အမေရိကန် ပြည်ပအကူအညီများ ဖြတ်တောက်လိုက်ခြင်းသည် စစ်ဖြစ်နေသော မြန်မာတွင် ပြောမပြနိုင်သည့်ဒုက္ခနှင့် သေဆုံးမှုများ ဖြစ်စေသည့် ရှက်စရာကောင်းသော သစ္စာမဲ့မှုဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက မတ်လ ၁၇ ရက်နေ့တွင် ဝေဖန်ပြောကြားလိုက်သည်။
အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်း မစ္စတာ တွမ်အင်ဒရူးက ဒုက္ခများစေသည့် ဖြတ်တောက်မှုများကို ဝေဖန်တိုက်ခိုက်လိုက်ပြီး ထိုသို့ ဖြတ်တောက်ခြင်းသည် နိုင်ငံရေး ပယောဂမကင်းဘဲ ပုံမှားရိုက်ခြင်းကို အခြေခံပြီး အဆိုးဆုံးပုံစံဖြင့် လုပ်ခဲ့ကြောင်း ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ၄၇ နိုင်ငံအနေဖြင့် ပူးတွဲရပ်တည်ပြီး ထိုကိစ္စသည် ဆင်ခြင်တုံတရားရှိရမည့်ကိစ္စဖြစ်ကြောင်း ပြောကြားရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။
“အဓိကအားဖြင့် အမေရိကန်အစိုးရက အထောက်အပံ့တွေ ရုတ်တရက် ဖရိုဖရဲ ဖြတ်တောက်လိုက်ခြင်းကြောင့် မြန်မာပြည်သူတွေအပေါ် ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ပေါ်ပေါက်နေပြီဖြစ်တယ်” ဟု မစ္စတာ တွမ်အင်ဒရူးက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“အကူအညီပေးရေး အစီအစဉ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်တယ်၊ ကိုင်တွယ်သင့်တယ်။ ဝန်ထုပ်ဝန်ပိုး မျှဝေတာဝန်ယူခြင်းနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကိုလည်း ကိုင်တွယ်ဖြေရှင်းသင့်တယ်” ဟု ၎င်းကပြောသည်။
“ဒါပေမယ့် အခုဟာက အဲဒီလို မဟုတ်ဘူး။ အကျင့်ပျက်ခြစားမှု၊ ဖြုန်းတီးမှု၊ အလွဲသုံးစားမှုနဲ့ ပတ်သက်တဲ့ မှားယွင်းကြောင်း ထင်ရှားတဲ့ ကြေညာချက်တွေကို နိုင်ငံရေးပယောဂနဲ့ လုပ်တာဖြစ်တယ်” ဟု မစ္စတာ တွမ်အင်ဒရူးက ပြောသည်။ “ပြောမပြနိုင်လောက်အောင် များပြားတဲ့ အသက်တွေ သေဆုံးပြီး ကြီးမားတဲ့ဒုက္ခတွေဖြစ်စေမယ်”
“ဒါဟာ သစ္စာမဲ့တာပဲ။ ရှက်စရာကောင်းတယ်” ဟုလည်း ၎င်းကပြောသည်။
ရက်စက်ကြမ်းကြုတ်မှု
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ နိုင်ငံတွင် ဒီမိုကရေစီစမ်းသပ်မှု ၁၀ နှစ်ကို အဆုံးသတ်လိုက်သည်။ နိုင်ငံကို သွေးချောင်းစီး ဖရိုဖရဲအခြေအနေနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ကျရောက်စေသည်။
မြန်မာနိုင်ငံသည် များပြားလှသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် မတည်မငြိမ်ဖြစ်နေသည်။ ပြည်တွင်းစစ်ကြောင့် လူ ၃ ဒသမ ၅ သန်း နေရပ်စွန့်ခွာ ထွက်ပြေးရသည်ဟု ကုလသမဂ္ဂက ပြောသည်။
အရပ်သား ၆,၃၀၀ ကျော် သတ်ဖြတ်ခံရကြောင်း၊ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံ ဖြစ်သော လူ ၁၉ ဒသမ ၉ သန်းသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်သည် ဆင်းရဲနွမ်းပါးမှုအောက် ကျရောက်နေကြောင်း မစ္စတာ တွမ်အင်ဒရူးက ပြောသည်။
