၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ စစ်တပ်သည် ဗန်းမော်၊ တောင်ခမ်း၊ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း စသော အဓိကကျသည့် ရှေ့တန်းစစ်မြေပြင်များ၌ ဒရုန်း အများအပြားသုံးလာရာ တော်လှန်ရေးတပ်များအတွက် ထိခိုက်ကျဆုံး မှုများ ရှိနေသည်။
ယခုရက်ပိုင်းများမှာပင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာအပါအဝင် ဒေသတချို့ကို ဒရုန်းသုံး တိုက်ခိုက်လာသလို ပြင်ဦးလွင်တပ်နယ်မှ ဒရုန်းတပ်များကလည်း တောင်းခမ်းဒေသရှိ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တပ်များကို တိုက်ခိုက်သည်ကို ကြားသိရ၏။
KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဗန်မော်တိုက်ပွဲ၌ နည်းပညာပိုင်း ပိုမိုကောင်းမွန်သည့် ဒရုန်းအများအပြား သုံးလာ သည်ကို တွေ့ရကြောင်း ဧရာဝတီသို့ပြောသည်။
စစ်ကောင်စီအနေဖြင့် ဒရုန်းနှင့် ပတ်သက်လျှင် ယခုအခါမှသာ တွင်တွင်ကျယ်ကျယ် သုံးလာခြင်းဟု ဆိုရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးအတွင်းတွင်မူ တော်လှန်ရေးအင်အားစုများဖြစ်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒရုန်းကို စစ်ဆင် ရေးအင်အားတရပ်အနေဖြင့် သုံးခဲ့သည့်အတွက် စစ်ကောင်စီသည် နယ်မြေများဆုံးရှုံးခဲ့သည်သာမက တိုင်းစစ်ဌာနချုပ်ကြီး တခုလုံးပင် လက်လွှတ်ခဲ့သည်။
ယခုအခါ စစ်တပ်ကပါ ဗျူဟာကုန်းများနှင့် စစ်ကြောင်းတိုင်းလိုလိုတွင် ဒရုန်းတပ်ဖွဲ့ အသုံးပြု၍ စစ်ရေးပစ်မှတ်အပြင် အရပ်သားနေရာများကိုပါ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပိုမိုလုပ်ဆောင်လာသလို လာခြင်းဖြစ်သည်။
ကမ္ဘာ့စစ်လက်နက်နှင့် စစ်ရေးစစ်ရာ သတင်းများကို ရေးသားနေသည့် ဗြိတိန်အခြေစိုက် ဂျိန်းစ် ကာကွယ်ရေးဆိုင်ရာ စာစောင်ရဲ့ရေးသားချက်အရ ဆိုလျှင် မြန်မာစစ်တပ်သည် ဒရုန်းစစ်ဆင်ရေးကို ပိုမိုတိုးချဲ့လာပြီး အနီအောက်ရောင်ခြည် စနစ် (forward-looking infrared)ကို သုံး ဗန်းမော် ညတိုက်ပွဲများတွင် သုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသုံးသည့် ဒရုန်းများက တရုတ်နှင့် ရုရှားလုပ် ဒရုန်းများ ဖြစ်ကြောင်း တော်လှန်ရေး ခေါင်းဆောင်အချို့က ဆိုကြ ပြီး ဧရာဝတီမှရရှိထားသော အချက်အလက်များအရ စစ်ကောင်စီအသုံးပြုသော ဒရုန်းအများစုမှာ တရုတ်ထုတ် Vtol ဒရုန်းများ ဖြစ်ကြပြီး တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးသုံးဒရုန်းများဖြင့်လည်း ကင်းထောက်ခြင်းနှင့် ဗုံးကြဲခြင်းတို့ ပိုမိုလုပ် ဆောင်လာကြောင်း သိရသည်။
