ရခိုင်ရိုးမကို ဖြတ်ကာ ဆက်သွယ်ထားသည့် တောင်ကုတ်- ပန်းတောင်းလမ်းပေါ်မှ အရေးပါသော စစ်ဆေးရေးဂိတ်ဖြစ် သော ညောင်ကျိုးရွာမှ တပ်စခန်းများကို အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်မှ သိမ်းပိုက်လိုက်ပြီးနောက် အနီးဝန်းကျင် တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
AA ပြောခွင့်ရှိသူ ခိုင်သုခက “ညောင်ကျိုးရွာရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကာကင်းစခန်းအများစုကို ကျနော်တို့ရဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ ကျန်တဲ့စစ်ကောင်စီ တပ်ဖွဲ့တွေကလည်း ဟိုတစုဒီတစု ကစဉ့်ကလျား ဆုတ်ခွာနေကြတာ တွေ ရှိပါတယ်။ ဒီကြားထဲ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကလည်း တောက်လျှောက်ရှိ နေတော့ အခြေအနေက ရှုပ်ထွေးနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ အနေအထားဖြစ်ပါတယ်” ဟု ဆိုသည်။
မတ် ၁၂ ရက်နေ့ကတည်းက ညောင်ကျိုးရွာမှ စခန်းများအား AA ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃၀ခန့် အရှင်ဖမ်းမိထားကြောင်းနှင့် လတ်တလော ညောင်ကျိုးနှင့် ညောင်ခြေထောက်ရွာကြားရှိ ချင်းကုန်း ရွာ၌ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ စက်တပ်လေထီးများဖြင့် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ် တဦးက ပြောသည်။
ညောင်ကျိုးရွာကို သိမ်းလိုက်သည့် AA ပူးပေါင်းတပ်များ တောင်ကုတ်-ပန်းတောင်းလမ်း အတိုင်း ညောင်ခြေထောက်၊ ဥသျှစ်ပင်လမ်းဆုံအထိ ဆင်းလာမည်ကို စစ်တပ်တွင်း စိုးရိမ်နေကြပြီး ဒေသတွင်း ကာကွယ် ရေးပစ္စည်းစက်ရုံများ ခြိမ်းခြောက်ခံရမည့် အခြေအနေရှိရာ စစ်တပ်ဘက်မှ အင်အားတိုးမြှင့်၍ ခံစစ်ပြင်နေကြောင်း သိရသည်။
ညောင်ကျိုးရွာ၏ အောက်ဘက် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်း ညောင်ခြေထောက်၊ ဆင်တဲ၊ ကမြိုင်၊ ကျောက်ဖူး၊ ထုံးဘိုစသည့်ဒေသတွင် ကပစ(၃)၊ ကပစ (၅၊ ကပစ(၆)၊ ကပစ(၉ )၊ ကပစ ၁၆) စစ်လက်နက် ပစ္စည်း စက်ရုံများ ရှိသလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရ လက်ထက်ကတည်းက တည်ထားသည့် အကြီးစားစက်မှုလက်မှု စက်ရုံများလည်းရှိရာ ဥသျှစ်ပင် လမ်းဆုံအား AA ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ပါက ကပစ စက်ရုံများ၏ လုပ်ငန်းများကို နှောင့်နှေးရပ်တန့် သွားစေနိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
ထို့အပြင် ရခိုင်ရိုးမအခြေ ပုသိမ်- မုံရွာလမ်းမကြီးပေါ်ရှိ ဥသျှစ်ပင်မြို့ လမ်းဆုံမှသည် ကြို့ပင်၊ ပဒါန်း စသည့် ရွာများကို ဖြတ်ကာ မကွေးတိုင်း မင်းဘူးမြို့နယ်သို့ သွားရောက်နိုင်သဖြင့် ငဖဲမြိနယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးလှုပ်ရှား မှုများနှင့် လည်း ထိုလမ်းပိုင်းက ဆက်စပ်နေသည်။

