စစ်အုပ်ချုပ်ရေးကြေညာသောကြောင့် သမ္မတ ယွန်းဆွတ်ယို စွဲချက်တင်ခံရပြီးနောက် အကြီးမားဆုံး ဆန္ဒပြပွဲများအနက် တခုတွင် တောင်ကိုရီးယားမှလူအုပ်စုများ ဆိုးလ်မြို့လယ်၌ ပြည့်နှက်နေသည်။ သူ့ကိုရာထူးမှ ထုတ်ပယ်မည် သို့မဟုတ် ပြန်လည်ခန့်အပ်မည်ကို တရားသူကြီးများ ဆုံးဖြတ်မည့် နောက်ဆုံးအဆင့်သို့ ရောက်လာပြီဖြစ်သည်။
ဆန္ဒပြသူများသည် မတ်လ ၁ ရက်နေ့တွင် ထီးများ၊ အမျိုးသားအလံများနှင့် စာတန်းများဖြင့် ရာထူးဆိုင်းငံ့ခံရသော သမ္မတကို အချို့က ထောက်ခံပြီး အချို့က ဝေဖန်ရှုတ်ချသည်။
ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် မစ္စတာ ယွန်းဆွတ်ယိုကို ထောက်ခံသူများသည် အစိုးရဌာနချုပ်များရှိသော ဂွမ်ဂွာမွန်တွင် စုဝေးနေသည်ကို ပြသသည်။
ယွန်းဆွတ်ယိုကို ဖြုတ်ချရန် တောင်းဆိုသည့် ဆန္ဒပြသူများသည် အနီးရှိ လမ်းတခုတွင် နေရာယူထားသည်။
မြို့တော်မှ ထိုလူအုပ်များသည် ၃ သိန်းခွဲခန့်ရှိမည်ဟု ရဲတပ်ဖွဲ့က ကနဦးတွင် ခန့်မှန်းထားသည်။
မစ္စတာ ယွန်း၏ မမျှော်လင့်သော စစ်အုပ်ချုပ်ရေးကြေညာခြင်းအတွက် တောင်ကိုရီးယားတွင် သဘောထား ကွဲလွဲနေသည်မှာ လနှင့်ချီကြာပြီဖြစ်ပြီး စစ်အုပ်ချုပ်ရေး ကြေညာသောကြောင့် ဘဏ္ဍာရေး ဈေးကွက်ကို ပြတ်တောက်စေကာ စီးပွားရေးအပေါ် ယုံကြည်မှု ပျက်စီးစေပြီး အဆင့်မြင့်သံတမန်ရေးများ ရပ်ဆိုင်းသွားသည်။
သူ့ကို စွဲချက်တင်ရန် ပါလီမန်၏အဆိုကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဒီဇင်ဘာလတွင် စတင်စစ်ဆေးပြီးနောက် သူ့ကိုဆန့်ကျင်သော သို့မဟုတ် ထောက်ခံသော ဆန္ဒပြပွဲများ ရက်သတ္တပတ်ကုန်တိုင်း နီးပါးတွင် ဖြစ်ပွားသည်။
အသက် ၆၄ နှစ်ရှိပြီဖြစ်သော မစ္စတာ ယွန်းက ယခုအပတ်တွင် အဆုံးသတ်သည့် ကြားနာစစ်ဆေးမှု ၁၁ ကြိမ်လုံးတွင် အပြစ်မရှိကြောင်း ငြင်းဆိုပြီး သူ၏လုပ်ဆောင်မှုသည် အစိုးရကို မလှုပ်ရှားနိုင်အောင် လုပ်နေသည့် မြောက်ကိုရီးယား လိုလားသူများအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားခြင်းဖြစ်သည်ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က အမျိုးသားလွှတ်တော်အဆောက်အအုံတွင် တပ်များချထားခြင်းသည် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးအတွက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက စစ်အုပ်ချုပ်ရေး ဖျက်သိမ်းရန် မဲမပေးနိုင်ရေးအတွက် မဟုတ်ကြောင်း ၎င်းကငြင်းဆိုသည်။
“ယွန်းဟာ ကျနော်တို့နိုင်ငံကို မြောက်ကိုရီးယားရန်ကနေ ကာကွယ်ဖို့ အမြန်ဆုံး ပြန်လာသင့်တယ်” ဟု အသက် ၆၆ နှစ်အရွယ် ချွိုင်ဂျန်ယွန်က အမျိုးသားလွှတ်တော်အနီး လူထုစုဝေးပွဲတွင် ပြောသည်။
“စစ်အုပ်ချုပ်ရေး လိုအပ်ခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးအနီး လူထုစုဝေးပွဲတွင် အသက် ၃၀ အရွယ် မစ္စ ခရစ္စတီနာလီက “ယွန်းကို စွဲချက်တင်သင့်တယ်။ စစ်အုပ်ချုပ်ရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒီနိုင်ငံမှာ ဒီမိုကရေစီ ဆုံးရှုံးမှာကို ကျမ စိုးရိမ်တယ်” ဟု ပြောသည်။
အတိုက်အခံထိန်းချုပ် ပါလီမန်က မစ္စတာ ယွန်းသည် အာဏာအလွဲသုံးစားလုပ်ကြောင်း စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက သူ့ကို ဇန်နဝါရီလတွင်ဖမ်းဆီးကာ အဖမ်းခံရသည့် အာဏာလက်ရှိ ပထမဆုံး တောင်ကိုရီးယားသမ္မတ ဖြစ်လာသည်။
