ရုရှား သမ္မတ ဗလာဒီမာ ပူတင် ဖိတ်ကြားချက်အရ မတ်လ ၃ ရက်မှ မတ် ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ရာ ၂ နိုင်ငံ ကဏ္ဍတချို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတချို့ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း စကားလုံးများဖြင့်သာ လေးလံနေသည်။
နားလည်မှုစာချွန်လွှာ ၁၀ ခု မှာ နျူကလီးယားနှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ အာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်၌ ပူးပေါင်း ဆောင်ရွက်ရေး၊ ပညာအရည်အချင်း သတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီကရီများ အပြန်အလှန်အသိ အမှတ်ပြုရေး ဆိုင်ရာ သဘောတူစာချုပ်၊ အကောက်ခွန်ဆိုင်ရာသဘောတူချက်များ၊ ကျန်းမာရေး နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ၊ ကုန်သွယ်ရေး အစရှိသည်တို့ဖြစ်သည်။
မတ် ၄ ရက်၌ မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံခဲ့သော ရုရှားဝန်ကြီးချုပ် မီခေးမီရှုစတင် ကလည်း စွမ်းအင်၊ နျူးကလီးယား၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးစီမံချက်များ အစရှိသည်တို့ တိုးမြှင့်ရန် အလားအလာများမြင်နေရပြီး အရှေ့အာရှဒေသတွင် မြန်မာနိုင်ငံသည် အလွန်အရေးကြီးသောမိတ်ဖက်နိုင်ငံ ဖြစ်သဖြင့် ဆက်ဆံရေးများတိုးမြှင့်နေကြောင်း ရွှမ်းရွှမ်းဝေအောင် ပြောသည်။
သို့သော် ရုရှားတို့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ဖောက်သည်တဦးထက် အနည်းငယ်မျှသာ ပိုမည်။။ ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ရုရှားသည် မြန်မာအား အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုး လက်နက်ရောင်းခဲ့ကြောင်း သိရသည်။
သို့သော် ရုရှားဖက်ဒရေးရှင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အဆိုအရ ၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် မြန်မာအကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၈ သန်းခန့် ရှိကြောင်း သိရသည်။ ရုရှားသည် မြန်မာနိုင်ငံသို့ သတ္တုဓာတ်မြေသြဇာများ၊ ရေနံထွက်ကုန်များနှင့် ဆေးဝါးများ တင်ပို့နေပြီး မြန်မာမှ အထည်အလိပ်၊ ဖိနပ်နှင့် အစားအသောက်များ တင်သွင်းသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းဖြစ်နေချိန် ယခုလို ရုရှားက အသိအမှတ်ပြု ကျားကန်ပေးခြင်းသည် ဆုလာဒ် အကြီးစား ဖြစ်ကြောင်း စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ဧရာဝတီကို သုံးသပ်ပြောဆိုသည်။ တချိန်တည်းတွင် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် တရုတ်နှင့် ထိုင်းကုန်သွယ်ရေး အလုပ်မဖြစ်တော့သဖြင့် ဈေးကွက်ပျောက်နေသည့်အခြေအနေတွင် မြန်မာစစ်ကောင်စီသည် ရုရှားကို ဈေးကွက်သစ်အဖြစ် မြင်လာခြင်းလည်း ဖြစ်ကြောင်း ဆိုသည်။
“စီးပွားရေးက မြောင်းထဲရောက်နေပြီ။ စီးပွားရေး မတရားကျဆင်းတော့ သူ့မှာ ကယ်ပါယူပါ ဖြစ်နေပြီ” ဟု ဦးစိန်ဌေးက ပြောသည်။
ရုရှားသို့ ဈေးကွက်တိုးမြှင့်ရေး စစ်ကောင်စီက တိုးစီစဉ်လာနေသည်။