ယခုအခါ မကွေးတိုင်းအတွင်းမှ AA ပူးပေါင်းတပ်များကလည်း အမ်း-ပဒါန်းရိုးမလမ်းပေါ်ရှိ နတ်ရေကန်တောင် စခန်းကို စစ်ဆင်နေပြီး တိုက်ပွဲအတွင်း ထွက်ပြေး နေသည့် စစ်သာများအား ဖမ်းဆီးရမိမှုများရှိနေကြောင်း သိရသည်။
AA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ရည်ရွယ်ချက်မှာ ငဖဲမြို့နယ်နှင့် မင်းလှမြို့နယ်ထဲရှိ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေးစက်ရုံ (ကပစ)များအား ခြိမ်းခြောက်နိုင်ရေးနှင့် ပုသိမ်-မုံရွာလမ်းပိုင်းတို့ကို စိုးမိုးဖြတ်တောက်နိုင်ရေး ဖြစ်ကြောင်း အထက်မင်းလှ (ပကဖ) တာဝန်ခံ ကိုရန်ကြီးအောင်က ပြောသည်။
“ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ အမ်း-ပဒါန်းလမ်းမှာ ပိတ်ဆို့ဖြတ်တောက်ရေးတွေကို အခုလောလောဆယ်မှာ အဓိကထား ဆောင်ရွက်နေပါတယ်။ ငဖဲနဲ့ မင်းလှထဲမှာရှိတဲ့ ကပစ စက်ရုံတွေကို အဓိကခြိမ်းခြောက်ဖို့ရယ်၊ နတ်ရေကန်တောင် စစ်ဆင် ရေးတွေမှာ ရန်သူကနေပြီး စစ်ကူပေးနေတာတွေရှိတယ်။ အဲဒါတွေကို ဖြတ်တောက်နိုင်ဖို့၊ အဲဒီကနေမှ တဆက်တည်း ငဖဲ မြို့နယ်ထဲက ကပစ-၁၄၊ မင်းလှမြို့နယ်ထဲမှာရှိတဲ့ ကပစ စက်ရုံတွေကို တဆက်တည်း ထိုးစစ်ဆင်နိုင်ဖို့ကို ဒီဘက်မှာရှိနေတဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဟန်ချက်ညီညီနဲ့ လှုပ်ရှားနေတာပေါ့” ဟု သူကဆိုသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင် ကာကင်းစခန်းများမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်သား ၂၃ ဦးအား သေနတ် ၂၀ လက်၊ ခဲယမ်းပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း၌ ဖမ်းမိခဲ့ကြောင်း ချင်းကာ ကွယ်ရေး တပ်-အရှိုက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် အမ်း-ပဒါန်းလမ်းတလျှောက် ဆုတ်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အထက်မင်းလှ(ပကဖ)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ပူးပေါင်းအဖွဲ့တို့ကြား ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေနတ် ၆ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိထားကြောင်းလည်း ၎င်းတို့က ဆိုသည်။
လက်ရှိ ဥသျှစ်ပင်လမ်းဆုံနှင့် ပဒါန်းလမ်းဆုံကြား အထက်မင်းလှမြို့နယ်နှင့် မင်းတုန်းမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းပေါ်၌ စစ်တပ်ယာဉ်တန်းများအား အထက်မင်းလှ ပကဖနှင့် ဒေသတွင်းတော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်တပ်စခန်းများ၊ ယာဉ်တန်းများနှင့် အတူယှဉ်တွဲ နေထိုင်သွားလာမှုများ မပြုလုပ် ကြရန် ၎င်းတို့က သတိပေးထားသည်။
You may also like these stories:
ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၁
ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၂
တောင်ကုတ်- ပန်းတောင်း နယ်ခြားဂိတ်အနီး တိုက်ပွဲဖြစ်
AA တိုက်နေတဲ့ ညောင်ကျိုးစခန်းက ဘယ်လောက်အရေးပါလဲ (ရုပ်/သံ)