မြန်မာပြည်သူများသည် အသက်ရှင်ရုံသက်သက်အတွက်သာ အကူအညီများရနေပြီး ထိုအထောက်အပံ့ကို ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းသည် ထိုပြည်သူများကို သေဆုံးစေလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒါဟာ အခုဖြစ်နေတဲ့ ကပ်ဆိုးကြီးပဲ။ မလိုအပ်ဘူး။ ရက်စက်ကြမ်းကြုတ်တယ်” ဟုလည်း ၎င်းကဆက်ပြောသည်။
အကူအညီ ဖြတ်တောက်မှု၏ နက်ရှိုင်းမှုကိုသာမက အခြားနိုင်ငံများအနေဖြင့် ထောက်ပံ့မှုပေးရန်ပြင်ဆင်ရေး အရေးပေါ်စီမံချက်များ ဖန်တီးရန် အခွင့်အလမ်းမပေးဘဲ ရုတ်တရက် ဖြတ်တောက်လိုက်သည့် ပုံစံကိုပါ မစ္စတာ အင်ဒရူးက ဝေဖန်သည်။
“ဒါဟာ ကျင့်ဝတ်မညီဘူး။ ဒေါသထွက်စရာ ကောင်းတယ်။ ကျနော်တို့ ဆန့်ကျင်ကန့်ကွက်ဖို့ လိုတယ်” ဟု ၎င်းကပြောသည်
“ဒါဟာ နိုင်ငံရေးရဲ့ အဆိုးရွားဆုံးပုံစံပဲ။ ဆိုးရွားတဲ့ နိုင်ငံရေးအကြောင်းပြချက်လုပ်ဖို့ လုပ်ကြံဇာတ်လမ်းတွေ၊ ပုံဖျက်တာတွေကို အခြေခံပြီး လူ့အသက်တွေကို စတေးတာဖြစ်တယ်” ဟု မစ္စတာ အင်ဒရူးက ပြောသည်။
ဘိန်း၊ ငွေလိမ်လုပ်ငန်းများနှင့် မြေမြှုပ်မိုင်းများ
မြန်မာသည် ရာဇဝတ်မှုများ၏ အချက်အချာနေရာဖြစ်လာနေပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်ကာ ငွေလိမ်လုပ်ငန်းများနှင့် လိင်မှောင်ခိုမှုများ ထွန်းကားနေကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။
စစ်ကောင်စီကို ငွေကြေးထောက်ပံ့သူများအား အရေးယူခြင်းသည် အပေါ်ယံ အမြင်လှသည့် ကစားနည်းသာဖြစ်ပြီး လက်နက်များ လွှဲပြောင်း မရောက်ရန် သေချာစေရေး လုပ်ဆောင်ရန်မှာ မြန်မာ့စီးပွားရေးဘဏ်နှင့် ဆက်ဆံရေး ရပ်ဆိုင်းရန်သာ ဖြစ်ကြောင်း ၎င်းကပြောသည်။
မစ္စတာ အင်ဒရူးက “မြေမြှုပ်မိုင်းကြောင့် မြန်မာမှာ လူတွေ သေဆုံးတာ၊ ဒဏ်ရာရတာ တခြားနိုင်ငံတွေထက် ပိုများတယ်” ဟု ပြောသည်။
ဘဏ်များသည် လုံလောက်သော လုံ့လစိုက်ထုတ်မှု ပိုမိုလုပ်ဆောင်လာကြပြီး စစ်ကောင်စီထိန်းချုပ် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ဖြတ်ကြောင်း ၎င်းကပြောသည်။
မစ္စတာ အင်ဒရူးက “အဲဒီလို လုပ်ဆောင်မှုတွေကြောင့် အပြောင်အလဲဖြစ်စေတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို အသုံးပြုပြီး စစ်ကောင်စီရဲ့ဝယ်ယူမှု ၃ ပုံ ၁ ပုံကျော် ကျဆင်းသွားတယ်” ဟု ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူများကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးအပ်သော်လည်း ၎င်းတို့သည် ကုလသမဂ္ဂကို ကိုယ်စားမပြုသည့် သီးခြားလွတ်လပ်သော ကျွမ်းကျင်သူများ ဖြစ်သည်။
အင်ဒရူးသည် သူ၏ နောက်ဆုံးအစီရင်ခံစာကို လူအခွင့်အရေးကောင်စီသို့ မတ်လ ၁၉ နေ့တွင် တင်သွင်းမည်ဖြစ်သည်။
ကိုးကား ။ ။ AFP သတင်း Myanmar Faces “Untold” Suffering Due to US Aid “Betrayal”: UN Expert
You may also like these stories:
အမေရိကန် အကူအညီ ရပ်ဆိုင်းပြီးနောက် မြန်မာဒုက္ခသည် ၁ သိန်းကျော် စားနပ်ရိက္ခာပြတ်လပ်
အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)
မြန်မာမီဒီယာကဏ္ဍအပါဝင် အမေရိကန်အကူအညီ ဒေါ်လာ ၃၉ သန်းကျော် ဆိုင်းငံ့
အမေရိကန်-ယူကရိန်း ထိပ်တိုက်တွေ့မှုနှင့် မြန်မာ့အပေါ် ရိုက်ခတ်မှု ဆန်းစစ်ချက်