တနှစ်လျှင် သကြားတန် ၄ သိန်းခန့်ထုတ်လုပ်သည့် မြန်မာနိုင်ငံ၌ အဓိက ကြံစိုက်ရာ ရှမ်းမြောက်၊ စစ်ကိုင်းတိုင်းနှင့် ကချင် ပြည်နယ်သို့ စစ်ကောင်စီက လောင်စာဆီ ပိတ်ထားသဖြင့် ကြံများ စက်ရုံပို့ရာတွင် ကြန့်ကြာရသလို သယ်ယူစရိတ်ပါ တက်လာ၍ သကြားဈေးမှာ ယခင်နှစ်ထက် ပိုမြင့်လာနေသည်။
ပြီးခဲ့သည့်နှစ်က သကြားတပိဿာ ၃,၆၀၀ ကျပ် ရှိရာမှ ယခုအခါ ဈေးကွက်တွင် ၄,၈၀၀ မှ ၅၀၀၀ ကျပ်ထိရှိကြောင်း သိရသည်။
သကြားကုန်သည်တဦးက “ကြံသယ်တဲ့ကားတွေအတွက် စက်သုံးဆီက မရှိတော့ စက်ရုံတွေက လည်လိုက်ရပ်လိုက်ပဲ အခက်အခဲရှိတယ်။ ကြံကို စက်တွေဆီသယ်ယူဖို့ အလျင်မမီဘူး တနေ့ တန် ၈,၀၀၀ ကြိတ်တယ်ဆိုရင် ၈,၀၀၀ လုံး စက်ရုံဆီမရောက်တော့ အဆင်မပြေဘူး။ ရှမ်းမြောက်ရော၊ စစ်ကိုင်းအထက်ပိုင်းရောပေါ့။ စက်သုံးဆီက ကန့်သတ်ထား တော့ ဈေးတွေကလည်း အဆမတန်မြင့်။ ဆီမရတော့ ကြံသယ်ကားတွေ အလုပ်မလုပ်နိုင်၊ စက်က နောက်ကျပြီး တဖြည်း ဖြည်း ကြိတ်သွားရတော့ စက်ရုံရဲ့ကြံကြိတ်ဝါးတာ ပိုကြာသွားတယ်။ စရိတ်စကတက်သွားတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းက မကျဘူးပေါ့” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် ကြံစိုက်ဧက လေးသိန်းသုံးသောင်းကျော်ရှိရာ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အဓိကစိုက်ပျိုးနေခြင်း ဖြစ်သည်။
ယခုနှစ်၌ လုံခြုံရေးအခြေအနေ၊ စက်သုံးဆီ လုံလောက်စွာမရရှိခြင်း၊ ရရှိပါကလည်း အဆမတန် ဈေးကြီးခြင်းတို့ကြောင့် ပုံမှန်သကြားစက်များ အောက်တိုဘာမှ ဧပြီလထိ လည်ပတ်လေ့ရှိသော်လည်း လက်ရှိတွင် လည်ပတ်မှုနှေးကွေးခြင်းနှင့် တချို့စက်ရုံများမှာ လုံခြုံရေးကြောင့် သကြားဈေးကွက်သို့ တင်ပို့ရန် အခက်အခဲရှိနေကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ် လုပ်သူများထံမှ သိရသည်။
လက်ရှိ စစ်ကိုင်းမြို့မှ ကသာမြို့သို့ စက်သုံးဆီ သယ်ယူမည်ဆိုပါကလည်း နှစ်ဖက်ဂိတ်များ သို့ ပေးရသည့် အခွန်အခမှာ ကျပ် ၃ သိန်း ခန့် ရှိသဖြင့် သယ်ယူစရိတ်မှာ ကားတစီးလျှင် ကျပ် ၅ သိန်း၊ ၆ သိန်းထိ စရိတ် မြင့်တက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ကြံစိုက်တောင်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှ ကြံတောင်သူတဦးက “အခုလောလောဆယ် ကျနော်ဘက်မှာ လည်နေတဲ့စက်က ဂရိတ်ဝေါလ် နဲ့ ဝေမာ။ ဂရိတ်ဝေါလ်က အခုလ ၂၃ ရက်မှာ စလည်တယ်။ ဒါတွေက ကျနော်တို့နဲ့နီးတော့ အခက်အခဲမရှိပေမယ့် စက်သုံးဆီ မရတာက အခက်အခဲရှိတယ်။ အခု တပေပါကို ကျပ်သိန်း ၂၀ ဝန်းကျင်လောက်နဲ့ ဝယ်ပြီးလုပ်နေရတယ်။ ဥပမာ- မန္တလေး မှာ တပေပါ ၇ သိန်းဆိုရင် တဖက်ကမ်းမှာ ကျပ် ၉ သိန်း၊ အဲဒီကနေ ၁၃ သိန်း၊ ၁၈ သိန်း နေရာလိုက် တဖြည်းဖြည်းတက် လာတာ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါအခြေအနေများကြောင့် လည်ပတ်နိုင်သော သကြားစက်ရုံများလည်း နှေးကွေးနေသဖြင့် ယခုနှစ် ကြံရာသီ ထက်ဝက်ကျော် ရောက်လာပြီဖြစ်သော်လည်း ကြံကြိတ်ရန်ပမာဏ ကျန်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် ကြံဈေးမှာ တတန်လျှင် ၁၈၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်ထိ ဈေးဖြတ်ထားသော်လည်း စစ်ကိုင်းနှင့် ရှမ်းမြောက် ဒေသ များရှိ ကြံစိုက်တောင်သူများအတွက် ကြံဈေးမဖြတ်နိုင်သည့် အခြေအနေပင် ရှိနေကြောင်း၊ စက်ရုံများအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးအခြေအနေတို့ကြောင့် စက်ပုံမှန်လည်ပတ်ရန် အခက်အခဲဖြစ်နေသလို ကြံစိုက်တောင်သူ များမှာလည်း ယခုနှစ်ကြံရာသီတွင် စက်ရုံများမှ ကြံကုန်အောင် ဝယ်ပေးနိုင်မည့် အခြေအနေမှာ မခန့်မှန်း နိုင် ဖြစ်နေ သဖြင့် ကြံတောင်သူများ လာမည့်နှစ်ကြံစိုက်ရာသီတွင် အခက်အခဲများရှိနိုင်ကြောင်း တောင်သူနှင့် ကုန်သည် များက သုံးသပ်ပြောဆိုသည်။
ယခုနှစ်ပြည်တွင်းသကြားဈေး ကျပ် ၅ထောင်ခန့် ဖြစ်နေရာ ပြည်ပသကြားဈေး ကွက်နှင့် နှိုင်းယှဉ်လျှင် ပြည်တွင်းဈေးမှာ ပိုမြင့်သည်။
လက်ရှိ ပြည်ပသကြားဈေးကွက်မှာ တတန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်မှ ၆၀၀ ဝန်းကျင်ထိရှိပြီး တတန် ဒေါ်လာ ၆၀၀ နှင့်တွက်ပါက ငွေကျပ် ၂၄ သိန်း၊ ၁ ပိဿာဈေးနှင့် တွက်ပါက ၁ ပိဿာလျှင် ၄,၀၀၀ ကျပ်ကျော်သာ ရရှိသော ကြောင့် ပြည်တွင်းဈေးမှာ ပိုမြင့်နေကြောင်း ကုန်သည်များက ဆိုသည်။
ထိုသို့ ပြည်ပဈေးကျနေသဖြင့် ယခုနှစ်တွင် ပြည်ပသို့ သကြားတန်ချိန် ပျမ်းမျှ ၁ သိန်းတင်ပို့ရန် ရည်မှန်းထားသော်လည်း တန်ချိန် ၉ သောင်းဝန်းကျင်သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သကြားကုန်သည်များက ဆိုသည်။
မြန်မာ့သကြားကို ဗီယမ်နမ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တန်ချိန် ၉ သောင်း၊ ၁ သိန်းနီးပါး တင်ပို့နိုင်ခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၅၀၊ ၆၀ ခန့် ရရှိထားကြောင်း စစ်ကောင်စီ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
You may also like these stories:
တိုက်ပွဲများကြား အခက်ကြုံနေသည့် ကြံတောင်သူများ
စစ်ကောင်စီကပါ ပိတ်၍ ကရင်ပြည်နယ်တွင်း စက်သုံးဆီဈေးတက်လာ
ကချင်နှင့် ရှမ်းမြောက်သို့ စက်သုံးဆီရောင်း၍ လုပ်ငန်းရှင်တချို့ ဖမ်းခံရ