မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်လှုပ်ချိန်မှာ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နေပြည်တော်က သူ့ရုံးမှာ ရှိနေတယ်။
သူ့ကိုယ်သူ ကာကွယ်ဖို့ စားပွဲအောက် တဝက် နေရာယူထားရတယ်လို့ စစ်ခေါင်းဆောင်က နောက် ၄ ရက်အကြာ ငလျင်ဘေးသင့်သူတွေအတွက် အလှူငွေလက်ခံပွဲမှာ သူပြောပါတယ်။
နောက်တော့ သူ့လုံခြုံရေးအဖွဲ့က သူ အပြင်မှာနေဖို့ အကြံပေးလို့ အပြင်မှာ တနာရီလောက် နေရတယ်လို့ သူပြောတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အဲဒီလို အေးအေးဆေးဆေးနေတဲ့ တနာရီအတွင်းမှာ မြန်မာက ဒုတိယ အကြီဆုံးမြို့ မန္တလေးနဲ့ စစ်ကိုင်းဟာ ငရဲသဖွယ်ဖြစ်နေပြီး သေဆုံး ဒဏ်ရာရသူတွေ အုတ်ကျိုးအုတ်ပဲ့တွေအောက်မှာ ပိတ်မိနေပါတယ်။

ငလျင်ဟာ မင်းအောင်လှိုင်ထိန်းချုပ်မှုအောက်မှာ တိုက်ရိုက်ရှိတဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာလည်း ကျယ်ပြန့်တဲ့ အပျက်အစီးတွေ ဖြစ်စေတယ်။ ဒေသခံတွေအဆိုအရ အစိုးရအဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေ၊ ဆည်တွေ၊ တိုက်ခန်းတွေနဲ့ အခြားအစိုးရအဆောက်အအုံတွေ ပျက်စီးပြီး ရာပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ပါတယ်။
တနိုင်ငံလုံးက သေဆုံးမှုနှုန်း ဆက်လက်မြင့်တက်နေပြီး တနင်္ဂနွေနေ့ ညနေအထိ ၃၅၆၄ ဦး ရှိပါတယ်။
စစ်ကောင်စီဟာ နေပြည်တော်က ထိခိုက်ပျက်စီးမှုကို ထုတ်ဖေါ်ပြောဖို့ ကနဦးမှာ ငြင်းဆန်ပေမယ့် အဲဒီနေ့မှာပဲ စစ်ခေါင်းဆောင်က လွှတ်တော်သွားကြည့်ပြီး အပျက်အစီးကြီးမားကြောင်း ဝန်ခံတယ်။ ငလျင်လှုပ်ပြီး တပတ်အကြာ သောကြာနေ့မှာတော့ နေပြည်တော်မှာ သေဆုံးမှု ၅၁၁ ဦးရှိပြီး မန္တလေးက သေဆုံးမှု ၂၀၅၃ ဦးပြီးရင် ဒုတိယ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီကြေညာပါတယ်။