တရုတ်အစိုးရအနေဖြင့် နဝတ အစိုးရလက်ထက်မှစ၍ မြန်မာစစ်တပ်မှ စစ်အင်ဂျင်နီယာကျောင်းဆင်း (DSTA) စစ်ဗိုလ် များနှင့် နည်းပညာကျောင်းဆင်း တပ်ကြပ်ကြီးများအား စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး သင်တန်းများ ခေါ်ယူသင်ကြား ပေးခဲ့သည်။ ထို့ပြင် စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိများကို တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ စစ်တက္ကသိုလ်တွင် သင်တန်း ပေးခဲ့သည်။

စစ်တပ်တွင် အသုံးပြုနေသော လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများနှင့် ဗုံးကြဲ တိုက် လေယာဉ်များကိုလည်း တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည်။
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သော FTC- 2000G တိုက်လေယာဉ်များနှင့် လက်ရှိစစ်တပ် ဗုံးကြဲရာတွင် အသုံးပြုနေသော Y-12 သယ်ယူပို့ဆောင်ရေး လေယာဉ်များမှာ တရုတ်နိုင်ငံမှဝယ်ယူခဲ့သော စစ်လက်နက်ပစ္စည်းများထဲမှ လူသိများသော အမျိုးအစားနှစ်ခု ဖြစ်သည်။
စစ်တပ်အနေဖြင့် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်တို့ရှိသော်လည်း ၂၀၂၄ ခုနှစ်မတိုင်ခင်အထိ ဒရုန်းအသုံးပြုမှုမှာ နည်းပါး ခဲ့သည်။ တိုက်ခိုက်ရေးတပ်ရင်းများတွင် ဒရုန်းများရှိပြီး သင်တန်းတက်ရောက်ထားသူအချို့ ရှိသော်လည်း ကျွမ်းကျွမ်း ကျင် ကျင် မမောင်းတတ်သည့်အတွက် ဒရုန်းဖြင့် ဗုံးကြဲခြင်းများ မလုပ်ဆောင်နိုင်ခဲ့ပေ။
သို့သော် နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းသုံး တိုက်ခိုက်လာသည့်အပေါ် စစ်တပ်မှ အလူးအလဲ ခံ ခဲ့ရသည်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်းသုံး တိုက်ခိုက် ခြင်း များအပေါ် မခုခံနိုင်သောကြောင့် စစ်ကောင်စီတပ်အနေဖြင့် အကျအဆုံးများခဲ့ပြီး စခန်းများစွာ လက်လွှတ်ဆုံး ရှုံးခဲ့ရသည်။
ထို့ကြောင့် စစ်ကောင်စီတပ်အနေဖြင့် တိုက်ခိုက်ရေးနှင့်ကင်းထောက်ခြင်းတို့အတွက် ဒရုန်းအသုံးပြုရန် ပြင်ဆင်လာခဲ့သလို တရုတ်နိုင်ငံမှ ဒရုန်းများဝယ်ယူကာ ၂၀၂၄ ခုနှစ်လယ်မှစ၍ ဒရုန်းဖြင့် ဗုံးကြဲခြင်း ပိုမိုလုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများက ဆိုကြသည်။
စစ်ကောင်စီတပ်မှသိမ်းဆည်းရမိသော ဒရုန်းတခုတွင်ပါရှိသော အချက်အလက်များအရ အဆိုပါဒရုန်းသည် တရုတ်နိုင်ငံ တီယန်ကျင်းမြို့ တွင် စတင် လေ့ကျင့်ပျံသန်းခဲ့သည်။
စစ်ကောင်စီတပ်သားများသည်လည်း တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒရုန်းသင်တန်းများ စတင် တက်ရောက်ခဲ့သည်ဟု ယူဆကြောင်း တော်လှန်ရေး ခေါင်းဆောင်တဦးက ဆိုသည်။

