မြန်မာနိုင်ငံ အလယ်ပိုင်းကို လှုပ်ခါစေသည့် ငလျင်၏ အကျိုးသက်ရောက်မှုသည် နိုင်ငံ၏ အခြေခံအဆောက်အအုံများနှင့် ဆက်သွယ်ရေးကွန်ရက်များ ပျက်စီးမှုကြောင့် မဖြေရှင်းနိုင်သော အကျပ်အတည်းဖြစ်လာနေကြောင်း ကုလသမဂ္ဂက ဖော်ပြခဲ့သည်။ ထိုသို့သော ဆိုးရွားသည့် သဘာဝဘေးကြောင့် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအရ ဘုန်းဘုန်းလဲကျ သွားစေနိုင်လောက်သည့် ထိခိုက်မှုနဲ့ ကြုံတွေ့နေရသည်။
ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိသော ငလျင်ကြောင့် အင်တာနက်ဝန်ဆောင်မှုများ ရပ်ဆိုင်းမှု၊ လေဆိပ်များ ပိတ်လိုက်ရမှုနှင့် အဝေးပြေးလမ်းများ ပျက်စီးမှုများ ဖြစ်ပေါ်နေရာ လိုအပ်ချက်များနှင့် အခြေအနေများကို တိကျစွာ ခန့်မှန်းရန် အခက်အခဲဖြစ်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှ နောက်ဆုံးအခြေအနေများကို ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။
“ဤငလျင်သည် လူနေအိမ်များကို တပြေးညီ ဖျက်ဆီးပြီး အရေးကြီးသော အခြေခံအဆောက်အအုံများကိုလည်း ပြင်းထန်စွာ ပျက်စီးစေသည်” ဟု နယူးယောက်မြို့ အခြေစိုက် OCHA က ဆိုသည်။
မြို့ပြနှင့် ကျေးလက်ဒေသများရှိ အဆောက်အအုံများ၊ လမ်းများ၊ ဟိုတယ်များနှင့် အများပြည်သူ ဝန်ဆောင်မှုအဆောက်အအုံများ စသဖြင့် “ပြင်းထန်စွာ ပျက်စီး သို့မဟုတ် လုံးဝ ဖျက်ဆီးခံရ” ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပျံသန်းမှုများကို ထပ်မံကြေညာမချင်း ရပ်ဆိုင်းထားရသည်။
အမေရိကန် ဘူမိဗေဒ တိုင်းတာမှု (USGS) အဖွဲ့သည် ငလျင်ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်း စီးပွားရေးထုတ်ကုန် တန်ဖိုး (GDP) ထက် ပိုမိုကြီးမားသော စီးပွားရေးဆုံးရှုံးမှု ဖြစ်နိုင်ကြောင်း ကနဦး ခန့်မှန်းခဲ့သည်။ လူသေမှုနှုန်းကလည်း တက်နေသည်။
ဗာဂျီးနီးယားတွင် တည်ရှိသည့် USGS မှ မော်ဒယ်တခု၏ ခန့်မှန်းတွက်ချက်မှုအရ သေဆုံးမှုများသည် တသောင်း မှ တသိန်း အတွင်းရှိနိုင်ကြောင်း၊ “အလွန်များပြားသည့် သေဆုံးမှုနှင့် အကြီးမားဆုံးပျက်စီးမှု ဖြစ်နိုင်ကြောင်း” ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ (IMF) မှ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP သည် ၆၅ ဘီလီယံဒေါ်လာ ရှိသည်။
ဤငလျင်သည် အနည်းဆုံး လူ ၂ ထောင်ကျော် သေဆုံးပြီး ၃,၄၀၀ ကျော် ဒဏ်ရာရကြောင်း၊ ထိုဂဏန်းများမှာ တိုးမြှင့်လာနိုင်ကြောင်း စစ်အစိုးရမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံတွင်လည်း ငလျင်လှုပ်ခါမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘန်ကောက်မြို့ရှိ ဆောက်လက်စ မိုးမျှော် အဆောက်အအုံတခု ပြိုကျခဲ့သည်။