နေပြည်တော်က အစိုးရရုံးတွေလည်း အကြီးအကျယ်ပျက်စီးပါတယ်။
မတ်လ ၃၀ ရက်နေ့ ASEAN နိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက ပျက်စီးနေတဲ့ ရုံးပြင်ပမှာရိုက်ထားတဲ့ ဓာတ်ပုံတပုံထုတ်ပြန်ပါတယ်။ အဲဒီပုံမှာ ဝန်ကြီးဌာနအဆောက်အအုံတွေ တစိတ်တပိုင်း ပျက်စီးနေတာကို ပြသထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အခြားပုံတွေမှာ အရာရှိတွေက တရုတ်သံအမတ်နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးဌာနဝင်းထဲက ယာယီတဲတခုမှာ လက်ခံတွေ့ဆုံတာကို ပြသထားပါတယ်။
တာဝန်အရှိဆုံးဖြစ်တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီလည်း ငလျင်အတွင်း ရုံးခန်းဆုံးရှုံးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝင်းထဲက ယာယီတဲမှာ အစည်းအဝေးပြုလုပ်ရပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သူ့လက်ထောက် ဦးမောင်အေး၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း ဦးတင်အေး အပါအဝင် စစ်တပ်ထိပ်တန်းပုဂ္ဂိုလ်တွေနေတဲ့ ခြောက်လုံးတန်းလည်း အကြီးအကျယ်ပျက်စီးတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
“ခြောက်လုံးတန်းလည်း ပျက်စီးတယ်။ ဒါပေမယ့် မျက်နှာကျက်၊ တိုင်တွေနဲ့ လသာဆောင်တွေ ပျက်စီးတယ်” လို့ ဝန်ကြီးတယောက်ရဲ့ဝန်ထမ်းတယောက် ဧရာဝတီကိုပြောပါတယ်။ “ထိခိုက် သေဆုံးတာတော့ မကြားဘူး” လို့လည်းပြောပါတယ်။
အဲဒီသတင်းတွေကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
သေချာတာကတော့ ငလျင်ပြီး မကြာမီ လူမှုကွန်ရက်မှာတင်တဲ့ သမ္မတရုံးဓာတ်ပုံတွေမှာ မျက်နှာကျက်၊ နံရံတွေနဲ့ ပျက်စီးနေတဲ့ မီးဆိုင်းတွေကို ပြသထားပါတယ်။
မင်းအောင်လှိုင်ရဲ့အကြံပေးတဦးဖြစ်တဲ့ ဒေါ်ရင်ရင်နွယ် က Facebook မှာ “စားပွဲအောက်ဝင်နေရတယ်။ အရမ်းကြမ်းတယ်။ နည်းနည်းငြိမ်လာတော့မှ လက်တော့ကွန်ပျူတာကို ယူပြီး အပြင်ကို ထွက်ပြေးရတယ်” လို့ ရေးပါတယ်။

စစ်ရုံးထဲက အဆောက်အအုံအများအပြားလည်း ပျက်စီးတယ်လို့ ဝန်ကြီးတယောက်ရဲ့ဝန်ထမ်း ပြောပါတယ်။
“လူနေအဆောက်အအုံနဲ့ ဝန်ထမ်းလိုင်းခန်းတွေ အမျာအပြားလည်း ပျက်စီးတယ်” လို့ သူပြောပါတယ်။
သောကြာနေ့နဲ့ စနေနေ့မှာ ဆေးရုံကို အလောင်း ၂၅၀ လောက်ရောက်လာလို့ နေပြည်တော်မှာ သေဆုံးမှု ၄၀၀ ကနေ ၅၀၀ အထိ ရှိမယ်လို့ သူခန့်မှန်းပါတယ်။
လူကုံထံရပ်ကွက်တွေမှာတောင် စစ်ကောင်စီက ထိရောက်တဲ့ ကူညီကယ်ဆယ်ရေး မလုပ်နိုင်ဘဲ ဝန်ထမ်းတွေနဲ့ မိသားစုတွေဟာ ခရေအိမ်ရာနဲ့ ဇဗ္ဗူသီရိမြို့နယ်က အခြားဝန်ထမ်းအိမ်ရာ အပျက်အစီးတွေအောက်မှာ မြုပ်နေခဲ့ပါတယ်။
ပျက်စီးတဲ့နေရာတွေကို စစ်ကောင်စီအရာရှိတွေလာပေမယ့် ဘာအကူအညီမှ မပေးဘူးလို့ နေပြည်တော် ဝန်ထမ်းတဦးပြောပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Maung Kavi ၏ Myanmar Earthquake Didn’t Spare Naypyitaw’s Elite Enclaves ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား
မြန်မာစစ်တပ်ကြီး စွမ်းသေးရဲ့လား
ငလျင်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူများ ဘဝပျက်နေသည်
ငလျင်ကယ်ဆယ်ရေးမှာ ဓာတ်ပုံရိုက်ခံနေတဲ့ စစ်တပ် (ရုပ်/သံ)
သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)
စစ်တပ်ကို ပေးရင် ပြည်သူ ဆယ်ရာခိုင်နှုန်း ရရင် ကံကောင်း (ရုပ်/သံ)