စစ်ကောင်စီအသုံးပြုနေသည့် ဒရုန်းများမှာ တရုတ်နိုင်ငံထုတ်ဒရုန်းများဖြစ်သော်လည်း စစ်ကောင်စီတပ်သားများအား တရုတ်အစိုးရမှ ဒရုန်းသင်တန်း ပေးမပေးကိုမူ ဧရာဝတီအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
တီယန်ကျင်းမြို့သည် တရုတ်နိုင်ငံ၏မြို့တော် ဘေကျင်းနှင့်အနီး၌ တည်ရှိသည်။ တီယန်ကျင်းမြို့သည် ပြည်နယ်မြို့တော် မဟုတ်သော်လည်း ဘေဂျင်းမြို့ ကဲ့သို့ ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သောမြို့ ဖြစ်သည်။
အဆိုပါ မြို့တွင် တရုတ်တပ်မတော်၏ Army Military Transporation University ၊ Chinese People’s Armed Police Force Command Academy နှင့် Tianjin Agriculture College တို့ ရှိသည်။
ဒရုန်းသင်တန်းသားများ စမ်းသပ်မောင်းနှင့်မည့်ဒရုန်းအား တီယန်ကျင်း မြို့ရှိ Muning Road လမ်းမကြီးနှင့် No-8 လမ်းကြားတွင်ရှိသော စက်ရုံတရုံ၌ ၂၀၂၄ မတ်လ ၂ ရက်တွင် စတင် တပ်ဆင်ခဲ့သည်။ Muning လမ်းမကြီးမှ No-8 လမ်းမဘက်သို့ ဦးတည်မောင်းနှင်ပါက No-8 လမ်းမကို မဖြတ်ခင် နောက်ဆုံးတွေ့သည့်လမ်းထဲသို့ ဝင်လိုက်ပြီး ဘယ်ဘက်တွင်ရှိသော အဆောက်အဦ၌ ဒရုန်းကို တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အဆိုပါ ဒရုန်းနှင့်လေ့ကျင့်ပြီးနောက် ၂၀၂၄ ဇွန်လ ၂၄ ရက်တွင် တီယန်ကျင်း မြို့ Beitang AVE လမ်းနှင့် Tianchi N Road လမ်းဆုံအနီးတွင်ရှိသော Qinghaihu N Road လမ်းမကြီးနှင့် Dezhou Ave လမ်းကြားရှိ ကွင်းပြင်၌ စမ်းသပ် မောင်းနှင်ခဲ့ကြသည်။
စစ်ကောင်စီအနေဖြင့် တရုတ်နိုင်ငံထုတ် ဒရုန်းများထဲမှ CH4 Rainbow CH3 A ၊ Yellow Cat နှင့် UAV ဒရုန်းများ ဝယ်ယူသုံးစွဲသည်ကို တွေ့ရကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုမှ တပ်မှူးတဦးက ဆိုသည်။
တရုတ် တီယန်ကျင်း မြို့၌ သင်တန်းတက်ခဲ့ပြီး စမ်းသပ်မောင်းနှင်ခဲ့သောဒရုန်းအား မြန်မာနိုင်ငံသို့ရောက်လာပြီးနောက် တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျိုင်းတုံအခြေစိုက် အမှတ် ၂၄၅ ခြေလျင်တပ်ရင်း (ခလရ-၂၄၅) တပ်တွင် ၂၀၂၄ ဇူလိုင် ၂၀ ရက်တွင် စတင်ပျံသန်းခဲ့သည်ဟု ဧရာဝတီသတင်းရင်းမြစ်တဦးက ဆိုသည်။

ထို့ပြင် ဇူလိုင် ၂၂ ရက်တွင် ကျိုင်းတုံမြို့ရှိ အားကစားကွင်း၌ တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော ဒရုန်းများအား စတင် စမ်းသပ် ပျံသန်းခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၄ နှစ်ဆန်းပိုင်းမှစ၍ ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းခဲ့ကာ ကက (ကြည်း) စစ်ဆင်ရေးဌာနတွင် တွဲဖက် ထားသည်ဟု လေ့လာသိရှိရသည်။ အဆိုပါ တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ကျောင်းဆင်း ဗိုလ်မှူးချုပ် နေမျိုးထွန်းအား တာဝန်ပေးထားကြောင်း CDM အရာရှိအချို့က ဆိုသည်။