ပြီးခဲ့သည့် သုံးလခန့်က စ၍ ရုရှားနိုင်ငံနှင့် ကုန်သွယ်ရန် စစ်ကောင်စီက စီစဉ်ခဲ့ကာ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myantrade ဦးဆောင်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) လက်အောက်ရှိ အသင်းအဖွဲ့များကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန သံအရာရှိများနှင့် Zoom ဖြင့် တွေ့ဆုံစေပြီး မြန်မာမှ ထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များအား မိတ်ဆက်ခဲ့ကြောင်း ကုန်သည်လုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ရုရှားက မြန်မာဘက်မှ ဆန်၊ ထောပတ်သီးနှင့် တစ်ရှူးငှက်ပျောတို့ကို စိတ်ဝင်စားပြီး ဆွေးနွေးပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုန်သည် အမျိုးသမီးက “ရုရှားက သူကြိုက်တဲ့ ကုန်ပစ္စည်းတင်ပို့တဲ့သူတွေကို ဆွေးနွေးတဲ့အခါ ဆန်စပါးတော့ အဓိက ပြောတယ်။ ဆန်စပါးကအသင်းချုပ်ကနေ ပို့နိုင်မယ့် ကုမ္ပဏီ၊ အများကြီးခေါ်ပေမယ့် နှစ်ယောက်လောက်ပဲတွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကုန်သည်များဘက်က စိတ်ဝင်စားမှု နည်းနေသည်။ စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ရုရှားနှင့် ကုန်သွယ်ရေးဖြစ်အောင်သာ နားလည်မှုစာချွန်လွှာနှင့် လုပ်ဆောင်နေခြင်းမျိုး ဖြစ်ပြီး နှစ်ဖက်ကုန်သည်များ၊ လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ် လေ့လာရမည့်အခြေအနေများ ရှိသေးကြောင်း မန္တလေး အခြေစိုက်ကုန်သည်ကြီးတဦးက ဆိုသည်။
“ရေမြေ သဘာဝ မတူတာ၊ အလှမ်းဝေးတာ အဲဒါတွေနဲ့ဆိုတော့ နှစ်ဖက်က ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ အတားအဆီးတွေ ရှိနေသေးတယ်။ နောက် ဘာသာစကား အခက်အခဲ ရှိတယ်။ အရမ်းဝေးတဲ့အခါကျတော့ သူတို့နိုင်ငံ အသုံးဝင်မယ့် ကုန်ပစ္စည်းတွေက ဘာတွေရှိမလဲဆိုတာ အခု လေ့လာတဲ့အဆင့်ပဲ ရှိပါသေးတယ်။ သူတို့က မြန်မာပြည်ကထွက်တဲ့ ဘယ်ကုန်ပစ္စည်းဆို ဝယ်နိုင်တယ်၊ ပြောင်းဆို ဝယ်နိုင်တယ်၊ ဒါမျိုးလည်း မရှိသေးဘူး။ ရှိလာရင်တော့ တမျိုးပေါ့” ဟု လက်ရှိအခြေအနေကို ၎င်းက ရှင်းပြသည်။
လက်ရှိ ရုရှားနိုင်ငံ စိတ်ဝင်စားနေသည့် မြန်မာ့ဆန်စပါးကို အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ အိုင်ဗရီကို့စ်၊ စပိန် အစရှိသည့် နိုင်ငံများသို့ အဓိကထား တင်ပို့နေပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အများဆုံး ဝယ်ယူသည့်နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်၌လည်း စစ်ကောင်စီနှင့် ရုရှားတို့ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေး စီမံကိန်းတို့ အကောင်အထည်ဖော်ရန် ၂ နိုင်ငံနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားသေးသည်။ သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မော်စကိုခရီးစဉ်တွင် ယင်းစီမံကိန်း အကောင်အထည်ဖော်ရေး တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို ခေါ်ဆောင်သွားခြင်း မရှိသလို ထပ်မံစာချုပ်ချုပ်နိုင်ခြင်းလည်း မရှိပေ။
You may also like these stories:
ပူတင်ရှေ့မှာ ရိုကျိုးနေတဲ့ စစ်ခေါင်းဆောင် (ရုပ်/သံ)
စစ်ခေါင်းဆောင် ရုရှားခရီးစဉ် တရုတ်သဘောထား ဘယ်လိုရှိမလဲ (ရုပ်/သံ)
ရုရှား-မြန်မာ သဘောတူညီချက် ၁၀ ခုလက်မှတ်ရေးထိုး
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ
ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတွေက ဝယ်မှာလား