အီလွန်မတ်စ်၏ လိင်ပြောင်းထားသူ အပယ်ခံသမီး ဗီဗီယန် ဂျန်နာ ဝီလ်ဆင်က သတင်းဌာနတခုနှင့် ဒုတိယအကြိမ် တွေ့ဆုံမေးမြန်းခြင်းကို ထုတ်လွှင့်လိုက်သည့်နေ့တွင် ဘီလျံနာ သူဌေးကြီး မတ်စ်က လိင်ပြောင်းလဲထားသူများသည် တက်စလာ (Tesla) ကားများကို တိုက်ခိုက်မှုသတင်းများ နောက်ကွယ်တွင်ရှိကြောင်း သူ၏ X လူမှုကွန်ရက်တွင် စွပ်စွဲသည့်သဘောမျိုး ပြောဆိုသည်။
Teen Vogue နှင့် တွေ့ဆုံမေးမြန်းခန်းတွင် (ယောကျ်ားလေးအဖြစ်မှ မိန်းကလေးအဖြစ် လိင်ပြောင်းထားသူ) မစ္စ ဝီလ်ဆင်က အီလွန်မတ်စ်နှင့် ပတ်သက်ပြီး စိတ်မဝင်စားကြောင်းပြောကာ သူသည် “သနားစရာကောင်းသော ကျပ်မပြည့်သူ” ဖြစ်သည်ဟု ပြောသည်။
“လူတယောက်မှာ ငွေဘယ်လောက်ရှိတယ်ဆိုတာ ကျမ စိတ်မဝင်စားဘူး။ တကယ့်ကို စိတ်မဝင်စားတာ။ သူ့ဟာသူ Twitter ကို ပိုင်ချင်လည်းပိုင်။ ရတယ်” ဟု မစ္စ ဝီလ်ဆင်က အင်တာဗျူးတွင် ပြောသည်။
မစ္စတာ အီလွန်မတ်စ်၏ လုပ်ရပ်များကို သတင်းများတွင် မကြာခဏ တွေ့ရကြောင်း အသက် ၂၀ အရွယ် မစ္စ ဝီလ်ဆင်က ပြောပြီး ထိုကိစ္စနှင့်ပတ်သက်၍ “ပို့စ်တင်ကာ ရှုတ်ချသင့်ကြောင်းနှင့် အကြိမ်အနည်းငယ် ထိုသို့လုပ်ခဲ့ကြောင်း” ၎င်းကပြောသည်။
“နာဇီပုံစံ အလေးပြုတဲ့လုပ်ရပ်က ရူးမိုက်မှုပဲ” ဟုလည်း မစ္စ ဝီလ်ဆင်က ဒေါ်နယ် ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် မတ်စ်က လက်ဆန့်တန်း အလေးပြုသည်ကို ရည်ညွှန်းပြီး ပြောသည်။ သို့သော် မစ္စတာ မတ်စ်က ထိုလုပ်ရပ်သည် နာဇီလုပ်ရပ် မဟုတ်ဟု ငြင်းသည်။ သို့သော် “အဲဒီလုပ်ရပ်ဟာ နာဇီလုပ်ရပ် အတိအကျပဲ” ဟု မစ္စ ဝီလ်ဆင်က ပြောသည်။

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် မတ်စ်က ဝီလ်ဆင်သည် “ဂေး (Gay) အဖြစ် မွေးဖွားလာပြီး အနည်းငယ် အော့တစ်ဇင် ဆန်သည်” ဟု သူ၏လူမှုကွန်ရက် X တွင် ရေးသားပြီး ကလေးဘဝက ဝီလ်ဆင်သည် “ဂျက်ကက်ကဲ့သို့သော အဝတ်အထည်များ သူ့ကိုထုတ်ပေးပြီး ‘အလွန်ထူးခြားသော’ ဝတ်စုံများဖြစ်သည်” ဟု ပြောသည်။
ထို့နောက် သုံးရက်ကြာသောအခါ မတ်စ်သည် ကနေဒါ စိတ်ပညာရှင်နှင့် စာရေးဆရာ ဒေါက်တာ ဂျော်ဒန် ပီတာဆန်နှင့် X လူမှုကွန်ရက်တွင် နှစ်နာရီကျော်ကြာ စကားပြောခြင်းကို တိုက်ရိုက်ထုတ်လွှင့်ပြီး သူ၏ သား ကို “လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုဆိုသည့် ဗိုင်းရပ်စ်က သင်းကွပ်လိုက်”ကြောင်း ပြောသည်။
