ပြင်းအား ရစ်(ချ်)တာစကေး ၇ ဒသမ ၇ ရှိ ငလျင်ကြီးတခု မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့ အရှေ့မြောက် ကီလိုမီတာ ၂၀ ခန့်အကွာကို ဗဟိုပြု၍ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က လှုပ်ခတ်ခဲ့ရာ မန္တလေး၊ စစ်ကိုင်း၊ မင်းကွန်း၊ နေပြည်တော်၊ ကျောက်ဆည်မှ အင်းလေးဒေသ အပါအဝင် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တိုင် ငလျင်ဒဏ်ခံစားခဲ့ရသည်။
စစ်ကိုင်းပြတ်ရွှေ့ကြောကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သဖြင့် စစ်ကိုင်းငလျင်ဟု ခေါ်ရမည်ဖြစ်ပြီး တနိုင်ငံလုံးအတာဖြင့် သေဆုံးသူ ၁၆၄၄ ဦး ရှိကာ ပျောက်ဆုံးနေသူ ၁၃၉ ဦး၊ ဒဏ်ရာရသူ ၃၄၀၈ ဦးရှိကြောင်း၊ အသေးစိတ်စာရင်းများကို ဆက်လက် ကောက်ယူနေကြောင်း စစ်ကောင်စီ၏ မတ် ၂၉ ရက်ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။
ငလျင်ဘေးကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂သန်းကူမည်ဟုဆိုထားသလို ဗြိတိန်၊ သြစတြေးလျတို့အပြင် ရုရှား၊ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူတို့ကလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရာ စင်ကာပူအရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့ (SCDF) ၏ ဦးဆောင်မှု အောက်မှ Operation Lionheart( OLH)ကူညီကယ်ဆယ်ရေးအဖွဲ့တဖွဲ့ ယမန်နေ့နေ့လယ်ပိုင်းက ရောက်လာသလို ရုရှားကလည်း ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဆရာဝန်များပါဝင်သော ကယ်ဆယ်ရေးလေယာဉ် ၂ စီးကို စေလွှတ်ထားကြောင်း သိရသည်။
ယနေ့တွင် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယတို့မှ ရောက်ရှိလာကြသော ကယ်ဆယ်ရေးအဖွဲ့များကလည်း မန္တလေးတိုင်းနှင့် နေပြည်တော်တို့ရှိ ပြိုကျပျက်စီးရာနေရာများအတွင်း ဝင်ရောက် ကယ်ဆယ်နေကြပြီ ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ် သန်း ၁၀၀ ပံ့ပိုးကူညီရန် ဆုံးဖြတ်ကြောင်းလည်း ယနေ့တွင် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

အမေရိကန်အစိုးရဘူမိဗေဒစစ်တမ်း (USGS) ကမူ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်ပြီး စီးပွားရေးအရ ထိခိုက်မှုမှာ မြန်မာနိုင်ငံ GDP ၏ ၇၀ ရာခိုင်နှုန်းအထိ မြင့်မားနိုင်ကြောင်း ခန့်မှန်းတွက်ချက် ထားသည်။
ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီကျော်ကြာ ယနေ့တွင်မူ မန္တလေး၊ စစ်ကိုင်းတို့ရှိ ပြိုကျနေသော အဆောက်အုံများအောက်ရှိ လူများကို ကယ်ထုတ်ရာတွင် သေဆုံးမှုများသည့်အတွက် အလောင်းထည့်သည့်အိတ် မလုံလောက်မှုများဖြစ်ပေါ်နေသည် အထိ ဖြစ်ရကြောင်း ကူဆယ်ရေးလုပ်ကိုင်နေသူများထံက သိရသည်။