လူထုစုဝေး ဆန္ဒပြပွဲအများစုသည် ငြိမ်းချမ်းသော်လည်း မစ္စတာ ယွန်းကို ဖမ်းဆီးမှု သက်တမ်းတိုးပေးသည့် တရားရုံးတရုံးကို လူအုပ်က ချိုးဖျက်ဝင်သောအခါ ဇန်နဝါရီလတွင် အကြမ်းဖက်မှုဖြစ်ခဲ့သည်။ အချို့က တံတိုင်းပေါ် ကျော်တက်ပြီး အခြားသူများက အတားအဆီများကို ချိုးဖျက်ကာ ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးသို့ ဝင်ရောက်ကြသည်။
စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းများ၏ စိတ်ခံစားမှုများကို ဖိစီးမှုဖြစ်စေသည့် နိုင်ငံရေးတင်းမာမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ချက်ချသည်အထိ ကြာမြင့်နိုင်ပြီး ထိုဆုံးဖြတ်ချက်ကို မတ်လလယ်တွင် ချမည်ဟု သုတေသီများက ယူဆသည်။
မစ္စတာ ယွန်းကို ဖယ်ရှားရန် တရားရုံးက ဆုံးဖြတ်ပါက ကြားဖြတ်ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည် ဖြစ်သည်။
မစ္စတာ ယွန်းကို စွဲချက်တင်ပြီး ဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာ တရားသူကြီးများ လျင်မြန်စွာခန့်ရန် အတိုက်အခံတို့၏ တောင်းဆိုမှုကို မလိုက်နာသောကြောင့် ဝန်ကြီးချုပ် မစ္စတာ ဟန်ဒတ်ဆိုးကို တာဝန်မှ ဆိုင်းငံ့ပြီးနောက် လက်ရှိအချိန်တွင် ဘဏ္ဍာရေးဝန်ကြီး မစ္စတာ ချွိုင်ဆန်မော့သည် ခေတ္တသမ္မတအဖြစ် အစိုးရကို ချုပ်ကိုင်ထားသည်။
ခေါင်းဆောင်မှု လစ်ဟာခြင်းသည် ပို့ကုန်အပေါ် မှီခိုအားထားနေသော တောင်ကိုရီးယားနိုင်ငံအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိထိရောက်ရောက် ညှိနှိုင်းနိုင်သည့်စွမ်းရည်ကို ထိခိုက်စေသည်။ သမ္မတ ထရမ့်က ကုန်သွယ်ဖက်များကို အခွန်နှုန်းသစ်များ ချမှတ်မည်ဟု ခြိမ်းခြောက်နေသည်။
မစ္စတာ ယွန်းသည် အမေရိကန် ပြည်ထောင်စုနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံရေးနှင့် မြောက်ကိုရီးယားကို ပိုမိုပြတ်သားရေး အခြေခံများဖြင့် ၂၀၂၂ ခုနှစ်တွင် အာဏာရလာသည်။
အဆင့်မြင့်အရာရှိများ၏ အဂတိလိုက်စားမှုများကို ဦးဆောင်စုံစမ်းစစ်ဆေးသည့် တရာစွဲရှေ့နေဟောင်းတဦး ဖြစ်သူ မစ္စတာ ယွန်းသည် အစဉ်အလာအားဖြင့် ချမ်းသာကြွယ်ဝမှု ပိုမိုညီမျှရေး၊ မြောက်ကိုရီးယားနှင့် ဆွေးနွေးရေးအတွက် ပိုမိုအားထုတ်ရန် အားပေးသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မစ္စတာ လီဂျေးမြောင်ကို ပွတ်ကာသီကာ အနိုင်ရသည်။
ဆိုးလ်မှ နိုင်ငံရေးမတည်ငြိမ်မှုသည် မြောက်ကိုရီးယားနှင့် ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာချိန်နှင့် တိုက်ဆိုင်နေပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ယူကရိန်းစစ်ပွဲတွင် ကူညီရန် တပ်များ စေလွှတ်နေသည်။
မတ်လ ၁ ရက်နေ့က ပြောကြားသည့် မိန့်ခွန်းတခုတွင် မစ္စတာ ချွိုင်က စစ်ရေးအသင့်ဖြစ်မှု အရေးပါကြောင်း ပြောသည်။ “မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို အခိုင်အမာ တားဆီးဖို့ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဖွဲ့မှုကို အခြေခံပြီး တောင်ကိုရီးယားဟာ တောင့်တင်းတဲ့ စစ်ရေးအသင့်ဖြစ်မှုကို လုပ်ဆောင်ထားရမယ်” ဟု ၎င်းကပြောသည်။
