ့ ပတ်သက်တဲ့ လုပ်နိုင်စွမ်းတွေကို မော်စကိုထံ ပေးပို့ခဲ့တယ်လို့ စွပ်စွဲကာ ရုရှား ကုမ္ပဏီ တခုကို အမေရိကန် ထရမ့် အစိုးရက ၂၀၁၈ ခုနှစ်မှာ ပိတ်ဆို့မှုတွေ ချမှတ် ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
ဇူလိုင်လတုန်းကလည်း ကေဘယ် ကွန်ရက် ပြတ်တောက်မှုကြောင့် Tonga ရဲ့ နေရာ များစွာမှာ အင်တာနက် ပြတ်တောက် သွားခဲ့ပြီး ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေ အတွက် မတည်မငြိမ်မှုတွေ ဖြစ်စေခဲ့သေးတယ် လို့လည်း ဆိုပါတယ်။
Meta ကတော့ သူတို့ရဲ့ ကေဘယ်ကြိုးတွေကို ရေအောက် အနက် မီတာ ၇,၀၀၀ မှာ ထားမယ်လို့ ဆိုထားပြီး ကမ်းရိုးတန်း နားက ရေတိမ်ပိုင်းလို ထိခိုက်နိုင်ခြေ များတဲ့နေရာတွေမှာ သင်္ဘော ကျောက်ဆူးနဲ့ တခြား အန္တရာယ်တွေကနေ ကာကွယ် နိုင်ဖို့ နည်းပညာမြင့် မြှုပ်နှံတဲ့ နည်းလမ်းတွေကို အသုံးပြုမယ် လို့လည်း သိရပါတယ်။
Ref : The Guardian