ရုရှားမှ ပြန်ရောက်လာသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း လာရောက်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ- တရုတ်နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်လျက်ရှိသောအခြေအနေ၊ နယ်စပ်ဒေသကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နှင့် မြန်မာနိုင်ငံတို့ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံ ရပ် တည်ပေးသွားရန်နှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။
မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်ခေါင်းဆောင်တို့ ယမန်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့က လည်း စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်း ချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများအား တရုတ်နိုင်ငံအနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုခဲ့သေးသည်။

မစ္စတာ တိန့်ရှီကျွင်းသည် ၂၀၂၄ ဩဂုတ်အတွင်းကလည်း နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ သလို၊ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်၊ ၂၀၂၂ ခုနှစ် မတ်၊ ဇူလိုင်လနှင့် စက်တင်ဘာလများတွင်လည်း လာရောက်ခဲ့သေးသည်။
မြန်မာ့အရေး၌ တရုတ်ပါဝင်ပတ်သက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားများက ဆန္ဒဖော် ထုတ်လျက်ရှိသလို ၂၀၂၃ ဖေဖော်ဝါရီလ တတိယပတ်အတွင်း တရုတ်- မြန်မာနယ်စပ်၌ မြောက်ပိုင်းမဟာမိတ် တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့များနှင့် မစ္စတာ တိန့်ရှီကျွန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းတွေ့ဆုံမှုအပြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC) က မြန်မာ့အရေး တရုတ်နိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်နေမှုများသည် ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေးကို ပိုမိုရှုပ်ထွေးစေကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် နယ်မြေအများပြား လက်လွှတ်ဆုံးရှုံးနေရသော်လည်း ရွေးကောက်ပွဲကို ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးပြုလုပ်ရန် စီစဉ်ထားကြောင်း ရုရှားနှင့် ဘီလာရုစ်ခရီးစဉ်အပြီး စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
You may also like these stories:
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
ဆင်ခြောက်ကောင်၊ သောမ ကြွက်မင်းနဲ့ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီး
ရုရှားမှာ နားလည်မှုစာချွန်လွှာများသာ မြန်မာစစ်ခေါင်းဆောင် လက်မှတ်ထိုးနိုင်