ထိုင်းအောက်လွှတ်တော်၌ ကျင်းပသည့် “နယ်စပ်တလျှောက်၌ လုံခြုံရေးမြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲ၌ စစ်ကောင်စီလက်အောက် မြန်မာပြည်သူတရပ်လုံး၏ စိုးရိမ်စရာ အခြေအနေ၊ ထိုင်းရောက် မြန်မာများ ကြုံတွေ့ရသော အခက်အခဲများကို ဆွေးနွေးတင်ပြပြီး ထိရောက်သည့် တောင်းဆိုမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲကို ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ် ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ (APHR) တို့က မတ်လ ၂၂ရက်၊ ၂၃ ရက် ၂ရက်တာကျင်းပခြင်းဖြစ်ပြီး ထိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ မဟုတ် သည့်အဖွဲ့အစည်းများ၊ အစိုးရအေဂျင်စီများ၊ မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမား ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့သည်။
ဦးအာကာမျိုးထက်က “ဒီဆွေးနွေးပွဲရဲ့ရလဒ်က ကျနော်ထင်တယ် ထိုင်းလွှတ်တော်ကိုရော၊ အစိုးရကိုရော၊ တပ်ပိုင်းဆိုင်ရာ ပေါ့နော် နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်တဲ့ စစ်တပ်၊ ပုဂ္ဂိုလ်တွေအပေါ်မှာလည်း အပြည့်အဝ တွန်းအားရမှာပေါ့နော်။ ဒီဆွေး နွေးပွဲက အဖြေရှာခဲ့မှုအားလုံးဟာ မကြာခင်မှာ မူဝါဒ သို့မဟုတ် ဥပဒေတခုအဖြစ် ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက ကျင်းပသွားမည့် ရွေးကောက်ပွဲအရေး၊ ရုရှားနှင့်ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြိုးပမ်းနေမှုတို့သည် မြန်မာပြည်သူများတွက် စိုးရိမ်စရာကောင်းပြီး အန္တရာယ်များသည့် အခြေအနေ များကို ထိုင်း အပါအဝင် အာဆီယံနှင့် ကုလသမဂ္ဂကိုယ်လှယ်များက ထောက်ပြဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီထံ အခွန် မပေးဆောင်ရေး၊ တရားမဝင် ဖမ်းဆီးရမိသည့် မြန်မာပြည်သူများကို ထိုင်းအစိုးရအနေဖြင့် စစ်ကောင်စီထံ လွှဲပြောင်းပေး နေမှုများသည် အသက် အန္တရာယ် ကိုပါ စိုးရိမ်ရသည့်အတွက် ယင်းလုပ်ဆောင်မှုများ ရပ်တန့်ပေးပြီး မဖြစ်မနေ နေရပ်ပြန်ပို့ ရန်လိုအပ်ပါက NUG၊ CRPH နှင့် တိုင်းရင်သားအဖွဲ့အစည်းများထံသို့သာ လွှဲပြောင်းပေးရန် မြန်မာကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။

ထို့ပြင် ထိုင်းသို့ လာရောက်ခိုလှုံနေကြရသော မြန်မာဒုက္ခသည်များ၊ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ၏ ကျန်မားရေး စောင့်ရှောက်မှုနှင့် ကလေးများ ပညာရေးတို့အတွက် အကူအညီအထောက်ပံ့များ ပေးသွားရန်အတွက်လည်း တောင်း ဆိုခဲ့ကြောင်း သိရသည်။
ထိုင်းရောက်မြန်မာရွှေ့ပြောင်းများနှင့် စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသည့် အဝေးရောက်ဧရာဝတီအဖွဲ့မှ ကိုဖိုးသင်္ကြန်က “ဒီဆွေးနွေးပွဲက အလွတ်သဘောဆိုပေမယ့် သူတို့နိုင်ငံ(ထိုင်း) Stakeholder တွေ၊ Policy Maker တွေ အများကြီးပါတယ်။ အဲဒါကို ကျနော်တို့ဆီက အသံထွက်ပေးလို့ရခဲ့တယ်ပေါ့။ အဲဒီမှာပါတဲ့ နိုင်ရုန်းစီမန်တို့ ဆိုတာကလည်း မြန်မာ့အရေးကို တက်တက်ကြွကြွ လုပ်နေတာဆိုတော့ သူတို့အတွက်လည်း ကိုးကားစရာတခု ဖြစ်တာပေါ့။ ပုံမှန်ဆိုရင် လွှတ်တော်ထဲမှာ သူတို့ကပဲ အမြဲပြောနေရတာကိုး။ အခုချိန်မှာ သူတို့ရှေ့မှာ ကျနော်တို့ဆီကသူတွေက သွားပြောတယ် ဆိုတော့ နောက်နောင်လွှတ်တော်ထဲမှာပြောတဲ့အခါ သူ့တို့အတွက် အထောက်အပံ့တွေ အများကြီးဖြစ်တယ်။ ဒါကြောင့် ဒီဟာက ကျနော်တို့အတွက် ကောင်းတဲ့ရလဒ် အခင်းအကျင်းလို့ပြောရမယ်” ဟု ပြောသည်။
နိုင်ရုန်းစီမန်သည် ယခုဆွေးနွေးပွဲကို အဓိကဦးဆောင်ခဲ့သူဖြစ်ပြီး ထိုင်းအတိုက်ခံပါတီ ပြည်သူ့ပါတီ၏ ဒုတိယခေါင်းဆောင် လည်းဖြစ်၊ ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာကော်မတီနှင့် အမျိုးသားပြန်လည်ပြုပြင်ပြောင်း လဲရေးကော်မတီဥက္ကဋ္ဌဖြစ်ကာ ၎င်းသည် မြန်မာပြည်သူများအတွက် အထောက်အပံ့ဖြစ်စေမည့် ဆွေးနွေးတင်ပြမှုများကို လွှတ်တော်၌ တောက်လျှောက်ပြုလုပ်နေသူဖြစ်ကြောင်း ထိုင်းရောက်မြန်မာအရေးကူညီပေးနေသူများက ဆိုသည်။
ထို့ကြောင့် ယခုဆွေးနွေးပွဲ ပါဝင်တက်ရောက်သူများက မြန်မာပြည်သူများ ကြုံနေရသည့် အခက်အခဲ၊ ဒုက္ခမျိုးစုံနှင့် ရှေ့ဆက်ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ရာ ထိုင်းဘက်မှ ၎င်းတို့နှင့်သက်ဆိုင် သည့် အပိုင်းတွင် မြန်မာပြည်သူများအတွက် ကောင်းမွန်သော မူဝါဒချမှတ်မှုများ ဖြစ်လာနိုင်သည်ဟု မျှော်လင့်ထား ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲတွင် ထိုင်းဘက်မှတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက မြန်မာအဖွဲ့ကိုယ်စားလှယ်များ တင်ပြ တောင်းဆိုမှုများကို လေးလေးနက်နက် နားထောင်ပေးခဲ့ပြီး ထိုင်းရောက်မြန်မာများအနေဖြင့်လည်း ထိုင်းနိုင်ငံ၏ ဥပဒေနှင့် အလေ့အထများကို လေးစားလိုက်နာကြရန် ပြန်လည်တောင်းဆိုခဲ့ကြောင်း သိရသည်။
You may also like these stories:
မင်းအောင်လှိုင်၏ ဂယောင်ခြောက်ခြား အိပ်မက်များ
စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်