ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်၌ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား စခန်းနေရာ ဖယ်ရှားပေးရန် အကြောင်းကြားရာမှ အခြေအနေတင်းမာ လျှက်ရှိသည်။
မိုးမိတ်မြို့ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ မန်ဖွယ်ရွာဟောင်း စေတီကုန်းတွင် တပ်စွဲထားသည့် SSPP/SSA တပ်ဖွဲ့အား အခြားနေရာသို့ ရွှေ့ပြောင်းပေးရန် TNLA တပ်ဖွဲ့ဝင်များက မတ် ၂၃ ရက်၌ သွားရောက်အကြောင်းကြားစဉ် SSPP/SAA တပ်ဖွဲ့ဘက်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး TNLA တပ်မဟာ ၃၊ တပ်ရင်း ၃၀၂ က လာရောက်ဆွေးနွေးဖြေရှင်းရန် SSPP/SSA မတ် ၂၄ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ထိုစာတွင် “SSPP/SSA အနေဖြင့် မဟာမိတ်ဂုဏ်သိက္ခာနှင့် လူကြီးမင်းတို့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို တာဝန်ခံမှုရှိစွာဖြင့် အထက်အကြောင်းအရာပါ ကိစ္စရပ်ကို လာရောက်မဖြေရှင်းပါက နောက်ဖြစ်ပေါ်လာမည့် မည်သည့်ပြဿနာကိုမဆို SSPP/SSA မှ တာဝန်ယူရမည်ဖြစ်ကြောင်း သိစေအပ်ပါသည်” ဟု ဖော်ပြထားသည်။
TNLA ၏ စာပေးပို့အကြောင်းကြားမှုနှင့် ပတ်သက်ပြီး SSPP/SSA မှ ဗိုလ်ကြီး သီဟရာဇာက ပြဿနာဖြစ်ပွားမှုအား သေသေချာချာ မသိရှိသော်လည်း မြေပြင်ကိစ္စရပ်များကို TNLA က အကြောင်းကြားစာပေးပို့မှု လုပ်လေ့လုပ်ထရှိကြောင်း နှင့် လူကြီးအချင်းချင်း ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ကြားသိထားရကြောင်း ပြောသည်။
TNLA ဘက်က SSPP/SSA ထံ အကြောင်းကြားစာပေးပို့မှုနှင့် နှစ်ဖက်ဆောင်ရွက်ချက်များအား သိရှိရန် TNLA ပြန်ကြား ရေးတာဝန်ရှိသူ လွေးယေဦးကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
ယမန်နှစ် ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် SSPP/SSA တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် TNLA အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိခဲ့ပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သေးသည်။
ထိုပြဿနာနှင့်ပတ်သက်ပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ(FPNCC) က ပန်ဆန်းမြို့တွင် ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးခဲ့ရဖူးသည်။
လက်ရှိတွင် TNLA အနေဖြင့် ၎င်းတို့ထိန်းချုပ်ဒေသများအတွင်း လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်လက်နက်နှင့် စစ်ဝတ်တန်ဆာများ အသုံးပြုကာ ဝင်ရောက်ခြင်း၊ ဂိတ်ချခြင်းများ မပြုလုပ်ကြရန် အကြိမ်ကြိမ်သတိပေးထားပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မိုးမိတ်မြို့အား TNLA ပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် သန်းခေါင်းစာရင်း