မစ္စတာ မတ်စ်က ဒေါက်တာ ပီတာဆန်ကို ပြောသည့် မှတ်ချက်များသည် (ယောက်ျားလေးမှ မိန်းကလေးအဖြစ်) သူ့သမီး၏ လိင်ပြောင်းလဲမှု လက္ခဏာကို အသိအမှတ်မပြုဘဲ လိင်ပြောင်းသူများ၏ အခွင့်အရေးများ၊ လိင်စိတ်ခံယူမှုနှင့် ကိုက်ညီသော ပံ့ပိုးစောင့်ရှောက်မှုကို ဖြိုဖျက်ပြီး လက်ယာစွန်းနိုင်ငံရေးကို လက်ခံကြောင်း ပြသနေသလို ထရမ့်ကို မတ်စ် အကြံပေးသည့် အခန်းကဏ္ဍအတွက် တွန်းအားပေးသည့် နိုင်ငံရေးကိုလည်း ဖော်ပြနေသည်။
CNN သတင်းဌာနသည် မစ္စတာ အီလွန်မတ်စ်ထံမှ မှတ်ချက်တောင်းခံခဲ့သေးသည်။
မစ္စ ဝီလ်ဆင်က X လူမှုကွန်ရက်၏ ပြိုင်ဘက် Meta ပိုင် Threads သို့ ထိုနေ့တွင် တုံ့ပြန်ပြီး သတင်းတု ဖြန့်ချိသည်ဟု မတ်စ်ကို ဝေဖန်ကာ သူ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ပို့စ်သည် လုံးဝအတုဖြစ်ကြောင်း ပြောပြီး ထိုသို့သောကိစ္စများ မည်သည့်အခါကမှ မဖြစ်ခဲ့ကြောင်းပြောသည်။
ထိုနေ့တွင်ပင် NBC သတင်းဌာနက မစ္စ ဝီလ်ဆင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ပြီး မစ္စ ဝီလ်ဆင်က “မတ်စ်သည် ထိုကိစ္စကို သူ မည်သို့မှ တုံ့ပြန်မည်မဟုတ်ဘဲ၊ စိန်မခေါ်ဘဲ နေမည် ထင်နေကြာင်း” အလေးထားပြောသည်။
မစ္စ ဝီလ်ဆင်၏ Teen Vogue နှင့် တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်ပြီး ၁၂ နာရီအတွင်း မစ္စတာ အီလွန်မတ်စ်က နယူးယောက်သည် နိုင်ငံသားမဟုတ်သူ မဲပေးခြင်းကို တရားမဝင် ကြိုဆိုရန်ကြိုးစားပြီး အရီဇိုးနားပြည်နယ်မှ မဲဆန္ဒရှင် ၁ သောင်းသည် မဲပေးရန် တခုတည်းသော လူမှုဖူလုံရေးနံပါတ်ကို အသုံးပြုခဲ့သည်ဆိုသည့် ပို့စ်ကို ပုံကြီးချဲ့သည်။
မစ္စတာ မတ်စ်က တက်စလာ ကားများကို ရမ်းကားဖျက်ဆီးမှုများသည် လိင်ပြောင်းထားသူများနှင့် ဆက်စပ်နေကြောင်း ပို့စ်များကို အကြိမ်ကြိမ် တင်သည်။
“လိင်ပြောင်း အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဒေတာတွေက ဘာတွေလဲ” ဟု မတ်စ်က X ပို့စ်တခုတွင် မတ်လ ၂၀ ရက်နေ့က မေးခွန်းထုတ်သည်။ “လိင်ပြောင်းထားတဲ့သူတွေ အကြမ်းဖက်မှုမှာ ပါဝင်ဖို့ ဖြစ်နိုင်ခြေက အရမ်းမြင့်မားတယ်။ ဟော်မုန်း သွင်းတာက အရမ်းပြင်ထန်တဲ့ စိတ်မတည်ငြိမ်မှု ဖြစ်စေတယ်။ ဒါဟာ ရိုးရှင်းတဲ့ အချက်တခုပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

တက်စလာကားများကို ဖျက်ဆီးလိုသူများက မီးရှို့ခြင်းသည် လူသေဆုံးမှု ဖြစ်စေနိုင်သည်ဟု Fox News မှ သတင်းတင်ဆက်သူ ဟားရစ် ဖောလ်ကနာ ပြောသည့် ဗီဒီယိုကို အီလွန်မတ်စ်က မတ်လ ၂၀ ရက်နေ့တွင် လူမှုကွန်ရက်၌ ထပ်တင်ပြီး ထိုကိစ္စသည် သေဒဏ်နှင့် ထိုက်တန်သလားဟု အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် မစ္စ ကာရိုလိုင်း လက်ဗစ်ကို မေးသည်။
