မြန်မာ့ငြိမ်းချမ်းရေးအတွက် အပြီးတိုင် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းချက်သည်သာ ရှေ့ဆက်ရန် တခုတည်းသောလမ်းဖြစ်ကြောင်း ၆ ကြိမ်မြောက် ဘန်ကောက် ဘင်းမ်စတက် အစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ်က ရေရှည်တည်တံ့သော မည်သည့်ဖြေရှင်းချက်မဆို အားလုံးပါဝင်ပြီး ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲများဖြင့် စတင်ရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သလို ယင်းမှာ မြန်မာ့နိုင်ငံရေးအနာဂတ်အပေါ် အိန္ဒိယ၏ သဘောထားကို ရှင်းလင်းစွာ ညွှန်ပြခြင်းလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်အရ အိန္ဒိယသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးရန် မြန်မာနိုင်ငံရှိ မတူကွဲပြားသော သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်သည်။
ထို့ပြင် ဦးစားပေးကိစ္စရပ်များအဖြစ် နယ်စပ်ဖြတ်ကျော်ပြဿနာများ တိုက်ဖျက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု စင်တာများ ပိတ်သိမ်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
အခြေခံအဆောက်အအုံနှင့် ချိတ်ဆက်မှု စီမံကိန်းများ စီးပွားရေးကဏ္ဍတွင် ဝန်ကြီးချုပ် မိုဒီသည် အခြေခံ အဆောက်အအုံ စီမံကိန်းနှစ်ခု ပြီးမြောက်ရေးအတွက် ပံ့ပိုးမှုကို တောင်းဆိုခဲ့ပြီး ယင်းစီမံကိန်း ၂ ခုမှာ ကုလားတန် ဘက်စုံ သယ်ယူ ပို့ဆောင်ရေးစီမံကိန်း (KMMTP)နှင့် အိန္ဒိယ-မြန်မာ-ထိုင်း (IMT) ချိတ်ဆက်မှု စီမံကိန်းများ ဖြစ်သည်။
ယင်းစီမံကိန်းများသည် ဘင်္ဂလားပင်လယ်အော် နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဦးဆောင်ပေးသော BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံများ အားလုံး အကျိုးရှိစေရန် ရည်ရွယ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

တွေ့ဆုံမှုအတွင်း ဝန်ကြီးချုပ် မိုဒီသည် မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ များအတွက် ဝမ်းနည်းကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အိန္ဒိယမှ ဆက်လက် ပံ့ပိုးပေးသွားမည်ဟု ပြောခဲ့သည်။
BIMSTEC အစည်းအဝေး၌ ထိုင်းဝန်ကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်နှင့်အတူ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်နိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကာ ဒေသတွင်း စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
အစည်းအဝေးတွင် ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်သဘောတူစာချုပ် လက်မှတ်ရေးထိုးရေး၊ ပုံမှန်မဟုတ် သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေး၊ ပြည်သူချင်းထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး အပါအဝင် မြန်မာနှင့်ထိုင်းရှိ ငလျင်ဒဏ်ထိခိုက်မှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုတို့အား အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုနှင့် ကပ်ရောဂါများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းရေး ဒီဂျစ်တယ် ဆန်းသစ်တီထွင်မှုကဲ့သို့ ဒေသတွင်း အခြေခံအဆောက်အအုံ စီမံကိန်းကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ဒေသအတွင်း လူကုန်ကူးမှုနှင့် ဆိုက်ဘာရာဇဝတ်မှုကဲ့သို့ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်လည်း ထိုင်းနိုင်ငံက တောင်းဆိုခဲ့သည်။