ထို့အတူ မန္တလေးမြို့ရှိ မီးသဂြိုဟ်စက်များမှာလည်း အလောင်းများပြားသဖြင့် စက်အတွင်း စုပုံရှို့ရသလို၊ စက်ပြင်ပ လွတ်ရာနေရာများ၌ မီးရှို့ခြင်းနှင့် မိမိအစီအစဉ်နှင့်သဂြိုဟ်ခြင်းတို့ဖြင့် ဖြေရှင်းနေရကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင်လည်း ကယ်ပါကူပါဟု အော်နေဆဲဖြစ်ပြီး မြို့ပျက်ကဲ့သို့ဖြစ်သွားသည့် ဆွဲမထုတ်နိုင်သေးသော အလောင်း များစွာဖြင့် စစ်ကိုင်းမြို့အနှံ့ပုပ်နံ့များဖြင့်ပါ ဖုံးလွှမ်းလာပြီဖြစ်ကြောင်း မြို့ခံတို့က ဆိုကြသည်။
ကမာ္ဘတွင် ပစိဖိတ်ကမ်းခြေပတ် ငလျင်ရပ်ဝန်းနှင့် ဟိမဝန္တာ ငလျင်ရပ်ဝန်းဟု ရပ်ဝန်းကြီး ၂ ခုရှိရာ မြန်မာနိုင်ငံသည် ဒုတိယ ငလျင်ရပ်ဝန်းတွင် ပါဝင်ပြီး ထိုငလျင်ကြောက တရုတ်၊ အင်ဒိုနီးရှားထိတိုင် ဆက်စပ်နေသည်။

မြန်မာ့ငလျင်ကို ဒေသအလိုက်သတ်မှတ်လျှင် အနောက်ရိုးမ၊ ဗဟိုချိုင့်ဝှမ်း၊ စစ်ကိုင်း-တကောင်း၊ ရှမ်းကုန်းမြေမြင့်၊ တနင်္သာရီ ဟု ရပ်ဝန်းများကို သတ်မှတ်ထားရာ စစ်ကိုင်း-တကောင်း တောင်တန်းရပ်ဝန်းမှာ ကျောက်လွှာဖွဲ့စည်းပုံအရ ပြင်းထန်သော ငလျင်လှုပ်ရှားခဲ့သည့် ဒေသဖြစ်ပြီး ငလျင်အင်အား အဆင့် ၉ ဖြင့် အချိန်မရွေးလှုပ်နိုင်သလို တခါတရံ ၉ ထက်ပင် ပြင်းထန်နိုင်ကြောင်း ပညာရှင်များက ဆိုထားသည်။
ငလျင်မှတ်တမ်းများအရ ထိုပြတ်ရွေ့ကြောကြီးသည် ၁၈၃၉ ခု မတ်လ ၂၃ရက်တွင် တကြိမ်၊ ၁၉၅၆ခု ဇူလိုင်လ ၁၆ရက်က တကြိမ် ပြင်းထန်စွာ လှုပ်ခတ်ဖူးရာ ယခုက တတိယအကြိမ်ဟု ဆိုရမည်။
လက်ရှိတွင် ထိုပြတ်ရွှေ့ကြောနှင့် အနီးဆုံးရှိ လူဦးရေ ၆ သန်း ၂ သိန်းကျော် နေထိုင်သည့် မြို့တော်ဟောင်း မန္တလေးသည် အထက်မြန်မာပြည်၏ စီးပွားရေးမြို့တော် ဖြစ်ရာ ထပ်မြင့်အဆောက်အဦများလည်း များပြားပြီး ရန်ကုန်ပြီးလျှင် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ပြင်းအား ရစ်ချ်တာ စကေး ၇ ဒသမ ၇ ရှိ ငလျင်ကြီးကြောင့် အဆောက်အအုံပျက်စီးမှု များပြားသလို သေဆုံးသူမှာလည်း လတ်တလော ၈၀၀ ကျော်ရှိ ကြောင်း သိရသည်။

ငလျင်လှုပ်ပြီးလျှင် ပြီးချင်း မန္တလေးမြို့တမြို့လုံး ဆူညံပွက်လောရိုက်သံများနှင့် ပြည့်နှက်နေပြီး တိုက်ကြီးများက ပြိုကျ ပျက်စီးနေသည့်အပြင် တချို့ကလည်း အနောက်၊ တချို့ အရှေ့ဘက် တချို့လည်း တောင်နှင့် မြောက် စသည်ဖြင့် လဲပြို နေပြီး နေ့မြင်ညပျောက် သင်္ခါရသဘောကို ဆောင်နေသည်။
တိုက်ပြိုမှုအောက် ရောက်နေသည့် မိသားစုများအတွက် ကယ်ပါ ယူပါဆိုသော ကြံရာမရပြေးလွှားနေသူများကိုတွေ့ရသလို ငလျင်ဘေးနှင့်အတူ မီးဘေးကလည်း ကပ်လိုက်လျှက် မန္တလေးတက္ကသိုလ်အတွင်း မီးလောင်နေရာငြှိမ်းသတ်မည့်သူ မရှိ၊ အပျက်အစီးက ကြီးမားလှသည်။
မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အပါအအဝင် သာသနိက အဆောက်အအုံများ ပြိုပျက်ခဲ့ရသလို ဓမ္မစရိယစာမေးပွဲ ဖြေဆို ချိန်ဖြစ်၍ မဟာအောင်မြေမြို့နယ်ရှိ ပရိယတ္တိသာသနဟိတ သကျသီဟ အသင်းကြီးနှင့် ဦးလှသိန်းဗိမာန်တို့တွင် သံဃာ များ စာဖြေနေချိန် အပါး ၂၀၀ကျော် ပိတ်နေပြီး တချို့သော သံဃာများ ပျံလွန်တော်မူခဲ့ရသည်။ ယခုနေ့ထိ သံဃာများကို ကယ်ထုတ်လျက်ရှိရာ ယနေ့ မွန်းလွဲအထိ ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ၅၅ ပါး ကယ်ထုတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ဆိုထားသည်။ သို့သော် ပိတ်မိနေသူများ ကယ်ထုတ်မှုမှာ မပြီးသေးပေ။

မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်းတို့တွင်လည်း သံဃာတို့သီတင်းသုံးရာ ကျောင်းတိုက်များ ပြိုကျခဲ့သည်။
အလားတူ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုဘ်ကာလဖြစ်သလို သောကြာနေ့ ဘုရားဝတ်ပြုချိန်ဖြစ်ရာ ရွှေဘုန်းရှိန်၊ အမြောက်တန်းစသည့် ရှေးဗလီကြီးများ ထိခိုက်ခဲ့ရာ လူ ၂၀၀ကျော် သေဆုံးသည်ဟု သိရသည်။ ထို့အတူ မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းအတွင်းတို့ရှိ ဗလီ ၆၀ နီးပါးခန့် ပြိုကျပျက်စီးခဲ့ရပြီး သေဆုံးသူ ၅၀၀ ကျော်ရှိကြောင်း စာရင်းကောက် ယူသူတချို့က ထုတ်ပြန်ထားကြသည်။
ယခုတိုင် ကယ်ဆယ်ရေး မပြတ်သည်က အောင်မြေသာစံမြို့နယ်မှ Sky Villa ကွန်ဒိုအိမ်ရာဖြစ်ပြီး ပြိုကျချိန် လူ ၇၀ ကျော် ပိတ်မိနေရာ ယမန်နေ့ ညနေ ၃ နာရီခွဲအထိ ၄၃ ဦး ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အလောင်း ၉ လောင်းတွေ့ထားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ ယနေ့နံနက်မှစ၍ တရုတ်ကယ်ဆယ်ရေးတပ်ဖွဲ့နှင့်အတူ အင်တိုက်အားတိုက် ပိတ်မိနေသည့်အပျက်စီးများအား ရှင်းထုတ်၍ အထဲရှိ လူများ ကယ်ထုတ်နိုင်ရေး ကြိုးပမ်းနေကြဆဲ ဖြစ်သည်။

လတ်တလောလူအများစုက မိမိတို့နေအိမ်တွင်းဝင်ရောက် အိပ်စက်နိုင်ခြင်းမရှိသေးဘဲ၊ လမ်းပေါ်နှင့် မြေကွက်လပ်ဟင်း လင်းပြင်များတွင်သာ နိုးကြားသော ဝီရိယဖြင့် စုဝေး၍ ကြက်အိပ်ကြက်နိုးသာ မှေးစက်ရသည်၊ ရေမလာ၊ မီးမလာသည့် အခြေအနေတွင်
စစ်ကောင်စီ၏ စီးပွားရေးဖြစ်သည့် Mytel ကလွဲ၍ ကျန်ဆက်သွယ်ရေးဆင်းကတ်တို့ သုံးမရ။ တဦးနှင့် တဦး ပါးစပ်သတင်းဖြင့်သာ ကျေနပ်ရပြီး စက်သုံးဆီအတွက် ဆီဆိုင်များတွင် တမျှော်တခေါ်တန်းစီမှ ဆိုင်ကယ်တစီး ကျပ်ငွေ ၅ ထောင်ဖိုးသာ ရရှိသလို ရေသန့်လည်း ပြတ်လပ်နေပြီဟု သိရသည်။
ငလျင်ဗဟိုချက်မနှင့် ကပ်နေသည့် စစ်ကိုင်းမြို့ဆိုလျှင်ကတော့ မပြောလေနှင့်၊ မြို့၏ ၈၀ ရာခိုင်နှုန်းပျက်စီးသွားသလို ယခုတိုင် ပြိုကျအဆောက်အဦများ မဖော်ရသေးသဖြင့် အပုတ်နံများက လှိုင်နေသည်၊ မန္တလေးနှင့် ဆက်သွယ်ထားသည့် စစ်ကိုင်းတံတား (ဝါ)အင်းဝတံတား အဟောင်းက ရေအောက်မှ ငုတ်လျိုးထွက်လာသည့် ငလျင်ကြောင့် ပြိုကျသွားရာ တံတားအသစ်မှ မော်တော်ဆိုင်ကယ်နှင့် ယာဉ်ငယ်များကိုသာပေးဖြတ်ပြီး လူအများက ဇက်ခရပ်ဟုခေါ်သော ကမ်းထိုး ရေယာဉ်များ၊ စက်တပ်သမ္ဗာန်များ ဖြင့်သာ မြစ်ကိုကူး၍ မန္တလေးကို လာကြရသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း စစ်ရုံးချုပ်ထဲမှ အဆောက်အဦများ၊ လွှတ်တော်၊ ခလရ ၈၅ တပ်ရုံး၊ တိုင်းစစ်ဌာနချုပ်ရုံး လေဆိပ်ရှိ လေကြောင်းထိန်းသိမ်းရေးတာဝါ၊ ခုတင် ၁၀၀၀ ဆေးရုံ အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ နေအိမ်အဆောက်အဦ၊ လမ်း၊ တံတားများ ပြိုကျပျက်စီးခြင်းတို့ကြောင့် ဝန်ထမ်းများ အပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့သလို လက်ရှိအချိန်ထိ ပိတ်မိနေသူများ ရှိနေဆဲဖြစ်သည်။