“ကျမ သူ့ကို ပြောနိုင်တာကတော့ သမ္မတ ထရမ့်ဟာ အကြမ်းဖက်မှုကို ရှုတ်ချပြီး ကျမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပြန်လည် ထူထောင်ဖို့ ဆုံးဖြတ်ထားသူဖြစ်တယ်။ အမေရိကန်ကုမ္ပဏီတွေကို ပစ်မှတ်ထားသူတွေကို အပြင်းထန်ဆုံး ပစ်မှတ်ပြန်ထားမယ်လို့ ယုံကြည်တယ်” ဟု မစ္စ လက်ဗစ်က ဖောလ်ကနာ၏ ယူဆချက်ကို တုံ့ပြန်သည်။
သူ့ကိုယ်သူ “လွတ်လပ်စွာ ပြောခွင့်ရရေး လှုပ်ရှားနေသူ” ဟုဆိုသည့် မစ္စတာ မတ်စ်က သူ ၂၀၂၂ ခုနှစ်က ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည့် X လူမှုကွန်ရက်တွင် ရွှေ့ပြောင်းအခြေချများနှင့် လိင်ပြောင်းသူများကို အကြိမ်ကြိမ် တိုက်ခိုက်ပြီး ဂျူးဆန့်ကျင်ရေး လျှို့ဝှက် သဘောတရားကို ဖြန့်ချိနေသည်။
Teen Vogue နှင့် တွေ့ဆုံမေးမြန်းခန်းသည် မစ္စ ဝီလ်ဆင်၏ ထူးခြားမှုများကို ထုတ်ဖော်ခြင်းလည်း ဖြစ်သည်။ ကွဲပြားစုံလင်မှု၊ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှု (DEI) ကို သမ္မတ ထရမ့် အစိုးရသစ်၏ အုတ်မြစ်အဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာသည်နှင့်လည်း တိုက်ဆိုင်နေသည်။
မစ္စတာ ထရမ့်၏ မဟာမိတ် မစ္စတာ မတ်စ်သည် DEI အစီအစဉ်များကို မထောက်ခံရုံမျှသာမက “DEI သည် DIE (အသက်ပျောက်) ရမည်” ဟု ၂၀၂၃ ခုနှစ် X လူမှုကွန်ရက်တွင် ရေးသည်။
သူ၏ စီမံကွပ်ကဲမှုအောက်တွင် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) က စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် DEI အစီအစဉ်ကို နှစ်ပတ်အတွင်း မဖျက်သိမ်းလျှင် ဖက်ဒရယ်ရန်ပုံငွေကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်နေသည်။
ကိုးကား ။ ။ CNN သတင်း Musk links trans people to Tesla attacks the same day his estranged daughter criticizes him in Teen Vogue interview
You may also like these stories:
အီလွန်မတ်စ် ကို တက်စ်လာ ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာ
တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော
လက်ယာစွန်းများကို အီလွန်မတ်စ် ဝန်းရံမှုကြောင့် Tesla ကား သပိတ်မှောက်ခံနေရ
အီလွန်မတ်စ် ပုတ်ခတ်ပြီးနောက် အမေရိကန် တရားသူကြီးများ ခြိမ်းခြောက်ခံလာရ
ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ
အီလွန်မတ်စ်နှင့် DOGE က အမေရိကန်အစိုးရထဲ ထိုးဖောက် မွှေနှောက်နေသည်