အစည်းအဝေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” အဓိက ကတော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ငလျင်ပေါ့၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့သူတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့၊ ပြီးရင် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ အကူအညီတွေ ရရှိဖို့အတွက် ဆောင်ရွက် သွားမယ်ဆိုတာ ပြောခဲ့ပါတယ် ။ ပြီးရင် ဘင်းမ်စတက်အစည်းအဝေးမှာ ဆွေးနွေးရမှာတွေ ဆွေးနွေးခဲ့ပါတယ်။ ခြုံပြီးပြောရရင်တော့ သွားတဲ့ ရည်ရွယ်ချက်ရော လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ရော အောင်မြင်တယ်လို့ ပြောချင်ပါတယ် ” ဟု ဆိုသည်။
BIMSTEC ထိပ်သီးအစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးပါသော်လည်း မြန်မာပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်နေသော အာဏာသိမ်းစစ်ခေါင်းဆောင်အား ပါဝင်တက်ရောက်ခွင့်ပေးခဲ့ သည့်အတွက် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ထိုင်းတော်လွှတ်တော်တို့၏ ရှုတ်ချကန့်ကွက်မှုများဖြင့်ပါ ရင်ဆိုင် နေရသည်။
စစ်ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့်အပြင် ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်၌ပင် အပစ်ရပ် ကြောင်းကြေညာပြီး ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လုပ်နေသည့် မြန်မာစစ်ခေါင်းဆောင်အား ဖိတ်ကြားမှုသည် ထိုင်းနိုင်ငံ အပေါ် ထိခိုက်မှု ရှိလာနိုင်သောကြောင့် ထိုင်းဝန်ကြီးချုပ်အနေဖြင့် ထိုင်းနိုင်ငံ သံတမန်ရေးရာမူဝါဒကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးရန် ယမန်နေ့ ထိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်တဦးက မေးခွန်းထုတ်ခဲ့သည်။

အစည်းအဝေး တရားဝင် တက်ရောက်စေခြင်းဖြင့် မြန်မာစစ်ခေါင်းဆောင်အား သံတမန်ရေးအရ အသိအမှတ်ပြုတွန်းအား ဖြစ်စေခဲ့သော်လည်း တဖက်တွင် မြန်မာပြည်တွင်းပဋိပက္ခနှင့် အဓမ္မစစ်သားစုဆောင်းမှု စသည့် ကိစ္စရပ်များကြောင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကဲ့သို့ အကျိုးသက်ရောက်မှုရှိနေသော အိန္ဒိယနှင့်ထိုင်းတို့အနေဖြင့် စစ်ကောင်စီအပေါ် ဖိအားပေးဖြေရှင်းလိုသည့် စဉ်စားချက်မျိုးတွေ့ရကြောင်း ဖယ်ဒရယ်နိုင်ငံများဖိုရမ်ရုံး(Forum of Federations) Country Director ဦးဝင်းမင်းက ပြောသည်။
၎င်းက “ပြည်တွင်းပဋိပက္ခနဲ့ စစ်သားစုဆောင်းမှုတွေကြောင့် ဘေးနိုင်ငံတွေကိုလည်း များစွာသက်ရောက်မှုတွေ ရှိနေတယ်။ ဒါကိုအဖြေရှာနိုင်ဖို့ ဘယ်လိုဆောင်ရွက်သင့်လဲ စဉ်းစားတဲ့အခါမှာ အိန္ဒိယရော၊ ထိုင်းရော ပြင်ဆင်နေကြတာတွေရှိတယ်။ အဲဒီပြင်ဆင်မှုကနေ ဒီစစ်အာဏာရှင်ခေါင်းဆောင်တွေကို ဖိတ်လိုက်တယ်လို့ ပြောဆိုလို့ရနိုင်မလား၊ ဒီလိုမျိုးအဖြစ်အပျက် တွေကို လက်ခံလို့မရဘူး၊ ရှေ့ဆက်သွားလို့မရဘူးဆိုတဲ့ဟာတွေ ပြောဆိုပြီးတော့ ဖိအားပေးအဖြေရှာလို့ရမလားဆိုပြီး စဉ်းစားမှုမျိုး တွေ့ရတယ်” ဟု မှတ်ချက်ပြုသည်။
နိုင်ငံတကာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့ပဋိပက္ခနှင့်ပတ်သက်ပြီး ရေရှည်နိုင်ငံရေးအဖြေရှာနိုင်ရေးတွင် စစ်အုပ်စုသာမက ဒေသအလိုက်ရှိနေသည့် နိုင်ငံရေးအစုအဖွဲ့များ၊ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် နိုင်ငံရေးအစု အဖွဲ့များကိုပါ အသိအမှတ်ပြုကာ တွေ့ဆုံဆွေးနွေး အဖြေရှာရန်လိုအပ်ကြောင်းလည်း ၎င်းက ထောက်ပြသည်။
မြန်မာစစ်ခေါင်းဆောင်သည် အိန္ဒိယ၊ ထိုင်း၊ နီပေါ အပါအဝင် အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံများမှ ဝန်ကြီး ချုပ်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နီပေါဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ပြောဆိုခဲ့သည်။
You may also like these stories:
ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်
ယာယီအပစ်ရပ်ဟု ဆိုသော်လည်း စစ်ကြောင်းထိုး ဗုံးကြဲနေ
အစည်းအဝေးခေါ်တဲ့သူ သိက္ခာကျတာပေါ့ (ရုပ်/သံ)