မကြာသေးမီက လူထုသဘောထား စစ်တမ်းများအရ မစ္စတာ လီဂျေးမြောင်သည် အလားအလာရှိသည့် သမ္မတရွေးကောက်ပွဲတွင် ရှေ့ဆုံးမှပြေးနေသော်လည်း သူ၏သီးခြား ဥပဒေပြဿနာများကို ရင်ဆိုင်နေရသည်။
၂၀၂၁ ခုနှစ် သမ္မတရာထူးအတွက် မဲဆွယ်စဉ် လိမ်ညာပြောဆိုမှုများအတွက် အပြစ်ရှိသည်ဟု အောက်တရားရုံးတခုက နိုဝင်ဘာလတွင် ဆုံးဖြတ်ပြီးနောက် သူသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ယခုလနှောင်းပိုင်းတွင် အယူခံတရားရုံးတခုက ဆုံးဖြတ်မည်ဖြစ်သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ရွေးကောက်ပွဲမှ ပိတ်ပင်ခံရမည်ဖြစ်သည်။
မစ္စတာ လီဂျေးမြောင်သည် ဖြုတ်ချခံသမ္မတကို အစားထိုးသည့် ပထမဆုံး တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် ဖြစ်လာမည် မဟုတ်ပေ။ ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် သြဇာအာဏာ ခွဲဝေမှုဆိုင်ရာ အရှုပ်တော်ပုံတွင် ပါဝင်နေသည့် သမ္မတ ပတ်ဂွန်ဟီးအား စွဲချက်တင်ခြင်းကို အတည်ပြုခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် မွန်းဂျေအင်းက ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ဖူးသည်။
သို့သော် မစ္စတာ လီဂျေးမြောင်သည် မစ္စတာ မွန်းဂျေအင်းထက် ပိုမို သဘောထားကွဲစေသော ခေါင်းဆောင်ဖြစ်သည်ဟု ဝေဖန်သူများ မြင်ကြပြီး မဆုံးဖြတ်ရသေးသော မဲဆန္ဒရှင်များထံမှ မဲရရန် ပိုမို ခက်ခဲနိုင်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Gallup Korea လူထုစစ်တမ်းအရ စစ်တမ်းကောက်ခံသူများ၏ ၅၉ ရာခိုင်နှုန်းက မစ္စတာ ယွန်းဆွတ်ယိုအား ဖြုတ်ချခြင်းကို ထောက်ခံပြီး ၃၅ ရာခိုင်နှုန်းကသာ ထိုကိစ္စကို ဆန့်ကျင်သည်။ မစ္စတာ ယွန်း၏ပါတီသည် မစ္စတာ လီဂျေးမြောင်၏ ပါတီကဲ့သို့ပင် ထောက်ခံမှုရပြီး ၃၆ ရာခိုင်နှုန်းနှင့် ၃၈ ရာခိုင်နှုန်း ရသည်။
ထိုစစ်တမ်းရလဒ်အရ တောင်ကိုရီးယားသည် လာမည့် သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံတို့ကို အပြည့်အဝ ထောက်ခံရန် အသင့်မရှိသေးကြောင်း အခြားစစ်တမ်းများမှ အလားတူ ရလဒ်များကလည်း ပြသနေသည်။
“လီဂျေးမြောင်ဟာ အလယ်အလတ် မဲဆန္ဒရှင်တွေကို ပစ်မှတ်ထားတဲ့ လက်တွေ့ကျတဲ့ စီးပွားရေးမူဝါဒတွေကို ဦးတည် ပုံရတယ်” ဟု Citi သုတေသန စီးပွားရေးပညာရှင်များဖြစ်သော ဂျင်ဝုခ်ကင်မ်နှင့် ဂျွတ်ချိုင်တို့က ယခုအပတ်တွင် ပြောသည်။
“၂၀၁၇ ခုနှစ်က တောင်ကိုရီးယား သမ္မတကို စွဲချက်တင်တာနဲ့ မကြာသေးမီက သမ္မတလောင်းကို ထောက်ခံမှုနှုန်း စစ်တမ်းကို ပြန်ကြည့်ရင် သမ္မတရွေးကောက်ပွဲ ကြေညာရင် အဓိက အတိုက်အခံပါတီက အနိုင်ရဖို့ ပိုမိုခိုင်မာတဲ့ အခွင့်အရေး ရှိနေတယ်” ဟု ၎င်းတို့က သုံးသပ်သည်။
ကိုးကား ။ ။ Bloomberg သတင်း South Korean protesters rally as impeachment verdict nears
You may also like these stories:
၆ နာရီကြာ စစ်အုပ်ချုပ်ရေး၊ သမ္မတ နုတ်ထွက်ရေးနဲ့ တောင်ကိုရီးယား နိုင်ငံရေးဒရာမာ
K-pop၊ စာပေနိုဘယ်ဆုနှင့် တောင်ကိုရီးယား အာဏာရှင်များ
တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်
အဆုံးထိ တိုက်ပွဲဝင်မည်ဟု တောင်ကိုရီးယား သမ္မတ ပြော
အာဏာသိမ်းမှုကို ဝေဖန်သော်လည်း တောင်ကိုရီးယား ကုမ္ပဏီများ စစ်ကောင်စီနှင့် တွေ့ဆုံ