ထိုင်း အာဏာပိုင်များက သောကြာနေ့ညအထိ လူ ၁၇ ဦး သေဆုံးပြီး လူများစွာ ထိခိုက်ဒဏ်ရာရသည့်အပြင် ၈၀ ကျော် ပြိုကျထားသော အုတ်ပုံကြီးများအောက်တွင် ပိတ်မိနေကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် စစ်အာဏာသိမ်းအပြီး စီးပွားရေးအကျပ်အတည်းတွင် ဖြတ်သန်းနေရသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းထားသည့် စစ်ကောင်စီအား ပြည်သူများက လက်နက်ကိုင်ကာ တိုက်ခိုက်လျက် ရှိသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားသည့် ရေလွှမ်းမိုးမှုကြီးကြောင့်လည်း နိုင်ငံ၏ စီးပွားရေးနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်အပြင် ထောင်ပေါင်းများစွာသော ပြည်သူများ နေရပ်စွန့်ခွာရခြင်း ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်မှ ဒီဇင်ဘာလထုတ်ပြန်ချက်အရ သိရှိရသည်။
“၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း ဈေးကွက်တွင် မြန်မာကျပ်ငွေသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်၍ ၄၀ ရာခိုင်နှုန်းတန်ဖိုး ကျဆင်းခဲ့သည်” ဟု ကမ္ဘာ့ဘဏ်က ဖော်ပြသည်။ “နောက်ပိုင်းတွင် ငွေလဲနှုန်း တဖြည်းဖြည်း တည်မြဲလာသော်လည်း ငွေဖောင်းပွမှုမှာ တည်ရှိဆဲဖြစ်ပြီး ယင်းသည် တိုက်ပွဲများနှင့် တိုင်ဖုန်းယာဂီက ပြည်တွင်းထောက်ပံ့ရေးစနစ်အပေါ် မတည်ငြိမ်မှုများ သက်ရောက်စေခြင်းကြောင့်ဖြစ်tသည်။

ပြည်တွင်းအခြေခံအဆောက်အအုံ အများအပြားသည် မတည်တံ့သည့် အခြေအနေနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နောက်ကျနေဆဲဖြစ်သည်။
“တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာပါက သို့မဟုတ် အခြား ပြင်းထန်သော သဘာဝဘေးအန္တရာယ်တခု ဖြစ်ပွားလာပါက နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမှာ လျော့နည်းသွားနိုင်သည်” ဟု ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ယခင် ဘဏ္ဍာနှစ်တွင် ၁ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ပြီးနောက် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) မှ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် သီးခြားအစီရင်ခံစာတခုအရ စစ်အာဏာသိမ်းပြီး လေးနှစ်အကြာ မြန်မာနိုင်ငံသည် စီးပွားရေးပြိုလဲမှု၊ တိုက်ပွဲများ ပြင်းထန်လာမှု၊ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်များနှင့် ဆင်းရဲမွဲတေမှု မြင့်လာမှုတို့ကြောင့် မကြုံစဖူး “စုပေါင်းအကျပ်အတည်း” (polycrisis) တခု”ကို ကြုံတွေ့နေရသည်။
“လက်ရှိ အနေအထားအတိုင်း ဆက်လက် ဖြစ်နေပါက ဆင်းရဲမှုနှုန်းမှာ ထပ်တိုးလာမည်၊ ရွှေ့ပြောင်းအခြေချမှု တိုးလာမည်၊ ပြည်တွင်းစီးပွားရေးမှာ တိုက်ပွဲများနှင့် အပြည်ပြည်ဆိုင်ရာ အထီးကျန်မှုများကြောင့် အထူး ရုန်းကန်ရမည်” ဟု UNDP က သတိပေးခဲ့သည်။
ကိုးကား။ ။ The National သတင်း Myanmar earthquake impact made worse by severe damage to critical infrastructure
You may also like these stories:
စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ
လူ့အသက်တွေ ကယ်ဖို့က ပိုအရေးကြီးတယ် (ရုပ်/သံ)
ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်
ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ
စစ်ကိုင်းမြို့က အပုပ်နံတွေနဲ့ တကယ့်မြို့ပျက်ကြီးဖြစ်သွားပြီ (ရုပ်/သံ)
ဒီနှစ် နေပြည်တော် စစ်ရေးပြအခမ်းအနားက မင်းအောင်လှိုင်အတွက် နောက်ဆုံးလား