ထို့ပြင် နေပြည်တော် မြို့မဈေး၊ သပြေကုန်းဈေး၊ ကျောက်မျက်ရတနာပြတိုက်၊ အိုးရှင်းဈေးဝယ်စင်တာ အပါအဝင် နေအိမ် အများအပြား ပျက်စီးမှုရှိခဲ့ပြီး လက်ရှိတွင် လျှပ်စစ်မီးအပြင် ဖုန်းလိုင်းအဆက်အသွယ်များလည်း ပြတ်တောက်နေကြောင်း ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
နေပြည်တော် အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီက ယမန်နေ့မွန်းလွဲပိုင်းတွင် ကြေညာခဲ့ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် အကူအညီပေးရန်လည်း နိုင်ငံတကာသို့ စစ်ခေါင်းဆောင်က တောင်းဆိုထားသည်။

ငလျင်ဒဏ်ကြောင့် အဓိကလမ်းမကြီးတခုဖြစ်သော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် နေရာ ၂၀ ကျော်တွင် လမ်းတံ တားများ ထိခိုက်ပျက်စီးခဲ့သလို လမ်းမကြီးတလျှောက်ရှိ ဆွာချောင်းတံတား အပါအဝင် တံတားများ ကျိုးခြင်း၊ နိမ့်ကျခြင်း၊ လမ်းသားများ ကွဲအက်ခြင်း၊ လမ်းသားတွန့်ခေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ခရီးသွားများပိတ်မိခဲ့သည်။
မန္တလေးလေဆိပ်နှင့် နေပြည်တော်လေဆိပ်တွင် တာဝါပြိုကျခြင်း၊ အဆောက်အအုံပျက်စီးခြင်း၊ ပြေးလမ်းပျက်စီးခြင်းတို့ ကြောင့် လေယာဉ်ခရီးစဉ်များလည်း လတ်တလော ရပ်ဆိုင်းထားရသည်။
ထို့ပြင် ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်သည် အိမ်နီးချင်းထိုင်းနိုင်ငံ အထူးသဖြင့် ဘန်ကောက်မြို့၌ ပြင်းထန်စွာခံစားခဲ့ရ ပြီး ဆောက်လုပ်ဆဲ အထပ် ၃၀ တိုက် ပြိုကျမှုဖြစ်ပွားခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သားများ အပါအဝင် ပျောက်ဆုံးနေသူ ၁၀၁ ဦး ရှိကြောင်း၊ ၆ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၂ ဦးရှိကြောင်း၊ ရှာဖွေကယ်ဆယ်မှုများ ဆက်လုပ်နေကြောင်း ဘန်ကောက်မြို့တော် အရေးပေါ်အခြေအနေ ကွပ်ကဲရေးစင်တာက ထုတ်ပြန်ထားသည်။
ငလျင်ဖြစ်ရပ်ဆိုးကြောင့် မြန်မာပြည်သူများသာမက နိုင်ငံတကာကပါ ဝမ်းနည်းကြေကွဲခဲ့ရသလို ကမာ္ဘ့သတင်းများတွင်ပါ နေ့စဉ်မပျက် အာရုံစိုက် ဖော်ပြလာခဲ့ကြသည့်အထိ စိတ်ဝင်စားလည်းမြင့်တက်ခဲ့ကြသည်။
ထိခိုက်ခံစားခဲ့ရသည့်မြန်မာပြည်သူများအဖို့ အဆောက်အအုံအပျက်အစီးများထဲ မိမိ၏ မိသားစုဝင် တဦးတလေများ အသက်ရှင်ကျန်ရစ်နိုင်မည် ဆိုသော မျှော်လင့်ချက်များဖြင့် ကယ်ဆယ်ရှင်းလင်းမှုများအနီး စောင့်မျှော်နေလျက်ရှိသည်။ ။
You may also like these stories:
“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”
ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ
ငိုဖို့မျက်ရည်တောင်မထွက်တော့ဘူး (ရုပ်/သံ)