နယ်မြေ လက်လွှတ်ထားရသည့် စစ်ကောင်စီသည် အရပ်သားနေရာများကို တိုက်ပွဲမရှိဘဲ ပစ်မှတ်ထား လေကြောင်းမှ တိုက်ခိုက်နေရာ မတ်လအတွင်း ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဧရာဝတီက စုစည်းထားသည့် အချက် အလက်များအရ အတည်ပြုနိုင်ခဲ့သည်။
၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်၍ လေကြောင်း တိုက်ခိုက်မှုများ ပြန်လည်အရှိန်မြှင့်လုပ်ဆောင်လာရာ မန္တလေးတိုင်း စဉ့်ကူးမြို့ နယ် လက်ပံလှကျေးရွာတွင် ၄၀ ဦး၊ စစ်ကိုင်းတိုင်း မြောင်နှင့် ကနီမြို့နယ်များတွင် ၈ ဦး၊ မကွေးတိုင်း မြိုင်၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် ၅၅ ဦး၊ ရှမ်းမြောက် နောင်ချိုမြို့နယ်တွင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူတဦးက “မြေပြင်တိုက်ပွဲမှာ မနိုင်တဲ့အခါ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက် တာတွေ လုပ်နေတာမျိုးပါပဲ။ သူတို့ ဆုံးရှုံးသွားရတဲ့နယ်မြေတွေက အရပ်သားတွေ ထောက်ခံနေလို့ ဖြစ်နေတာဆိုပြီး မထောက်ခံရဲအောင်လို့ အခုလိုမျိုးလုပ်တာပေါ့။ အဓိကက ပြည်သူကို အကြောက်တရား ရိုက်သွင်းတာပါပဲ။ အခု နောက်ပိုင်းမှာ စစ်တပ်က တိုက်ပွဲရှိရှိ၊ မရှိရှိ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ ဝေဟင်ကနေ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ် နေတာပါပဲ” ဟု ပြောသည်။
မတ် ၂၂ ရက် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ ဆေးပေးခန်းကို ဗုံးကြဲရာ ဒေါက်တာမြစိုးအောင်(၄၀ နှစ်)၊ ကိုယ်ဝန် လေးလလွယ်ထားရသည့် ဒေါက်တာမြစိုးအောင်၏ဇနီး အထက်တန်း သူနာပြု ဒေါ်ခိုင်နှင်းဝေ (၃၉ နှစ်)၊ ၅နှစ်အရွယ် သားဖြစ်သူနှင့် လူနာနှင့် လူနာစောင့်များ အပါအဝင် ၁၁ ဦးထိ သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့ကာ သေဆုံးသူများထဲ ကလေးငယ် ၅ ဦး ပါဝင်သည်။
ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့သည် စစ်တပ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တင်သားတိုက်နယ်ဆေးရုံ၌ တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement – CDM) ပြုလုပ်ကာ မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်း လိုက်လံဆေးကုသမှုပေးနေသူများ ဖြစ်သည်။
စစ်တပ် CDM တပ်ကြပ်ကြီးဇေယျက “စစ်တပ်ကတော့ အစောကြီးကတည်းက အစွမ်းကုန် ရက်စက်ယုတ်မာမှုတွေ လုပ်နေတာပေါ့။ ပြီးတော့ သူတို့ပြောထားတဲ့ စကားတခွန်းရှိတယ်၊ တပ်တွင်းမှာ မတရားတာ မရှိဘူးဆိုပြီး စစ်ပွဲနိုင်ဖို့ အတွက် ဆေးရုံတွေ၊ သာသနာ့နယ်မြေပါမချန် ဗုံးကြဲနေတာမျိုးပေါ့။ အခုလိုမျိုး လေကြောင်းကနေ ဗုံးကြဲနေတာက ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းဖို့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲနေတာမျိုးပါပဲ” ဟု ပြောသည်။

ထို့အတူ မန္တလေး-မိုးကုတ်ကားလမ်းပေါ် ခရီးသွားများ တထောက်နားရာ လက်ပံလှကျေးရွာရှိ ကားဂိတ်၊ ဈေး၊ လူနေ ရပ်ကွက်များကို မတ်လ ၄၊ ၁၄၊ ၁၇ ရက်တို့၌ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၄ လသားအရွယ် ကလေးငယ် အပါ အဝင် ကလေးငယ် ၇ ဦးနှင့် အရပ်သား ၄၀ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ထိ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ MDY PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ကျနော်တို့ စဉ့်ကူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိပြီးတဲ့ အချိန်ကစပြီး မြေပြင်တိုက်ပွဲ လုံးဝမရှိတာ ကြာပါပြီဗျ။ ဒီတခေါက် လေကြောင်းတိုက်ခိုက် တာက တိုက်ပွဲဖြစ်ပွားလို့မဟုတ်ဘဲနဲ့ အကြောင်းမဲ့သက်သက် ပြည်သူကို ပစ်မှတ်ထားပြီး ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက် ခိုက်မှု ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ပံလှကျေးရွာသည် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသည့် စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်ကာ ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး) MDY PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက စဉ့်ကူးမြို့ကို ပြီးခဲ့သည့်နှစ် ဇူလိုင် ၁၇ ရက်၌ သိမ်းပိုက် ခဲ့ခြင်း ဖြစ်သည်။
