အမေရိကန်အစိုးရက နိုင်ငံတကာအကူအညီများကို ဆိုင်းငံ့ခြင်းကြောင့် ဒုက္ခသည်များကို ထောက်ပံ့ရန် အစားအစာ တလစာသာ ရှိတော့ကြောင်း ထိုင်းနိုင်ငံအနောက်ပိုင်းတွင် မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့နေသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းတခုက ပြောသည်။
ဆယ်စုနှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့သည့် နိုင်ငံတကာအကူအညီ အားလုံးနီးပါးကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ကြောင်း ထရမ့်အစိုးရက ဇန်နဝါရီလတွင် အမိန့်ထုတ်ပြန်သည်။ ထိုသို့ ကြေညာခြင်းသည် ကမ္ဘာတဝန်းမှ လူသန်းပေါင်းများစွာ၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက တခုတည်းသော အကြီးမားဆုံး အလှူရှင်အဖြစ် ထောက်ပံ့နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပဋိပက္ခဒေသများရှိ လူများစွာကို ထိခိုက်စေသည်။
အကူအညီ ဆိုင်းငံ့ပြီးနောက် အမေရိကန်အစိုးရသည် မည်သည့်ငွေကြေးမှ မပေးတော့ကြောင်း ထိုင်း နယ်စပ်ဒုက္ခသည်စခန်း ကိုးခုသို့ စားနပ်ရိက္ခာနှင့် ချက်ပြုတ်ရန် လောင်စာထောက်ပံ့သည့် အကူအညီပေးရေးလုပ်ငန်း The Border Consortium (TBC) က ပြောသည်။
“TBC က မတ်လကုန်အထိ စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ရန်ပုံငွေရှာထားပြီး မိုးရာသီအထိသုံးဖို့ မီးသွေးတွေကို စခန်းတခုစီမှာ သိုလှောင်ထားတယ်” ဟု TBC အမှုဆောင် ဒါရိုက်တာ မစ္စတာ လီယွန် ဒီ ရိဒ်မက်တန်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
စားနပ်ရိက္ခာနှင့် ချက်ပြုတ်ရေး လောင်စာစရိတ်သည် တလလျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ကုန်ကျပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာ၏ Population, Refugees, and Migration ဗျူရိုသည် တဖွဲ့တည်းသော အလှူရှင်ဖြစ်ကြောင်း TBC က ပြောသည်။
TBC သည် ၁၉၈၄ ခုနှစ်မှ စတင်ပြီး ထိုစခန်းများမှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြား အကူအညီများ အဓိက ထောက်ပံ့သည့်အဖွဲ့အစည်း ဖြစ်သည်။
“မတ်လကုန်လို့ ရန်ပုံငွေ မရတော့ရင် ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမယ့် TBC က တခြား ဘဏ္ဍာရေးရင်းမြစ်တွေရှာဖို့ အပြင်းအထန် ကြိုးစားနေတယ်” ဟု မစ္စတာ ဒီ ရိဒ်မက်တန်က ပြောသည်။
အဖြေရှာရန် တစိတ်တပိုင်းအနေဖြင့် ထိုင်းအစိုးရက စခန်းများတွင် နေထိုင်သူများကို စခန်းများပြင်ပတွင် အလုပ်လုပ်ခွင့်ပေးပြီး ပေါင်းစည်းရေး လုပ်ငန်းစဉ် စတင်ရေး စဉ်းစားရန် ၎င်းက တိုက်တွန်းသည်။
TBC ၏ အခြေအနေ မရေမရာ ဖြစ်နေသော်လည်း ထိုစခန်းများမှ ဆေးခန်းများကို အမေရိကန် အကူအညီဖြင့် ငွေကြေးထောက်ပံ့နေသည့် အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) က ၎င်းတို့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ဆောင်မှုအားလုံး မဟုတ်သော်လည်း အချို့ကို ပြန်လည် လုပ်ခွင့်ပေးထားကြောင်း ပြောသည်။
လွန်ခဲ့သောလတွင် IRC သည် ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်ပြီး ရက်ပေါင်း ၉၀ ဆိုင်းငံ့ရန် အမိန့်ရရှိပြီးနောက် နယ်စပ်မှ စခန်း ခုနစ်ခုသို့ IRC က ပေးသည့် အမေရိကန်အစိုးရ ရန်ပုံငွေအကူအညီ ရပ်ဆိုင်းသွားသည်။
ဒုက္ခသည် ကော်မတီတခုသို့ ပေးပို့ပြီး ဧရာဝတီသတင်းဌာနက ကြည့်ရှုခွင့်ရသည့် အီးမေးလ်တစောင်တွင် IRC ၏ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ မစ္စတာ ဒါရင်ဟာ့ဇ်က IRC သည် ထိုကာလအတွင် စခန်း ခုနစ်ခုမှ ဒုက္ခသည်များသို့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအပါအဝင် ကျန်းမာရေး ဝန်ဆောင်မှု အချို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြောသည်။
သို့သော် ထိုင်းဆေးရုံများသို့ လွှဲပြောင်းပေးခြင်း၊ မိသားစု စီမံချက်နှင့် စိတ်ကျန်းမာရေးဆိုင်ရာများကို ရပ်ဆိုင်းရမည်ဟု ၎င်းကပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ရန်ပုံငွေ ဆက်လက် ထောက်ပံ့မည်၊ မထောက်ပံ့မည်ကို သုံးလ ဆိုင်းငံ့ကာလအကုန်တွင် အမေရိကန်အစိုးရ ဆုံးဖြတ်မည်ဟု IRC က နားလည်ထားကြောင်း မစ္စတာ ဟာ့ဇ်က ရေးသားသည်။
“အဲဒီဆုံးဖြတ်ချက်ကို ကျနော်တို့ကို ဘယ်တော့ အသိပေးမယ်ဆိုတာ ကျနော်တို့ မသိဘူး” ဟုလည်း ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Food Running Out for 100,000 Myanmar Refugees After US Aid Freeze ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်ဆေးခန်းပိတ်သောကြောင့် ကရင်ဒုက္ခသည်လူနာ ကွယ်လွန်
USAID ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထိန်းချုပ်
ပိတ်ဆို့အရေးယူမှု၊ လူသားချင်းစာနာမှု အကူအညီ၊ ပြီးတော့ ဘာလဲ
ကမ္ဘာ့အချမ်းသာဆုံး လူများက ကမ္ဘာ့အဆင်းရဲဆုံး ကလေးများကို မစာနာကြ
အီလွန်မတ်စ်နှင့် DOGE က အမေရိကန်အစိုးရထဲ ထိုးဖောက် မွှေနှောက်နေသည်
မြန်မာမီဒီယာကဏ္ဍအပါဝင် အမေရိကန်အကူအညီ ဒေါ်လာ ၃၉ သန်းကျော် ဆိုင်းငံ့