သဘာဝ ဘေးအန္တရာယ် အရေးပေါ် သတိပေးချက်တွေ တိုက်ရိုက် ဖြန့်ဝေနိုင်ဖို့ အတွက် Apple က သူ့ရဲ့ မိုဘိုင်းလ် ကွန်ရက်သုံး သတင်းတို ပေးပို့မှု စနစ် (Cell Broadcast) ကို ထိုင်းနိုင်ငံမှာ အသုံးပြုဖို့ ဖွင့်ပေးမယ်လို့ ဆိုပါတယ်။
အဆိုပါ အစီအစဉ်ဟာ ထိုင်း သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး နဲ့ လျော့ပါးရေး ဌာန (DDPM) အနေနဲ့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေထံ အရေးပေါ် သတိပေးမှုတွေ တိုက်ရိုက်ပေးပို့ နိုင်ရေးအတွက် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ထုတ်လွှင့်ရေး နဲ့ ဆက်သွယ်ရေး ကော်မရှင် (NBTC) က ကြေညာခြင်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ် သတိပေးနိုင်မှု စွမ်းရည် ပိုမိုကောင်းမွန် တိုးတက်လာရေး ကြိုးပမ်းမှုရဲ့ တစိတ် တပိုင်း အဖြစ် အခု အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာလို့လည်း ဆိုပါတယ်။
DDPM ရဲ့တောင်းဆိုမှုကို Apple ဘက်က ကောင်းမွန်စွာ တုံ့ပြန်ခဲ့ပြီး စနစ် အသက်သွင်းမှုကို ၅ ရက် အတွင်း ပြီးမြောက် စေမယ်လို့ ကတိပြုခဲ့ကြောင်း NBTC ရဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူးနဲ့ ယာယီ အထွေထွေအတွင်းရေးမှူး ဖြစ်သူ Trairat Viriyasirikul က ပြောဆိုပါတယ်။
အဲဒီ သတင်းတို ပေးပို့မှု (SMS) သတိ ပေးချက်တွေကို နှစ်ပတ်အတွင်း စတင်မယ်လို့လည်း သိရပါတယ်။
Cell Broadcast စနစ်ဟာ 4G နဲ့ 5G ကွန်ရက်တွေကို အသုံးပြုပြီး တနာရီ အတွင်း စာတို အစောင်ရေ သန်း ၃၀ ပို့နိုင်မှာ ဖြစ်တဲ့ အတွက် နိုင်ငံရဲ့ အရေးပေါ် ဆက်သွယ်ရေး အခြေခံ အဆောက်အဦကို သိသိသာသာ အားကောင်း လာစေမယ်လို့ ဆိုပါတယ်။
“SMS က သဘာဝ ဘေးအန္တရာယ် သတိပေးချက် အတွက် ဖန်တီးထားတာ မဟုတ်ပါဘူး။ အခြေခံအားဖြင့် စီးပွားရေး အတွက် အသုံးပြုဖို့ပါ။ မကြာခင်က ငလျင်လိုမျိုး ကပ်ဘေးဖြစ်တဲ့ အခါ ပိုမို အားကောင်းပြီး လျင်မြန်တဲ့ စနစ်တခု လိုပါတယ်။ ဒါကြောင့် တခြား စနစ်တွေ အပြင် Cell Broadcast စနစ်တွေကိုပါ အကောင်အထည် ဖော်တာပါ” လို့ Trairat က ပြောပါတယ်။
Apple ရဲ့ Cell Broadcast စနစ်အပြင် လက်ရှိမှာ အသုံးပြုသူ ၂ သိန်းခန့်ထိ Reach ရောက်နေတဲ့ LINE ALERT သတိပေး စနစ်ကိုလည်း ချဲ့ထွင်နေတယ်လို့ NBTC က ဆိုပါတယ်။
ဒါ့အပြင် သီးသန့် အမျိုးသား သဘာဝ ဘေးအန္တရာယ် သတိပေး တယ်လီဗေးရှင်း ချန်နယ် ကိုလည်း စတင်နေတယ်လို့ သိရပါတယ်။
ငလျင်နဲ့ ပတ်သက်တဲ့ အဆောက်အအုံ ထိခိုက်မှုတွေကို သတင်း ပေးပို့နိုင်မယ့် Hotline – 1531 ကို တည်ထောင် ထားတယ် လို့လည်း သိရပါတယ်။
မြေပြင် တယ်လီဗေးရှင်း ကွန်ရက်တွေကနေ တဆင့် ကြိုတင် သတိပေးတဲ့ စနစ်တွေ (MUX) ကို အကောင်အထည် ဖော်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အတွက် အစည်းအဝေးကို ဧပြီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ NBTC က ပါမောက္ခ ဒေါက်တာ Pirongrong Ramasoot က ပြောဆိုပါတယ်။
အဆိုပါ စနစ်ဟာ TV channel ထုတ်လွှင့်မှုတွေကို ချက်ချင်း ကြားဖြတ်ပြီး အရေးပေါ်သတိပေးချက်တွေ ပြသနိုင်မယ်လို့ သိရပါတယ်။
MUX စနစ်ဟာ အသုံးပြုသူတွေထံ ကြေညာချက်တွေနဲ့ စာတိုတွေကို ကြည့်ရင်း သတိပေးချက်တွေကို ပို့ပေးနိုင်ပြီး အရေးပေါ်ကိစ္စတွေမှာ လူထုကို အသိပေးနိုင်ဖို့ Cell Broadcast နဲ့ SMS စနစ်တွေက ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ Pirongrong က ဆိုပါတယ်။
Air Marshal Dr Thanapant Raicharoen ၊ ပါမောက္ခ ဒေါက်တာ Pirongrong Ramasoot နဲ့ လက်ထောက် ပါမောက္ခ ဒေါက်တာ Supachai Supachalasai တို့ပါဝင်တဲ့ NBTC ဘုတ်အဖွဲ့ဟာ အရေးပေါ်ဆက်သွယ်ရေး သတိပေးချက် စနစ် အကောင်အထည် ဖော်မှု စနစ်နဲ့ ပတ်သက်လို့ နှောင့်နှေးမှုတွေကို လေ့လာ အဖြေရှာဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ညွှန်ကြားမှုဟာ အရေးပေါ်ကာလမှာ အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို ပြည်သူတွေထံ လျင်မြန် ထိရောက်စွာ ဖြန့်ဝေနိုင်ဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
Ref : The Nation