အလားတူ ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို မတ်လ ၁၆ ရက်၊ ညနေ ၅ နာရီခွဲ၌ ပေါင် ၂၅၀ ဗုံး ၄ လုံးကို ဂျက်ဖိုက်တာနှင့် ကြဲချတိုက်ခိုက်သည့်အပြင် အနိမ့်ပျံသန်းပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့မှုကြောင့် စာသင် တိုက်အတွင်းရှိ ရဟန်း ၂ ပါး၊ သာမဏေ ၅ ပါး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးတို့ ဗုံးစထိမှန်သေဆုံးကာ သံဃာတော် ၁၄ ပါးနှင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)က သတင်းထုတ်ပြန်ထားသည်။
“အပြာရောင် ပြောက်ကျားတိုက်လေယာဉ်နဲ့ မြို့ထဲကို နိမ့်နိမ့်လေးဝဲပျံပြီး တခါကြဲနှစ်လုံးနဲ့ နှစ်ခါ ဗုံးသီးလေးလုံးကြဲတယ်။ ပြီးတော့ မြို့ပေါ်ပတ်ဝဲပြီး စက်သေနတ်နဲ့ အတွဲလိုက်တွေ ပစ်သွားတာ။ တောင်ရပ်ကွက်ထဲက စိန်ရတနာ ပရိယတ္တိစာသင် တိုက်ကိုပဲ ပစ်မှတ်ထားပြီး လုပ်သွားကြတာ။ ရဟန်းသံဃာတွေ၊ စစ်ရှောင်တွေ ရှိနေမှန်းသိရက်နဲ့ကို နိမ့်နိမ့်လေး ပျံပြီးတော့ မှ တမင်ရည်ရွယ်ပြီး လုပ်သွားတာ။ ယုတ်မာချက်က ကမ်းကုန်လွန်းလို့ ဆဲဖို့စကားတောင် ကုန်ရတယ်” ဟု နောင်ချိုဒေသခံ တဦးက ပြောသည်။
အဆိုပါစာသင်တိုက်အား ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ဘုန်းကြီးကျောင်းဝန်းအတွင်း TNLA နှင့် PDF များ ခိုအောင်းရောက်ရှိနေ ခြင်းကြောင့်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း အမှန်တကယ်မှာမူ ကျောင်းဝန်းအတွင်း ရဟန်းသံဃာ များနှင့် စစ်ဘေးရှောင် အရပ်သားပြည်သူများသာ နေထိုင်ကြကြောင်း သိရသည်။
ထို့ပြင် မတ်လပထမပတ်အတွင်း၌ မကွေးတိုင်း မြိုင်နှင့် ပေါက်မြို့နယ်အစပ် ကျောက်ခွက်၊ လက်ပံတိုရေနံမှော်များနှင့် ဆုံကုန်း၊ ဆိတ်ချေး၊ ဂျုတ်ကုန်း၊ ဘောင့်ဘင်၊ ဆူးဝင်း၊ တောရွာ၊ သရက်ကန်၊ ဆင်စိန်၊ လက်ပံတို၊ သပြေညို၊ ဖလံကိုင်း၊ ညောင်ကုန်းရွာဘုန်ကြီးကျောင်းများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရေနံမှော်လုပ်ငန်းများ ရပ်နားထားသလို ပြည်သူများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်နေကြသည်။

မတ်လ ၂၀ ရက် နံနက်ပိုင်း၌လည်း မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သား ၄ ဦး သေဆုံးပြီး နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ကြောင်း၊ သေဆုံးသူများမှာ ကျောင်းသူ ၂ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ထီးလင်းမြို့နယ် ပကဖက သတင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး နတ်ကြီးရွာ၊ ကုန်းသာ၊ အုမ္မ၊ ယင်းကျေးရွာများကို မတ်လ ၁၀ ရက်နှင့် ၁၈ ရက်များ၌ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီး ၅ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာ ရခဲ့ကြောင်း ကနီမြို့နယ်ပကဖထံမှ သိရသည်။
မတ် ၁၉ ရက် ညနေပိုင်း၌ မြောင်မြို့ပေါ်နှင့် ကျေးရွာများသို့ စက်တပ်လေထီး(ပါရာမိုတာ)ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ခေါင်း ဆောင် ကိုနွေဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် တိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှု အဆမတန်အသုံးပြုနေပြီး လက်လွှတ်ဆုံး ရှုံးထားရသည့် နယ်မြေများ၌လည်း အဆက်မပြတ် ပြုလုပ်လျက်ရှိရာ ၂၀၂၃ မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်ထိ လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေပေါင်း ၂,၁၉၀ ပြုလုပ်ခဲ့သောကြောင့် ကလေးသူငယ် ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ မှတ်တမ်းများက ဖော်ပြထားသည်။
အလားတူ လွတ်လပ်သည့် သုတေသနအဖွဲ့ ဉာဏ်လင်းသစ်၏ ထုတ်ပြန်ချက်များအရ ၂၀၂၄ စက်တင်ဘာမှ ဒီဇင်ဘာထိ ၄ လတာ ကာလအတွင်း နိုင်ငံတဝှမ်း လေကြောင်းဗုံးကြဲသတ်ဖြတ်မှု တရက်လျှင် ၇ ကြိမ်နှုန်းဖြင့် စုစုပေါင်း ၈၆၅ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးဒဏ်ကြောင့် အရပ်သားပြည်သူ ၄၇၅ ဦး သေဆုံးကာ ၁,၀၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
You may also like these stories:
ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ
မြောင်တွင် ၂ ရက်ဆက် ဗုံးကြဲ၍ အရပ်သားများ ထိခိုက်သေဆုံး
ဂန့်ဂေါ ဗုံးကြဲခံရမှု ဆရာဝန်မိသားစုအပါ ၁၁ ဦး သေဆုံး (ရုပ်/သံ)