မြန်မာ နဲ့ ထိုင်းက ငလျင်ဘေးသင့် ဒေသတွေဆီ အမေရိကန် ဒေါ်လာ ၅ သိန်းကျော် တန်ကြေးရှိ Crypto တွေလည်း လှူဒါန်းမှု ရှိလာပါတယ်။
ကမ္ဘာ့ဦးဆောင် Cryptocurrency Exchange ဖြစ်တဲ့ Binance ရဲ့ ပူးတွဲ တည်ထောင်သူ Changpeng CZ Zhao က အဓိက လှူဒါန်းခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ Blockchain အခြေပြု အရေးပေါ် လှူဒါန်းမှုတွေရဲ့ အသုံးဝင်မှု ကြီးထွားလာနေတာကို ဖော်ပြနေတယ် လို့လည်း ဆိုပါတယ်။
Changpeng CZ Zhao ဟာ အမေရိကန် ဒေါ်လာ ၆ သိန်း နီးပါး တန်ကြေး ရှိတဲ့ BNB Token 1000 (လက်ရှိ ပေါက်ဈေး – 1 BNB = $598.95) ကို ငလျင် ဘေးသင့် ဒေသတွေဆီ ဧပြီလ ၃ ရက်နေ့က လှူဒါန်းခဲ့ခြင်း ဖြစ်တယ်လို့ Blockchain Data ဖော်ပြချက်အရ သိရပါတယ်။
“မြန်မာ နဲ့ ထိုင်း အတွက် BNB 1000 ပို့ ပေးလိုက်တယ်” လို့ Zhao က X လူမှု ကွန်ရက်မှာလည်း ရေးသားခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျု ရှိတဲ့ ငလျင်ကြောင့် မြန်မာ နဲ့ ထိုင်း နိုင်ငံတို့မှာ ဆိုးရွားတဲ့ ပျက်စီး ဆုံးရှုံးတွေ ကြုံတွေ့ခဲ့ရပြီးနောက် Crypto လှူဒါန်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကူညီ ကယ်ဆယ်ရေး အတွက် ၅၀၀ BNB လှူဒါန်းမယ်လို့ ကတိ ပေးခဲ့ပြီးနောက် တပတ်ခန့် အကြာမှာ ကနဦး ပြောဆိုမှုရဲ့ နှစ်ဆ ဒေါ်လာ ၆ သိန်း နီးပါးဖိုး လှူဒါန်းခဲ့တာပါ။
ငလျင်ဘေးသင့် ဒေသတွေမှာ အခြေခံ အဆောက်အဦတွေ ထိခိုက် ပျက်စီးသွားတာကြောင့် ဘဏ်စနစ် ချို့ယွင်းမှုတွေ ကြုံတွေ့ နေရချိန်မှာ Crypto အခြေပြု လှူဒါန်းမှုတွေက အရေးပါတဲ့ အရာတခု ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
Crypto ကြွယ်ဝမှု မြင့်တက်လာခြင်း နဲ့ နိုင်ငံရေး အခြေခံတို့ကြောင့် ၂၀၂၅ ခုနှစ်မှာ Crypto လှူဒါန်းမှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှု တန်ဖိုးတွေ မြင့်တက်လာခြင်းနဲ့ Crypto စည်းမျဉ်းစည်းကမ်းတွေ ပိုမို ရှင်းလင်းလာတာကြောင့် Crypto လှူဒါန်းမှုတွေဟာ ၂၀၂၄ တုန်းက ဒေါ်လာ ၁ ဘီလျံကျော် အထိ ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။
အဆိုပါ လှူဒါန်းမှုတွေထဲက ၁၆ ရာခိုင်နှုန်း ခန့်ဟာ ပညာရေး နယ်ပယ် နဲ့ ၁၄ ရာခိုင်နှုန်း ခန့်ဟာ ဆေးဝါး နဲ့ ကျန်းမာရေး ကြိုးပမ်း အားထုတ်မှုတွေဆီ လှူဒါန်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ နဲ့ ထိုင်း ရဲ့ ပျက်စီး ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေ အတွက် ဒေါ်လာ ၅ သိန်း အထိ ရရှိဖို့ ရည်ရွယ်တဲ့ Crypto အခြေပြု အရေးပေါ် ကူညီ ကယ်ဆယ်ရေး ကြိုးပမ်းမှုတခုကို The Giving Block ကလည်း စတင်ခဲ့သေးတယ် လို့ သိရပါတယ်။
Crypto လှူဒါန်းမှုတွေက ပုံမှန် လှူဒါန်းမှု ပုံစံတွေထက် ဆန်းသစ်တဲ့ အားသာချက်တွေ ပေးစွမ်းနိုင်တယ်လို့ စာရေးဆရာနဲ့ Blockchain ကျွမ်းကျင်သူ Anndy Lian က ပြောဆိုပါတယ်။
အချိန်နဲ့အမျှ အရေးကြီးနေတဲ့ အရေးပေါ်ကိစ္စတွေမှာ ဘဏ် နဲ့ ကြားခံစနစ်တွေရဲ့ နှောင့်နှေးမှုတွေကို ကျော်လွန်ပြီး Blockchain ကွန်ရက်တွေမှာ အလွှဲအပြောင်း ကိစ္စတွေကို မိနစ်ပိုင်းအတွင်း ပြီးမြောက် စေနိုင်တယ်လို့လည်း ဆိုပါတယ်။
အခြေခံ အဆောက်အဦတွေ ထိခိုက် ပျက်စီးသွားတဲ့ မြန်မာ နဲ့ ထိုင်းလို ငလျင် ဘေးသင့်ဒေသတွေမှာ Crypto တွေက လက်ခံသူဆီ Digital Wallets တွေကတဆင့် တိုက်ရိုက် ရောက်ရှိနိုင်ပြီး SWIFT code တွေ၊ Wire transfers တွေ မလိုအပ်ဘူး လို့လည်း Lian က ရှင်းလင်း ပြောဆိုပါတယ်။
Lian ဟာ မြန်မာ နဲ့ ထိုင်း အတွက် Crypto ၄၄ BNB လှူဒါန်းခဲ့သေးကြောင်းလည်း သိရပါတယ်။
Ref: Cointelegraph