အချက်အလက်များအရ မိုးမိတ်မြို့နယ်တွင် လူဦးရေအားဖြင့် ဗမာလူမျိုး ၄၁ ဒသမ ၅၂ ရာခိုင်နှုန်း၊ ရှမ်း ၃၄ ဒသမ ၉၁ ရာခိုင်နှုန်း၊ လီဆူ ၁၁ ဒသမ ၃၁ ရာခိုင်နှုန်း၊ ကချင် ၅ ဒသမ ၇၁ ရာခိုင်နှုန်း၊ ပလောင် ၄ ဒသမ ၃၁ ရာခိုင်နှုန်းနှင့် အခြားသောလူမျိုးစုများ ရောနှောနေထိုင်ကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောနေထိုင်ကြသည့် ရှမ်းမြောက်ဒေသအတွင်းရှိ မြို့များကို ၁၀၂၇ စစ်ဆင်ရေး၌ TNLA နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရှမ်းမြောက်အခြေ စိုက် SSPP/SSA၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကြား နယ်မြေအငြင်းပွားကာ အောက်ခြေတွင် ပဋိပက္ခပိုမိုဖြစ်ပွားလာ လျက်ရှိသည်။
ပြီးခဲ့သည် မတ် ၇ ရက်၌ ကွတ်ခိုင်မြို့ပေါ်ရှိ KIO/KIA ဆက်ဆံရေးရုံးအား TNLA တပ်များ ဝင်ရောက်စီးနင်းဖယ်ရှားမှု အပါအဝင် ကွတ်ခိုင်မြို့နယ်အတွင်း KIA စခန်းများကို အင်အားသုံးစီးနင်းမှုတို့ကြောင့် KIA နှင့် TNLA တပ်ဖွဲ့ဝင်များကြား နှစ်ဖက်ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့သည်။
ရှမ်းမြောက်ဒေသအတွင်း စစ်တပ် ထိန်းချုပ်ထားစဉ်ကတည်းက KIA၊ SSPP/SSA၊ MNDAA နှင့် TNLA တို့အနေဖြင့် ရပ်ရွာအခြေပြုကာ ပြောက်ကျားလှုပ်ရှားခဲ့ကြပြီး ထိုအခြေအနေအား အပြန်အလှန် အသိအမှတ်ပြုရေး ညှိနှိုင်းဆွေးနွေးမှု များမရှိပါက လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။
၎င်းက “တွေ့ဆုံဆွေးနွေးမှု မလုပ်ကြရင်တော့ လက်နက်ကိုင်ပဋိပက္ခဖြစ်မယ့် အလားအလာကို သွားနေတာ။ နှစ်ဖက်ခေါင်း ဆောင်တွေက ရှောင်နေကြတယ်။ အပြန်အလှန် အသိအမှတ်မပြုနိုင်ဘူး ဖြစ်နေကြတယ်။ ရှောင်နေကြရင်တော့ ပဋိပက္ခ ဖြစ်မှာပဲ။ စစ်တပ်ရယ်၊ လက်နက်ကိုင်အဖွဲ့တွေချင်းရယ် ပတ်လည်တိုက်ပွဲ ပြန်ပေါ်နိုင်တာပေါ့၊ ပြဿနာဖြစ်လာရင် လေးဖွဲ့ စလုံး တာဝန်ရှိမှာပဲ။ ချိတ်ချိတ်ချင်း ချိတ်တာကိုး။ တဖွဲ့ထဲရဲ့ပြဿနာတော့ ဟုတ်မယ်မထင်ဘူး” ဟု ဆိုသည်။
လက်ရှိတွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ KIA တပ်ဖွဲ့များအား အင်အားသုံးဖယ်ရှားနေမှု၊ မိုးမိတ်မြို့နယ်၌ SSPP/SSA တပ်ဖွဲ့ များကို ဖယ်ရှားရန်ဖိအားနေသည့် TNLA ၏ လုပ်ဆောင်ချက်များအပေါ် လူထုကြား ဝေဖန်မှုများ ရှိလာနေသည့်အတွက် TNLA အနေဖြင့် ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်းလည်း ၎င်းက ပြောသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့တို့အား သိမ်းပိုက်နိုင်ခဲ့သည်။
You may also like these stories:
တောင်ခမ်းတိုက်ပွဲက နောင်ချိုကို ခြိမ်းခြောက်နိုင်လား
ကွတ်ခိုင်တွင် လက်နက်ဝယ်လာသော PDF များ ပြန်လွှတ်ပေးပြီးဟု TNLA ပြော
ကွတ်ခိုင်မြို့ထဲမှ KIA တပ်များ TNLA ဖယ်ရှား