၎င်းအား ကလေးဗိုလ်ချုပ်ဟု နာမည်ပြောင်ပေးထားကြပြီး ၎င်း၏အမျိုးသမီးမှာ ဆရာဝန်တဦး ဖြစ်သည်။
ဗိုလ်မှူးချုပ် နေမျိုးထွန်းသည် ပြင်ဦးလွင်မြို့၌ မြောက်ကိုရီးယားနိုင်ငံမှ ဒုံးနှင့်ဆိုင်သော ပညာရပ်များပို့ချသည့် သင်တန်းသို့ တက်ရောက်ခဲ့သူဖြစ်ပြီး လေကြောင်းရန်အရာရှိချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒရုန်းတပ်ဖွဲ့အား သီးခြားဖွဲ့စည်းပြီး ယင်းတပ်ဖွဲ့တွင် ဗိုလ်မှူးချုပ် နေမျိုးထွန်းကို ဦးဆောင် စေသည်။ ဒရုန်းတပ်ဖွဲ့တွင် နည်းပညာကျောင်းဆင်း တပ်ကြပ်ကြီးများလည်း ပါဝင်သည်။
ယခင်က စစ်တပ်တွင် ဒရုန်းများအား ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်းဝယ်ယူရေးဌာန (ကကဝယ်) မှ ဝယ် ယူခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ဒရုန်းများအား ကက (ကြည်း) မှသာ ဝယ်ယူခဲ့သည်။ အလားတူ ဒရုန်းတပ်ဖွဲ့ကို လည်း ကက (ကြည်း) စစ်ဆင်ရေးအောက်တွင် တွဲဖက်ထားပြီး စစ်ဆင်ရေးများ၌ ဒရုန်းများ တွင်တွင်ကျယ်ကျယ် သုံး လာခဲ့သည်။
ထိုကဲ့သို့ စစ်တပ်မှ တရုတ်ဒရုန်းများသုံး၍ တိုက်ခိုက်နေသည့်ကိစ္စအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ တရုတ် အစိုးရထံတင်ပြခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တဦးက ဆိုသည်။ သို့သော် တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီအား တိုက်ရိုက်ရောင်းချခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ကြားခံနိုင်ငံတခုမှ ဝယ်ယူခြင်းဖြစ်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်။
၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်သည် ဒရုန်းသုံး၍ ဗုံးကြဲခြင်း၊ ကင်းထောက်ခြင်းများ ပိုမိုလုပ်ဆောင်လာသလို ဒရုန်းဖြင့် ဗုံးကြဲခြင်းကြောင့် တော်လှန်ရေး အင်အားစုများဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိလာခဲ့သည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေးမှစ၍ စစ်ဦးကျိုးသွားခဲ့သော စစ်တပ်သည် ဒရုန်းအသုံးပြု တိုက်ခိုက်လာသော်လည်း အခုချိန်ထိ စခန်းကုန်း၊ ဌာနချုပ်များ မကျရေးအတွက် အစွမ်းကုန် ခံစစ်ဆင်နေရဆဲ ဖြစ်သည်။ ။
You may also like these stories:
တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA
ယာယီ နည်းဗျူဟာမှူး ကျော်ကျော်သက် အဖမ်းခံရခြင်း နောက်ကွယ်
စစ်အင်အား ဖြည့်တင်းရေး စစ်ကောင်စီ အကျပ်အတည်းဆိုက်နေသည်
တော်လှန်ရေးကို ဖြိုခွဲရေး တရုတ်ဒရုန်းများကို မင်းအောင်လှိုင် မျက်စိကျ
တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား