စစ်ကိုင်းအထက်ပိုင်း၊ ကသာမြို့နယ်တွင် စစ်ကြောင်းထိုးလာသောစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများသလို ၃၀ နီးပါးခန့် အရှင်ဖမ်းမိထားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းဌာနချုပ်မှ အင်အား ၂၀၀ ခန့်ရှိစစ်ကြောင်းသည် ပြည်သူ့ ကာကွယ်ရေးပူးပေါင်း တပ်များစိုးမိုးထားရာမြို့ပြင်ဘက်နယ်မြေသို့ စစ်ကြောင်းထိုးလှုပ်ရှားလာသောကြောင့် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့၌ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက “ထိတွေ့မှုက တော်တော်ပြင်းထန်တယ်ပြောရမယ်။ ပထမရက်က နေ့ရောညပါ အဆက်မပြတ် ဖြစ်တယ်။ လက်နက်ကြီးသံတွေက တခြိမ်းခြိမ်းပဲ။ နောက်နေ့လည်း နေ့လယ် ပိုင်းထိ ဆက်ဖြစ်တယ်။ လက်နက်တွေလည်း ရတယ်။ ထိခိုက်ဒဏ်ရာရထားတဲ့ စစ်သားတွေကိုလည်း မိထားတယ်၊ လက်နက်ချတာတွေလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူ၊ လက်နက်ချသူ များအပါအဝင် အရှင်ဖမ်းမိသူ ၂၉ ဦးရှိကာ အလောင်း ၁၀ လောင်းကျော်တွေ့ရှိရကြောင်း PDF ပူးပေါင်းတပ်များထံက သိရသည်။
ကသာမြို့ပေါ်တွင် စစ်ကောင်စီ၏ ခမရ ၃၀၉ တပ်ရင်းဌာနချုပ်တခုသာ တပ်အထိုင်စခန်းရှိသော်လည်း လက်ရှိ အာဏာ သိမ်းကာလအတွင်း အောက်ဘက်မှတပ်တချို့ကို အင်အားဖြည့်တင်းထားခဲ့သလို ပြီးခဲ့သော လပိုင်းများ၌လည်း ရဟတ် ယာဉ်များဖြင့် အင်အားထပ်မံဖြည့်တင်းခဲ့ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ထို့ကြောင့် ကသာမြို့ပေါ်တွင် စစ်တပ်၊ ရဲနှင့်ပျူစောထီးများ စုစုပေါင်းအင်အား ၃၀၀ နှင့် ၄၀၀ ကြားရှိနိုင်ကြောင်း၊ ကသာ ရှိတပ်များက အင်းတော်မြို့သိမ်းတိုက်ပွဲတွင်း၌လည်း စစ်ကူစေလွှတ်မှုများရှိခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်နှင့်ထိစပ်နေသော ကချင်ပြည်နယ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သောနှစ် သြဂုတ်လကတည်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တို့ဆင်နွှဲလျက်ရှိကာ လက်ရှိတွင် စစ်ကောင်စီ၏ ဗျူဟာမြောက် ဂျပန်လိုဏ်ဂူကုန်းတခုသာ ကျန်တော့သည်။
အဆိုပါလိုဏ်ဂူကုန်းသည် အင်းတော်မြို့၏အရှေ့ဘက်တွင် မြို့နှင့်တဆက်တည်းရှိပြီး အင်းတော်တမြို့လုံးကို အပေါ်စီးမှ လွှမ်းမိုးထားနိုင်သလို ကသာနှင့် မော်လူးမြို့တို့ကို သွားရောက်နိုင်သည့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးအား စိုးမိုးနိုင်သော ဗျူဟာမြောက်ကုန်းတခုလည်းဖြစ်ကြောင်း အင်းတော်တိုက်ပွဲ၌ ပူးပေါင်းပါဝင်ခဲ့သော PDF တဦးက ပြောသည်။
၎င်းက “အင်းတော်တိုက်ပွဲက ပြန်ငြိမ်နေတယ်။ အင်းတော်ရဲ့ လုံးဝအထိုင်ကျနေတဲ့ ဂျပန်လိုဏ်ဂူက ထိတောင်၊ မထိနိုင် သေးဘူး။ ဒါပေမယ့် ဂျပန်လိုဏ်ဂူကလွဲရင် အရှေ့မှာချထားတဲ့ တပ်တွေ၊ ကာကင်းတွေအားလုံးက သိမ်းပိုက်နိုင်ပြီးပေါ့” ဟု ပြောသည်။

အင်းတော်နှင့်ကသာမှာ ၁၉ မိုင်ခန့်ကွာဝေးပြီး အင်းတော်တိုက်ပွဲအတွင်း ကသာမှလာသော စစ်ကူများကို ကာကွယ်ရေး ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်ကောင်စီသည် မြေပြင်စစ်ကူများပေး၍ မရသော်လည်း ဂျပန်လိုဏ်ဂူဗျူဟာကုန်းမှလက်နက်ကြီးနှင့် လေကြောင်းပစ်ကူများစွာပေးနေသောအခြေအနေများကြောင့် အင်းတော်မြို့ ၏ လက်ကျန်ဗျူဟာကုန်းအား သိမ်းပိုက်ရန် ခက်ခဲနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုကြသည်။
အင်းတော်တိုက်ပွဲအတွင်း ကသာမြို့ပေါ်ရှိ စစ်ကောင်စီတပ်များက ကသာမြို့ပြင်ဘက်သို့ ကင်းထောက်မှုများနှင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိသောကြောင့် ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားသလို ပြီးခဲ့သော ရက်ပိုင်းအတွင်း ဖြစ်ပွား ခဲ့သည့် ၂ ရက်ဆက်တိုက်ပွဲသည် ကသာမြို့အနီး၌ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
You may also like these stories:
အင်းတော်ဘုန်းကြီးကျောင်းတွင်း ပိတ်မိသူများဆေးကုခွင့်မရ၍ သေသူ ၄ ဦး ရှိလာ
ဗန်းမော်အမြောက်တပ်ကို သိမ်း၍ စကခ ၂၁ အား KIA စစ်ရှိန်မြှင့်
မံစီကျပြီး ဗန်းမော်တပ်ရင်းများအနီး KIA တို့ ပိုမိုချဉ်းကပ်လာ