ထိုင်း-မြန်မာနယ်စပ်တလျှောက်၌ အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) များကို နှိမ်နင်းရေးစီမံချက်ကြောင့် လောင် စာဆီအခက်အခဲများရှိသလို ပို့ကုန်/သွင်းကုန်များအား ကန့်သတ်တင်းကျပ်ထား၍ ကုန်စည်တင်ပို့မှုတချို့ ရပ်ဆိုင်းထားရပြီး နယ်စပ်ကုန်သွယ်ရေး ကျဆင်းလာနိုင်ကြောင်း မြန်မာနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ သိရသည်။
ဖေဖော်ဝါရီ ၅ ရက်မှစ၍ ထိုင်းအစိုးရက မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်နယ်စပ်များသို့ အင်တာနက်၊ လျှပ်စစ်နှင့် လောင်စာဆီပို့မှုရပ်ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၁ တွင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီမှ မိုဘိုင်းဖုန်းအသစ်၊ အင်ဗာတာ၊ ဘက်ထရီ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ အင်ဂျင်ဝိုင်၊ ကေဘလ်ကြိုး အစရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုးအား ကန့်သတ် ပိတ်ပင်လိုက်သည်။
အဆိုပါအချက်များကြောင့် ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းလာနိုင်သည်ဟု ထိုင်းစီးပွား ရေးလုပ်ငန်းရှင်များက ခန့်မှန်းထားကြကြောင်း ဖေဖော်ဝါရီ ၂၄ ရက်ထုတ် The Nation သတင်း၌ ဆိုထားသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်းဖြစ်သူ မဲဆောက်အခြေစိုက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဘန်ပေါ်ကော်ကီယချာရိုး က ယမန်နှစ်တွင် မဲဆောက်မှ မြန်မာသို့ ဘတ် ၆၆ ဒသမ ၂ ဘီလီယံတန် ကုန်ပစ္စည်းများ တင်ပို့ခဲ့သော်လည်း လက်ရှိတွင် ကုန်ပစ္စည်းတင်ပို့မှုလုပ်ငန်းအများစု ရပ်တန့်ထားရသည်ဟု The Nation သတင်းဌာနကို ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ မယ်ဆိုင် နယ်စပ်ကုန်သွယ်ရေးမှာလည်း နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဘတ်ငွေ ၁၇ ဘီလီယံရှိခဲ့ရာမှ ယခုအခါ သိသိသာသာကျဆင်းနေသည်ဟု ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြောင်း သတင်း၌ ဖော်ပြထားသည်။
ဆက်လက်၍ ထိုင်းလုပ်ငန်းရှင် ဘန်ပေါ်ကော်ကီယချာရိုး က “အခုအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ နယ်စပ် ကုန်သွယ်ရေးက အရင်ထက် ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းထိ တိုးတက်ဖို့ဆိုတဲ့ မျှော်မှန်းချက်ကို မရောက်နိုင်ဘူး” ဟု ပြော ကြောင်း The Nation က ဆိုသည်။
ထို့ပြင် မြဝတီနယ်စပ်တွင် ဒီဇယ်တလီတာလျှင် ဈေးနှုန်း ဘတ် ၃၀ မှနေ ဘတ် ၁၀၀ ကျော်အထိ (ယခင်ထက် ၃ ဆကျော်) မြင့်တက်လာပြီး လောင်စာဆီရှားပါးမှုကြောင့် မြန်မာဘက်မှ ထိုင်းနယ်စပ်သို့ ကားဖြင့်သွား၍ ဆီဖြည့်နေ ရကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌက ပြောသည်။
ထိုင်း ဓာတ်ဆီဆိုင်ပိုင်ရှင် ပရဆက်ကျွမ်းကစ်ထရူးရိုးဂျော က “အွန်လိုင်း ငွေလိမ်လုပ်ငန်းများ နှိမ်နင်းရာတွင် လူကုန်ကူးမှု သားကောင်များ ကယ်တင်နိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံအနောက်ပိုင်းရှိ စီးပွားရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိခဲ့သည်” ဟု The Nation တွင် ဖော်ပြထားသည်။

အလားတူ ထိုင်းဘက်ခြမ်း ကုန်သွယ်ရေးများကျဆင်းနေသလို မြန်မာဘက်တွင်လည်း မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် မှတင်ပို့လျက်ရှိသော ငရုတ်သီး၊ ကုန်စိမ်းနှင့် အခြားကုန်စည်များ ယခု ရက်ပိုင်းအတွင်း စစ်ဆေးမှု တင်းကျပ်နေခြင်း ကြောင့် တင်ပို့မှုရပ်တန့်ထားကြောင်းလည်း ကုန်သည်များထံက သိရသည်။
ထိုင်းနိုင်ငံသို့ မြဝတီမှတဆင့် ငရုတ်တင်ပို့နေသည့် လုပ်ငန်းရှင်အမျိုးသမီးတဦးက “အခုချိန်က ငရုတ်သီးထွက်တဲ့ရာသီဖြစ် သလို ထိုင်းကို တင်ပို့တဲ့အချိန်လည်း ရောက်ပြီ။ ဒါပေမယ့် ကျားဖြန့်ကိစ္စနဲ့ အကုန်လုံးပိတ် အခွန်တွေပြောင်းမယ်နဲ့ စစ်ဆေးတာတွေကြောင့် ဈေးတွေလည်း ထိုးကျတယ်။ ကျားဖြန့်ကိစ္စ မဖြစ်ခင်က ပုံမှန်ဆို မြဝတီကို ၁ ရက် ၅ စီးလောက် သွားနေ ကျ၊ အခု လုံးဝမသွားတော့သလောက်ပဲ။ သွားတယ်ဆိုရင်တောင် တစီးတလေပဲ” ဟု ဧရာဝတီကို ပြောသည်။
ငရုတ်ကို ဧရာဝတီတိုင်းနှင့် အထက်ပိုင်းဒေသများ၌အဓိက စိုက်ပျိုးကြပြီး စက်တင်ဘာမှစတင်စိုက်ပျိုး၍ ဖေဖော်ဝါရီမှာ ငရုတ်သီး စတင်ထွက်ရှိကြောင်း တဧက စိုက်ပျိုးစရိတ် ကျပ်သိန်း ၁၀၀ နီးပါး ရှိကြောင်း ၎င်းက ဆိုသည်။
“အခု ငရုတ်သီးက စပေါ်နေပြီ၊ မေလဆိုရင်သိမ်းကြပြီပေါ့။ တနှစ်တခါပါပဲ။ စိုက်ပျိုးစရိတ်ကတော့ တော်တော်ကုန်တယ်။ အရင်နှစ်တွေက တဧကကျပ်သိန်း ၂၀ ကနေ ၅၀ လောက်တော့ ရှိမယ်။ အခုတော့ မရတော့ဘူး။ ဓာတ်မြေဩဇာဈေးက လည်း ကြီးတယ်။ ပြီးတော့ ပျိုးထားချိန်မှာ မိုးကရွာချလိုက်တာနဲ့လည်း ကြုံတော့ အပင်တွေ နာသွားတယ်။ အဲဒီလိုတွေ ဖြစ်ကြတော့ ဈေးမကောင်းရင်တော့ ရှုံးနိုင်တယ်” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
ထိုသို့ ထိုင်းဘက်သို့ မတင်ပို့နိုင်သဖြင့် ငရုတ်သီးများကိုနေလှန်းထားရသလို တောင်သူများအတွက် ဆုံးရှုံးနစ်နာမှုများရှိ ကြောင်း ၎င်းက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာတွင် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တိုက်ပွဲများနှင့် အာရှလမ်း မကြီး ပိတ်ထားခြင်း၊ စစ်ကောင်စီက သွင်းကုန်လိုင်စင်ချထားပေးမှု ကြန့်ကြာခြင်း၊ ပို့ကုန်ရငွေများကို ဖြတ်တောက်ခြင်း အစရှိသည့်အကြောင်းများကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်ထက် ကုန်သွယ်မှုနည်းပါးနေသလို တရားမဝင် လုပ်နေရ သည့်ပုံစံမျိုးသာ သွားလာနေရခြင်းဖြစ်ကြောင်း မြဝတီမြို့ခံ ကုန်သည်တဦးက ဧရာဝတီကို ပြောသည်။
ထို့ပြင် ယခုအခါ ထိုင်းဘက်မှ ကျားဖြန့်နှိမ်နင်းမှုများကြောင့် စစ်ဆေးရေးများမှာ ယခင်ထက်တင်းကျပ်လာသဖြင့် ကုန် သွယ်မှုတွင် လုပ်ရကိုင်ရ ပိုမိုခက်ခဲလာကြောင်း ကုန်သည်များထံက သိရသည်။
လက်ရှိတွင် မြဝတီမြို့ရှိ စက်သုံးဆီပန့်ခ်ဆိုင်များမှာ ပိတ်ထားပြီး လောင်စာဆီအတွက် တဖက် ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ကားများဖြင့် ဖြည့်ခြင်း၊ ပြင်ပ ဆီရသည့်နေရာများတွင်သာ ဝယ်ယူရခြင်းမျိုးနှင့် အလျဉ်းသင့်သလိုလုပ်ဆောင်နေရပြီး ဆီပုံး အဝါ တပုံးလျှင် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ ခန့်ရှိနေကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး စခန်းတခုဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်က တရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး ကုန်သွယ်မှု ပြုလုပ်နေသော ဂိတ်ပေါက်တခု ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂– ၂၀၂၃ ဘဏ္ဍာနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ် လာ ၅ ဒသမ၂၇ ဘီလီယံကျော်ရရှိထားပြီး ယင်းအနက် မြဝတီနယ်စပ်မှ ဒေါ်လာ ၂ ဒသမ ၀၃ ဘီလီယံကျော်ရရှိထား ကြောင်း စီးပွားနှင့်ကူးသန်းစာရင်းများ၌ ဖော်ပြထားသည်။
ပုံမှန်အားဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းဘက်သို့ ချုပ်ပြီးအထည်၊ ကြက်သွန်နီ၊ ငရုတ်သီး (စိမ်း/အစို)၊ ရာဘာ၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်တို့ တင်ပို့လျက်ရှိပြီး သွင်းကုန်အနေဖြင့် ချည်ထည်များ၊ ပလက်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါး ပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်များ တင်သွင်းလျက်ရှိကြောင်း စစ်ကောင်စီ၏ စီးပွားကူး သန်းဝန်ကြီး ဌာနစာရင်းများတွင် ဖော်ပြထားသည်။
You may also like these stories:
ထိုင်းက လူသုံးကုန်ပစ္စည်း တချို့ ထပ်မံပိတ်
စစ်ကောင်စီကပါ ပိတ်၍ ကရင်ပြည်နယ်တွင်း စက်သုံးဆီဈေးတက်လာ
မြဝတီ၌ တရုတ်နှင့် လက်နက်ကိုင်အဖွဲ့များ စက်သုံးဆီ အပြိုင်ဝယ်နေ